နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လွန်းညထုံးကျောက်တောင်တွင် ကုမ္ပဏီများမှ ကျောက်ထုတ်လုပ်မည့်စီမံကိန်း အစီအစဉ် ကို သဘောမတူသည့်အတွက်
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ လွန်းည ဒေသခံများမှ ကန့် ကွက်စာတင်လိုက်သည်ဟု သိရသည်။
လွန်းညတောင်တွင် ကျောက်ထုတ်လုပ်ရန်အတွက် ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီ၊ လွန်းညကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ သံဃာကိုယ်စားလှယ်များက ဒေသခံသဘောထားမပါဘဲ သဘောတူ လက်မှတ်ရေးထိုးထားသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် အဆိုပါကိစ္စများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် စာတင်ခြင်းလည်းဖြစ်သည်ဟု လွန်းညတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု ကော်မတီ ဥက္ကဌ စောခိုက် ခိုက်က ပြောသည်။
၎င်းက“ကျနော်တို့ပြည်သူတွေက ကျောက်ထုတ်လုပ်တာ လုံးဝလက်မခံတော့ဘူး။ ကုမ္ပဏီတွေက ကျနော်တို့ ဒေသခံအား လုံးဝခွင့်ပြုချက်မယူဘူး။ လက်မှတ်ထိုးထားတဲ့ဟာလဲ ကျနော်တို့ ဒေသခံကိုယ်စားပြုတာ မဟုတ်ဘူး။ ကျနော်တို့လူထုက ဒီစီမံကိန်းကို ကန့်ကွက်တယ်။ ပြည်နယ်အစိုးရဖြေရှင်းပေးဖို့ စာတင်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကျောက်ထုတ်လုပ်ရာလွန်းညတောင်တွင် သမိုင်းဝင်ရှေးဟောင်း စေတီပုထိုးများနှင့် တောင်ခြေတွင် ခရီးသွားဧည့်သည် လည်ပတ်သည့် လွန်းညရေပြာအိုင်ရှိနေပြီး ရှေးဟောင်း အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးရေးအတွက် လွန်းညရွာ၊ တံတားဦးရွာ၊ ကော့ခေရွာနှင့် အိန္ဒုစံပြကျေးရွာများမှ လူဦးရေ ၉၀ဝ ကျော်၏ ကန့်ကွက်လက်မှတ်ဖြင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်စာတင်ပြခြင်းဖြစ်သည်ဟုလည်း သိရသည်။
လတ်တလော ကျောက်ထုတ်လုပ်သည့်နေရာအနီးတွင် ကျောက်မိုင်းခွဲမှုကြောင့် ဒေသခံနေအိမ်များ အက်လာခြင်း၊ သောက်ရေတွင်းပြိုခြင်းနှင့် လယ်မြေပျက်စီးမှုများဖြစ်ပေါ်နေသည့်အတွက် လူထုအတွက်အန္တရာယ်ရှိလာနိုင်သည့် ကျောက်ထုတ်လုပ်သည့် စီမံကိန်းအား ဆက်လုပ်ခွင့်မပေးရေးပြည်နယ်အစိုးရမှ မဖြေရှင်းပေးနိုင်ပါက နိုင်ငံတော် သမ္မတအထိ စာတင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၂ရက်) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေသခံများက ပြောဆိုသည်။
ထို့အပြင် ဒေသခံများ သဘောထားမယူဘဲ ယခု အဆိုပါတောင်ခြေတွင် ကျောက်ထုတ်သည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ် သည့် (C.R.B.C) China Road and Bridge Corporation မှ ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ပူးပေါင်းပြီး မြေတူးစက်များ၊ ကျောက်ခွဲစက်များ၊ ကတ္တရာဖျော်စက်များနှင့် အခြားပစ္စည်းများပါရှိသည့် ကွန်တိန်နာ၊ သေတ္တာများ နေရာ ချပြင်နေပြီဖြစ်ကြောင်းလည်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။
၎င်းကန့်ကွက်စာအပေါ် ပြည်နယ် ပတ်ဝန်းကြီးထိန်းသိမ်းရေး၊ သစ်တော/ သတ္တုနှင့် လမ်းပန်းဝန်ကြီးဌာန ဝန်ကြီး ဦးစောပြည်သာက “ အဲဒီကိစ္စက
ကျနော်အသေးစိတ်တော့ မသိဘူး။ လမ်းခင်းကျောက်ကျတော့ ထွေအုပ် (ပြည်နယ်ထွေအုပ်)က ကိုင်တယ်လေ။ ကျနော်လည်း ဒီနေ့ မမေးဖြစ်သေးဘူး။ သတ္တုတွင်းဆို ကျနော်က ကိုင်တယ်လေ။ ကျောက်ထုတ်လုပ်ခွင့်ကတော့ ထွေအုပ်က ကိုင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့နောက် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသော်တာငြိမ်းအား ကေအိုင်စီ-ကရင်သတင်းဌာနမှ သုံးကြိမ် ထက်မနည်း ခေါ်ဆို ဆက်သွယ်ရာတွင် ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။
လွန်းညတောင်ခြေတွင် ဒေသခံနှင့် အခြားပုဂ္ဂလိကကျောက်ထုတ်လုပ်သည့် ကျောက်မိုင်းတွင်း ၂၃ တွင်း ရှိပြီး ၎င်းကျောက်မိုင်းတွင်းများအား ယခုနှစ်ကုန်တွင် ပိတ်သိမ်းရတော့မည်ဖြစ်သော်လည်း ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီမှ ကရင်လက်နက်ကိုင် ၄ ဖွဲ့ တပ်မိသားစု စားဝတ်နေရေးအတွက်ဟုဆိုကာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်သည့် လွန်းညတောင် ကျောက်ထုတ်လုပ်သည့်ကိစ္စ သတင်းစာရှင်းလင်းပွဲမှ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
လွန်းညဒေသခံများအနေဖြင့် ကျောက်ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအပေါ် စိုးရိမ်မှုမြင့်တက်နေသည့် အချိန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က အဆိုပါ တောင်ခြေရှိ ကျောက်မိုင်း ထုတ်လုပ်ရာ နေရာများအားသွား ရောက်ကြည့်ရှုသူ လွန်းညဒေသခံများကို အမည်မသိ လက်နက်ကိုင်များမှ သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်မှုများဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။



















