Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2712

အ‌လေးထား‌ဖော်‌ဆောင်ရမည့် မီးခိုးတိတ် စီးပွား‌ရေး

စီးပွား‌ရေးနယ်ပယ်တွင် ဟိုတယ်နှင့် ခရီးသွားလာ‌ရေးလုပ်ငန်းကို “မီးခိုးတိတ် စီးပွား‌ရေး”ဟု တင်စား‌ခေါ်‌ဝေါ်‌လေ့ရှိသည်။ အဘယ်‌ကြောင့်ဆို‌သော် ယင်းလုပ်ငန်းသည် အခြားအခြား‌သော စက်မှုအ‌ခြေခံ စီးပွား‌ရေးလုပ်ငန်းများဖြစ်သည့် စက်ရုံ၊ အလုပ် ရုံများကဲ့သို့ မီးခိုးတလူလူ မထွက်ဘဲ စီးပွားဖြစ်နိုင်ခြင်းကို တင်စား‌ခေါ်ဆိုသည်ဟု ‌ယေဘုယျအားဖြင့် မှတ်ယူကြသည်။

ကရင်ပြည်နယ်အတွင်း၌ သဘာဝတရားကို အ‌ခြေခံ၍ ခရီးသွားလုပ်ငန်းကို ‌ဖော်‌ဆောင်သင့်သည်ဟုလည်း မြန်မာနိုင်ငံ၊ ရင်းနှီး မြှုပ်နှံမှု ‌ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးဦး‌ကျော်ဝင်းက နိုဝင်ဘာ ၂၄ရက်၊ ဖားအံမြို့ ၌ ပြုလုပ်ခဲ့သည့် ပြည်နယ်ရင်းနှီးမြုှပ်နှံမှုပြပွဲတွင် တိုက်တွန်း‌ပြောဆိုခဲ့သည်။ ပြည်နယ်ထဲတွင် ဟိုတယ်နှင့် ခရီးသွားလာ‌ရေး၊ စွမ်းအင်နှင့်လျှပ်စစ်၊ ပို့‌ဆောင်ဆက်သွယ်‌ရေး၊ သဘာဝသယံဇာတနှင့် ဓာတ်သတ္တုတူး‌ဖော်‌ရေး အခွင့်အလမ်းများ၊ စိုက်ပျိုး‌ရေး နှင့် ဖွံ့ဖြိုး‌ရေးဆိုင်ရာလုပ်ငန်းများကို လာ‌ရောက်လုပ်‌ဆောင်ရန် ပြည်နယ်အစိုးရကလည်း အဆိုပါပြပွဲ၌ ဖိတ်‌ခေါ်ထားသည်။

ကရင်ပြည်နယ်သည် သဘာဝအလှတရားများစွာဖြင့် ပြည့်နှက်‌နေပြီး မီးခိုးတိတ် စီးပွား‌ရေးလုပ်ငန်းအတွက် အလားအလာ ‌ကောင်းများ ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်‌ပေသည်။ ရှုမငြီးနိုင်သည့် ‌တောင်စွယ်၊ ‌တောင်တန်းများ၊ သဘာဝ ထုံး‌ကျောက်လှိုဏ်ဂူ ကြီးများ၊ ‌အေးမြကြည်လင်၍ မာန်အသွင်သွင်ဖြင့် တရှိန်ထိုး စီးဆင်းသွားသည့် ‌ရေတံခွန်များ၏ သဘာဝအလှများကို ပိုင်ဆိုင် ထား‌သေးသည်။ ထို့အပြင် ‌ရှေးယခင်ကတည်းက ဘိုးဘွားမိဘများ၏ ရိုးရာယဉ်‌ကျေးမှုအတိုင်း လက်ရှိအချိန်ထိ ‌နေထိုင်သည့် ကရင်တလာကူးမျိုးနွယ်စုရွာများကိုလည်း ‌လေ့လာလည်ပတ်ချင်စရာ တည်ရှိ‌နေသည်။

ထို့အပြင် သွားလာ‌ရေးအရ ပြည်နယ်မြို့‌တော် ဖားအံဆိုလျှင် တိုင်းပြည်လူဦး‌ရေ ၁ဝရာခိုင်နှုန်းရှိ‌သော လူ ၅သန်း‌ကျော် ‌နေထိုင် သည့် ရန်ကုန်မြို့နှင့် ၆နာရီခရီးသာ သွား‌ရောက်နိုင်သလို အိမ်နီးချင်း ထိုင်းနိုင်ငံနယ်စပ်သို့လည်း တစ်ရက်တာအတွင်း သွားလာ နိုင်သည့် ခရီးလမ်းများရှိသည့်အတွက် အလွယ်တကူ လည်ပတ်ကာ အပန်း‌ဖြေနိုင်ကြသည်။ ပြည်နယ်အတွင်းသို့ နိုင်ငံခြားခရီး သွားများ ဝင်‌ရောက်မှုမှာ တရှိန်ထိုး တက်လာ‌နေပြီး လွန်ခဲ့သည့် ၂၀၁၃ခုနှစ်က ‌လေး‌သောင်း‌ကျော် ဝင်‌ရောက်ခဲ့ရာမှ ၂၀၁၆ခု နှစ်တွင် လာ‌ရောက်လည်ပတ်သူ လူဦး‌ရေ အ‌ရေအတွက်မှာလည်း တစ်သိန်းခွဲအထိ တိုးလာသည်။ အဆိုပါ နိုင်ငံခြားသားများ ပြည်နယ်အတွင်းသို့ လာ‌ရောက်လည်ပတ်စဉ် တစ်ဦးလျှင် အနည်းဆုံး ‌ဒေါ်လာ ၅ဝခန့်သုံးစွဲပါက ‌ဒေါ်လာ ၇သန်းခွဲထိ အသုံး စရိတ်ရှိမည်ဖြစ်ပြီး ကြီးမားသည့် ‌ဈေးကွက်တခုအဖြစ် တည်ရှိ‌နေ‌ပေမည်။

သဘာဝသယံဇာတများ ‌ပေါကြွယ်ဝသည့် မြန်မာနိုင်ငံထဲတွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများက သဘာဝအရင်းအမြစ် သယံဇာတ ထုတ်ယူ‌ရေးကိုသာ စိတ်ဝင်တစား လုပ်ကိုင်လို‌နေကြသည်။ လတ်တ‌လောတွင် ကရင်ပြည်နယ်အတွင်း၌လည်း လျှပ်စစ်စွမ်း အားထုတ်ယူရန် ‌ကျောက်မီး‌သွေးစက်ရုံ၊ ‌ရေကာတာစီမံကိန်းများ လာ‌ရောက်လုပ်ကိုင်ရန် စိုင်းပြင်း‌နေကြသည်။ သို့‌သော် သယံဇာတ ထုတ်ယူသည့် စီးပွား‌ရေးလုပ်ငန်း၊ အကြီးစားစီမံကိန်းလုပ်ငန်းများသည် သဘာဝ‌တော‌တောင်‌ရေ‌မြေအလှကို ပျက်စီး‌စေရုံမျှမက အခြား‌သောဆိုးကျိုးများစွာ ရှိ‌သေးသည်။ ထို့အပြင် စီမံကိန်းဆိုးကျိုးများကို ကာကွယ်ရန် ဥပ‌ဒေပိုင်းဆိုင်ရာ၊ ‌စောင့်ကြည့်‌လေ့လာ‌ရေးဆိုင်ရာ ‌ဒေသခံများ၏ နားလည်လက်ခံမှု၊ ပူး‌ပေါင်းပါဝင်မှု စသည့်အ‌ခြေခံပိုင်းများလည်း အားနည်း‌နေ ‌သေးသည်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဟု ဆိုရာဝယ် နိုင်ငံ‌ရေး အ‌ပြောင်းအလဲ ကြားကာလအချိန်၌ ‌ဒေသဖွံ့ဖြိုး‌ရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးများလာ‌အောင် အစိုးရအ‌နေဖြင့် ‌ဖော်‌ဆောင်‌နေသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကလည်း သယံဇာတအရင်းအမြစ်ပိုင်းတွင်သာ ပိုမို အာရုံစိုက်လျှက်ရှိသည်။ ထို့အတွက် အားသာချက်များစွာရှိသည့် ဟိုတယ်၊ ခရီးသွား လုပ်ငန်းမှာ တိုးတက်သင့်သ‌လောက် မတိုးတက်‌သေးဘဲရှိ‌နေရာ သဘာဝကိုမထိခိုက်ဘဲ တီထွင်ဖန်တီးထိန်းသိမ်းနိုင်မည့် ပြည် နယ်နှင့် အသင့်‌တော်ဆုံး မီးခိုးတိတ်စီးပွား‌ရေးများနှင့်သာ စတင် အားစိုက် ‌ဖော်‌ဆောင်သွားသင့်‌ပေသည်။