နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၇ခုနှစ်။ စောထွန်းလင်း
ကရင်နှစ် ၂၇၅၇ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းဒေသကြီးအဆင့်အဖြစ် မင်းလှမြို့နယ် ဘောလုံးကွင်း၌ ဒီဇင်ဘာ ၁၆ရက်မှ ၁၈ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ပြန် ကြားရေးတာဝန်ခံ စောဩဂတ်စတင်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ပဲခူးတိုင်းအဆင့် နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးနဲ့ တိုင်းစာပေယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီးတော့ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့မှာ ပြုလုပ်သွားမယ်။ ပဲခူးတိုင်းအတွင်း မှာရှိတဲ့ တခြားတိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ ပအိုဝ်း၊ ကယား(ကရင်နီ)၊ မွန်၊ ချင်း စတဲ့တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေကို လာရောက်ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ထားတယ်။ ဒီဇင်ဘာ ၁၇ရက်နေ့ ညပိုင်းမှာ ကရင်ဒုံးနဲ့အတူ ဖျော်ဖြေမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သုံးရက်ကြာပြုလုပ်မည့် အဆိုပါနှစ်သစ်ကူးပွဲတော်တွင် ဒီဇင်ဘာ ၁၆ရက် ညပိုင်း၌ ကရင်လူငယ်ကွန်ရက် (KYN)နှင့် မြန်မာနိုင် ငံ ခရစ်ယာန်မျက်မမြင် မိတ်သဟာရအဖွဲ့တို့က ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ပြီး ၁၇ရက် ညနေပိုင်းတွင် နှစ်သစ်ကူး မုဒ်ဦးဖွင့်ပွဲနှင့် တိုင်းရင်းသားရိုးရာအကများ တင်ဆက်ကပြခြင်း၊ ကရင်အဆိုတော်များဖြစ်သည့် စောလားထော်ဝါးနှင့် အိပ်မက်ဆုံရာ အစီအ စဉ် ဆုရရှိသူများက ဖျော်ဖြေပေးမည်ဖြစ်သည်ဟု ပွဲတော်ကျင်းပရေးကော်မတီဝင်၊ မင်းလှမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး၊ ဆရာစောရွှေသိန်းက ပြောသည်။
“တိုင်းအဆင့် နှစ်သစ်ကူးပွဲကို ကျနော်တို့မြို့နယ်မှာ လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ နှစ်သစ်ကူးပွဲတော်အတွက် ကျပ်သိန်း ၂၀ဝကို အစိုးရအဖွဲ့က ထုတ်ပေးမယ်။ ကျန်လိုတာကိုတော့ အလှူရှင်တွေဆီက အလှူငွေတွေနဲ့ စုပေါင်းလုပ်ဆောင်သွားမယ်။ ၁၈ရက်နေ့ နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကိုတော့ မနက် ၅နာရီခွဲမှာ စုရပ်အသီးသီးကနေ မြို့နယ်၊ ကျေးရွာအုပ်စုအ လိုက် ချီတက်နေရာယူပြီး မနက် ၆နာရီမှာ အလံတင်မယ်”ဟု စောရွှေသိန်းက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို အကြိမ် ၂၀ကျော် စုပေါင်းပြုလုပ်ခဲ့ပြီး ဆဋ္ဌမအကြိမ်မြောက် တိုင်းအဆင့် နှစ်သစ်ကူးပွဲတော်ကို မင်းလှမြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ထံမှ သိရသည်။ ယမန်နှစ်က တိုင်းအဆင့် နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်တွင် ကျင်းပခဲ့သည်။



















