Home သတင်း မင်းလွင်‌တောင်ကို စမ်းသပ်ခြင်းနှင့် ‌လေ့လာခြင်းဆက်လုပ်ရန် သက်တမ်းတိုး‌ပေး‌ကြောင်း ထုတ်ပြန်

မင်းလွင်‌တောင်ကို စမ်းသပ်ခြင်းနှင့် ‌လေ့လာခြင်းဆက်လုပ်ရန် သက်တမ်းတိုး‌ပေး‌ကြောင်း ထုတ်ပြန်

3297

နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မင်းလွင်‌တောင်‌ဒေသအတွင်း ‌ဒေသခံများ၏ သ‌ဘောထားဆန္ဒမပါဘဲ ဓာတ်သတ္တုစမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်‌မြောက်နိုင်စွမ်း‌လေ့လာခြင်းတို့ကို တ‌ပေါင်းတည်းလုပ်ကိုင်ရန် နိုဝင်ဘာ ၂၃ ရက်‌နေ့က သထုံမြို့နယ် ဒု အုပ်ချုပ်‌ရေးမှူး(ကိုယ်စား)လက်မှတ်ဖြင့် ဖြူမင်းထွန်းကုမ္ပဏီအား သက်တမ်းတိုးခွင့်ပြုမိန့်ထုတ်ပြန်ခဲ့သည်ဟု မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့ ဒု-ဥက္ကဌ ‌နော်သန်းစိန်က “ဒီသက်တမ်းတိုး ခွင့်ပြု ချက်စာကို ကျမတို့ ရရှိထားပါတယ်။ လူထုဆန္ဒမပါဘဲ ဘာ‌ကြောင့် ခွင့်ပြုလဲ ကျမနားမလည်ပါဘူး။ ဒါဟာ ကျမတို့ ‌ဒေသခံ‌တွေရဲ့ သ‌ဘောထားကို မ‌လေးစားဘူးလို့ ဆိုရမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း တည်ရှိသည့် မင်းလွင်‌တောင်သည် ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်‌မြေထဲတွင်တည်ရှိသည့်အတွက် ယခုလို သက်တမ်းတိုးခြင်းအ‌ပေါ် ‌ကေအဲန်ယူအ‌နေဖြင့် ‌ဒေသခံဘက်မှ ရပ်တည်၍ ပါဝင်‌ဆောင်ကူညီ‌ပေး‌စေလို‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။

သထုံမြို့နယ် ဒု-အုပ်ချုပ်‌ရေးမှူး လက်မှတ်ဖြင့် ပါရှိ‌သော ၎င်းစာကို ပိန္နဲ‌တောအုပ်ချုပ်‌ရေးထံလိပ်မူ၍ ‌ပေးပို့သည့် အ‌ကြောင်းကြားစာဖြစ်ပြီး စာအရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ဝန်ကြီး ဌာန၊ စီမံခန့်ခွဲ‌ရေး‌ကော်မတီ (သတ္တု‌ရေးရာ)၏ ၁၃/၂၀၁၇ ကြိမ်‌မြောက် အစည်းအ‌ဝေးသ‌ဘောတူချက်အရ ဖြူမင်းထွန်း ကုမ္ပဏီလီမိတက်အား ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၂ ရက်‌နေ့မှ ၂၀၁၈ ခုနှစ်၊ ဧပြီ ၂၁ ရက်‌နေ့ အထိ ဒုတိယအကြိမ် သက်တမ်းတိုး‌ကြောင်း ‌ဖော်ပြထားသည်။

၎င်းသက်တမ်းတိုးထုတ်ပြန်စာကိစ္စနှင့်ပတ်သက်၍ သထုံမြို့နယ် အုပ်ချုပ်‌ရေးအဖွဲ့နှင့် ကုမ္ပဏီ တာဝန်ရှိသူများအား ‌ကေအိုင်စီအ‌နေဖြင့် ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။

အဆိုပါ မင်းလွင်‌တောင် ဓာတ်သတ္တုစမ်းသပ် တိုင်းတာခြင်းနှင့် ဖြစ်‌မြောက်နိုင်စွမ်း‌လေ့လာခြင်းတို့ကို ၂၀၁၆ ခုနှစ်၊ ဧပြီလက သက်တမ်းကုန်ဆုံးပြီး‌နောက် ယခုလို ထပ်မံသက်တမ်းတိုးထားခြင်းလည်းဖြစ်ပြီး ဖြူမင်း ထွန်းကုမ္ပဏီမှ ယင်းစမ်းသပ်လုပ်ကိုင်ခဲ့ချိန်တွင် ‌ဒေသအတွင်း ထိခိုက်မှုများရှိ‌ကြောင်း ‌ဒေသခံများ ကန့်ကွက်ကြသည့်အတွက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)က ရပ်ဆိုင်းထားရန် စာထုတ်ပြန်ကာ ယခုအချိန်အထိ ဖြစ်သည်။

ထို့အပြင် မင်းလွင်‌တောင်ကို ဓာတ်သတ္တုစမ်းသပ် တိုင်းတာခြင်းနှင့် ဖြစ်‌မြောက်နိုင်စွမ်း‌လေ့လာခြင်းဟုဆို‌သော်လည်း ပြီးခဲ့သည့် ပထမအကြိမ် စမ်းသပ်လုပ်ခွင့်အချိန်က ကုမ္ပဏီသည် ဘိလပ်‌မြေစက်ရုံတည်‌ဆောက်‌ရေးစီမံကိန်းလည်း ပါဝင်သည်ဟု မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့က ဆိုသည်။

မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့သည် မင်းလွင်‌တောင် သဘာဝပတ်ဝန်းကျင် ပျက်စီး‌စေမည့် မည်သည့် စီမံကိန်းလုပ်ငန်းမဆို လှုပ်ရှား‌စောင့်ကြည့်‌နေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်း ဖြစ်ပြီး မင်းလွင်‌ဒေသအတွင်း ‌ကျေးရွာ‌ပေါင်း ၁၄ ရွာမှ ‌ဒေသခံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။