စောထွန်းလင်း
(၂၀၁၇၊ ဩဂုတ် ၂၅ရက်)
အိမ်ခြေ ၁ဝလုံးကျော်ကျော်သာရှိသည့် ဘဲဂရက်ကြီးရွာသည် အမြဲတစေ တိတ်ဆိတ်နေတတ်သည်။ သို့သော် ဩဂုတ်လ ၁၂ ရက်နေ့တွင်မူ ထိုသို့မဟုတ်။ ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီးဇာတိရွာဖြစ်သည့် ဘဲဂရက်ကြီးရွာတွင် ပြုလုပ်မည့် ၆၇နှစ် မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားရှိသည့်အတွက် တစ်ရွာလုံးနီးပါး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွရှိနေပြီး ရပ်နီးရပ် ဝေးမှ အခမ်းအနား လာရောက်မည့် ဧည့်သည်များကို တာဝန်ကျေ ဧည့်ခံနိုင်ရေးအတွက် ပြင်ဆင်နေကြသည်။
ဘဲဂရက်ကြီးရွာသည် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း တည်ရှိကာ ပုသိမ်မြို့မှ ပုသိမ်-ရန်ကုန် ကား လမ်းအတိုင်း နာရီဝက်နီးပါး ကားစီးလျှင် ကန်ကြီးထောင့်လမ်းဆုံသို့ ရောက်ရှိကာ ဘဲဂရက်ဘူတာလမ်းခွဲအတိုင်း သုံးမိုင်ကျော် ခန့် ဆက်သွားရသည်။ ဘဲဂရက်ဘူတာရွာ၊ ဘဲဂရက်လေးရွာနှင့် ဘဲဂရက်ကြီးရွာတို့မှာ တစ်ဆက်တည်းရှိသော်လည်း တစ်ရွာ နှင့်တစ်ရွာကြားကို လယ်ကွင်းများနှင့် ဘဲဂရက်ချောင်းက ခြားထားသည်။
ဘဲဂရက်ဘူတာမှ ဘဲဂရက်ကြီးရွာသို့ ကုန်းလမ်းခရီးဖြင့်သွားမည်ဆိုလျင် နာရီဝက်ခန့် လမ်းလျှောက်ရမည်ဖြစ်သော်လည်း လူနှစ်ကိုယ်စာသာသာ လမ်းမှာ မိုးတွင်းကာလ ရွံ့ဗွက်များရှိသည့်အတွက် အာဇာနည်နေ့ အခမ်းအနား လာမည့်သူများကို ကျောင်းစုကျေးရွာဘုန်းကြီးကျောင်းဘေး လှေဆိပ်မှ ဘဲဂရက်ချောင်းအတိုင်း စက်လှေများဖြင့် ပို့ဆောင်ပေးရပြီး ဆယ်မိနစ် ကျော် သွားရသည်။ ဘဲဂရက်ကြီးရွာတွင်း၌လည်း အချို့အိမ်များဆိုလျင် ရေမြှုပ်နေပြီး တစ်အိမ်မှတစ်အိမ်သို့ ရေကူးသွားလာ နေရသည်။
ယခုလို ကုန်းလမ်းမကောင်းသဖြင့် ဒေသခံများအနေနှင့် ကူးသန်းရောင်းဝယ်ရေး အထွေထွေကိစ္စရပ်များအတွက် ဘဲဂရက် ချောင်းကိုသာ စက်လှေများ၊ လှေများဖြင့် သွားလာရေးတွင် အဓိက အသုံးပြုနေရသည်ဟု ဒေသခံများက ဆိုသည်။
၎င်းဘဲဂရက်ကြီးရွာ၌ ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီးကို ၁၉၀၃ခုနှစ်၊ အောက်တိုဘာလ ၇ရက်နေ့တွင် အဖ စောသာမြတ် ကြီးနှင့် အမိ နော်အေးနုတို့က မွေးဖွားခဲ့သည်။ စောဘဦးကြီးသည် ကရင်အမျိုးသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ ရေးအတွက် ကရင်အမျိုးသားများကို နိုင်ငံရေးမျိုးစေ့ ချပေးခဲ့သူပင် ဖြစ်သည်။
စောဘဦးကြီး၏ ဖခင်စောသာမြတ်ကြီးသည် ဘဲဂရက်ရွာတွင် လယ်ယာမြေအများအပြား ပိုင်ဆိုင်ပြီး အနီးအနားရွာများသို့ ပေး ကမ်းလှူဒါန်းမှုများလည်းရှိကာ အများပြည်သူ ရိုသေလေးစားရသည့် ရပ်မိရပ်ဖတစ်ဦးဖြစ်သည်ဟု အသက် ၈၄နှစ်အရွယ်ရှိပြီး ဖြစ်သည့် ဘဲဂရက်ရွာသား အဖူးစောသာတောက အခုလို ပြောသည်။
“အဖူးကိုက ၁၉၃၃ခုနှစ်မှာ မွေးတယ်။ အဖူးတို့ ကြီးလာတော့ စောဘဦးကြီးက ရွာမှာမရှိတော့ဘူး။ ပုသိမ်ဘက်ကို ကျောင်း သွားတက်တယ်။ ရွာမှာက သူ့အဖေပဲ ရှိတယ်။ သူ့အဖေက ပုသိမ်အရှေ့ခြမ်းမှာပေါ့။ လယ်တွေ အများကြီးပိုင်တယ်။ အဲ့တုန်းက ဒီနားမှာ ဗမာရွာတွေလည်း ရှိတယ်။ အများစုက သူ့ဆီမှာ လယ်လာလုပ်သလို စပါးတွေလည်း လာယူတယ်။ စောဘဦးကြီးက တခါတလေ ရွာကို ပြန်လာတယ်။ မြင်းလိုက်စီးတာ တွေ့တယ်။ ဒီနားမှာ သူတို့မြင်းဇောင်းရှိတယ်။ အခုချိန်ထိ အဲ့နေရာကို မြင်းဇောင်းလို့ ခေါ်တုန်းပဲ”ဟု ပြောဆိုသည်။
ဘဲဂရက်ရွာဇာတိ ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်များအဆိုအရ ဘဲဂရက်ကြီးရွာသည် ယခင်က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခဲ့ဖူး သည်။ လက်ရှိ ပေ ၂၀ကျော်ကျော်သာရှိသည့် ဘဲဂရက်ချောင်းသည်လည်း ယခင်က ယခုထက် သုံးဆကျော် ကျယ်ဝန်းသဖြင့် နွားလှည်း၊ မြင်းလှည်းတို့ဖြင့်ပင် အလွယ်တကူ သွားလာနိုင်ခဲ့သည်ဟု ဆိုသည်။
ဆက်လက်၍ အဖူးစောသာတောက “စောဘဦးကြီးရဲ့အဖေက အရမ်းနာမည်ကြီးတယ်။ ပုသိမ်အရှေ့ခြမ်းမှာ သူ့ကောင်းမှုတွေ အများကြီးပဲ။ သူသေတော့ ၇ရက်ထားတယ်။ လာတဲ့သူတွေ အများကြီး ကုလား၊ ဗမာ၊ တရုတ် စုံလို့ပေါ့။ နောက်ပိုင်း ၁၉၄ဝ ကျော်အချိန်ပေါ့။ သေသေချာချာတော့ မမှတ်မိဘူး။ အဲ့မှာ ကရင်-ဗမာ အဓိကရုဏ်းတွေ ဖြစ်တယ်။ ရွာလည်း မီးရှို့ခံရတယ်။ ခဏခဏပဲ။ အဲ့နောက်ပိုင်း ဘဲဂရက်က စည်စည်ကားကား မဟုတ်တော့ဘူး။ အဖူးလည်း မြို့ပေါ်တက် အလုပ်လုပ်တယ်။ တခါတခါပဲ ရွာပြန်လာတော့တယ်”ဟု ဆိုသည်။
ထိုသို့ လူအများ ရိုသေလေးစားခြင်းခံခဲ့ရသည့် ဖခင်စောမြတ်သာကြီးကဲ့သို့ပင် စောဘဦးကြီးလည်း ကရင်အာဇာနည်ပုဂ္ဂိုလ် တစ်ဦးဖြစ်ကာ ဖခင်ခြေရာနင်းခဲ့သူဟု ဆိုနိုင်သည်။ စောဘဦးကြီးသည် ငယ်စဉ်က ပုသိမ်မြို့၊ စကောကရင် အထက်တန်း ကျောင်း(ကိုသာဖြူကျောင်း)၌ ပညာသင်ကြားပြီး ၁၉၂၂ခုနှစ်တွင် အဂင်္လန်ရှိ ကင်းဘရစ်တက္ကသိုလ် (Cambridge University) နှင့် အောက်စ်ဖို့ တက္ကသိုလ် (Oxford University)၏ မဂ်ဒလင်းကောလိပ် (Magdalene College) တွင် ကျောင်းတက်ခဲ့ပြီး ၁၉၂၈ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။
ထို့နောက် လန်ဒန်မြို့ရှိ မစ်ဒယ်တင်ပယ် (Middle Temple)တွင် ဥပဒေပညာ ဆက်လက်သင်ယူပြီး ၁၉၂၉ခုနှစ်တွင် အဂင်္လန် နိုင်ငံ၏ အဆင့်မြင့်ဆုံး ဥပဒေပညာရှင် (Barrister At Law) ဖြစ်လာခဲ့သည်။ ယင်းနောက် မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ၁၉၄၂ခု နှစ်တွင် ကရင်ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO)အဖွဲ့ဝင်တဦးဖြစ်ကာ အမျိုးသားနိုင်ငံရေးထဲသို့ ဝင်ရောက်လာ ခဲ့သည်။
သူသည် ၁၉၄၅ခုနှစ်၊ ဩဂုတ်လ ၁၉ရက်နေ့တွင် နေသူရိန်အစည်းအဝေး၌ ပြန်ဖွဲ့သည့် ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ခဲ့ပြီး ၁၉၄၆ခုနှစ်တွင် ဆာဟူးဘတ်ရန့်စ်နှင့် ဖဆပလ ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦးဖြစ်ခဲ့သည်။
၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်တစ်ဦးအနေဖြင့် သာ ပါဝင်ခဲ့သော်လည်း ထိုနှစ်တွင် ကျင်းပခဲ့သည့် ကေအဲန်ယူ၏ အရေးပေါ် ညီလာခံတွင် ဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေး ခြင်း ခံရသည်။ ယင်းတာဝန်ဖြင့်ပင် အမျိုးသားရေးတာဝန်ထမ်းဆောင်ရင်း ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်နေ့တွင် ကော့က ရိတ်မြို့နယ်(ထိုစဉ်က ကျိုက္ခမီခရိုင်)၊ ထို့ကော်ကိုးကျေးရွာတွင် ရန်သူကို ခုခံတိုက်ခိုက်ရင်း ကရင့်အမျိုးသား တော်လှန်ရေးအ တွက် အသက်စွန့်သွားခဲ့ရသည်။
စောဘဦးကြီး အသက်စွန့်ခဲ့သည့် အခြေအနေများကို ရေဒီယိုနှင့် ယင်းခေတ်က ထုတ်ဝေသည့် သတင်းစာများမှတစ်ဆင့် ဘဲဂ ရက်ရွာသားများ သိရှိခဲ့ရပြီး ထိုနောက်ပိုင်းတွင် ရွာရှိ စောဘဦးကြီး၏ ဆွေမျိုးများလည်း ရွာမှ တဖြည်းဖြည်း စွန့်ခွာသွားခဲ့ကြ သည်။ ထို့အပြင် ကျန်ရွာသားများမှာလည်း စကားပင် ကျယ်ကျယ်မပြောရဲသည့်အဖြစ်နှင့် ရင်ဆိုင်ခဲ့ရကာ စောဘဦးကြီးဇာတိ ရွာဆိုသည်ကိုပင် တချို့မသိရှိတော့သည့် အခြေအနေဖြစ်ခဲ့သည်ဟု ဘဲဂရက်ရွာသား အသက် ၆၈နှစ်အရွယ် စောဘိုစီက ပြော သည်။
စောဘဦးကြီး၏ ကရင့်အမျိုးသားရေး လုပ်ဆောင်မှု များစွာရှိသည့်အနက် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာ တစ်နိုင်ငံလုံးရှိ ကရင်ပြည်သူ ၄၅၄,၁၀ဝဦး ပါဝင်သည့် ကရင်ပြည်နယ် ရရှိရေးနှင့် တန်းတူအခွင့်အရေးအတွက် ငြိမ်းချမ်းစွာဆန္ဒ ပြပွဲကို ဒီမိုကရေစီနည်းကျ ဦးဆောင်ပြုလုပ်ခဲ့ပြီး ယင်းသည် ကရင်လူထုအများဆုံးကို အစည်းရုံးနိုင်ဆုံးဖြစ်ကာ လက်ရှိအချိန်ထိ ကရင်တော်လှန်ရေးခေါင်းဆောင်များ၊ ကရင်ပါတီများ ထိုကဲ့သို့ စည်းရုံးနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် စောဘဦးကြီး၏ မူ ၄ချက်ဖြစ်သည့် လက်နက်ချစကား အလျင်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ဆိုသည့်အချက်များကို ကရင်တော်လှန် ရေးခေါင်းဆောင် အဆက်ဆက်က ၆၈နှစ်ကျော်တိုင် ကိုင်စွဲထားရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပြင် ဘက် ပြောင်းသွား၊ ခွဲထွက်သွားကြသည့် အခြားကရင့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကလည်း စောဘဦးကြီး၏မူကို စွဲကိုင်ထား ဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
စောဘဦးကြီးသည် အသွင်မတူသည့် ကရင်နိုင်ငံရေးအုပ်စုများအပေါ်ပင် နှစ်ကာလကြာရှည်စွာ ဩဇာလွှမ်းမိုးမှုရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် သူ့အား ကရင့်အာဇာနည် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းသည် အငြင်းပွားဖွယ်မရှိချေ။
ကရင်အာဇာနည်နေ့ အခမ်းအနားများကို ယခင်က လွတ်မြောက်နယ်မြေများ၌သာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကေအဲန်ယူနှင့် အစိုးရတို့ ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်ကာ ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(Nationwide Ceasefire Agreement-NCA)ကို လက်မှတ်ရေးထိုးပြီးနောက် တွင်မှု ပြည်တွင်းနေရာ အနှံ့အပြား၌ ကျင်းပပြုလုပ်လာသည့်နည်းတူ စောဘဦးကြီး ဇာတိရွာ၌လည်း ၂၀၁၆ခုနှစ်တွင် သူ၏ နေအိမ်အနီး၌ အထိမ်းအမှတ်ကျောက်တိုင်ပြုလုပ်ကာ ဂုဏ်ပြုလာနိုင်ခဲ့သည်။
“အခု ဘဲဂရက်ရွာသားတချို့တောင် ဒါ စောဘဦးကြီးဇာတိ ဆိုတာ မသိကြဘူး။ သိတဲ့သူလည်းရှိတယ်။ ဒီလို နေ့မျိုး ရောက်လာ မယ်ဆိုတာ အရင်က စိတ်ကူးတဲ့အဆင့်ပဲ ရှိတယ်။ မနှစ်က စောဘဦးကြီး ကျောက်တိုင်ဖွင့်ပွဲလုပ် အလေးပြုတော့ လူ ၂၀ဝ လောက် လာတယ်။ ဒီနှစ်က လာဂုဏ်ပြုသူ အရမ်းများတယ်၊ ဘဲဂရက် နိုးထလာတော့မယ်”ဟု စောဘိုစီက ဘဲဂရက်တွင် ၂၀၁၇၊ ဩဂုတ်လ ၁၂ရက်နေ့၌ အာဇာနည်နေ့ အခမ်းအနား ကျင်းပလာနိုင်သည့်အပေါ် ဂုဏ်ယူစွာ ပြောသည်။
ထို့အပြင် မိမိတို့ရွာတွင် အဓိကလိုအပ်နေသည်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်ဖြစ်ပြီး ခန်းမတစ်ခုရှိရန်လည်း လိုအပ်ကာ မကြာမီကာလအတွင်း လမ်းများ ကောင်းမွန်ကာ ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ကြောင်းလည်း စောဘိုစီက ဆက်ပြော သည်။
ဘဲဂရက်ကြီးရွာတွင် ဩဂုတ်လ ၁၂ရက်နေ့တွင် ပြုလုပ်သည့် ၆၇နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားသို့ အခမ်းအ နားဖြစ်မြောက်ရေး ကော်မတီဝင်များက လူ ၅၀ဝဦးခန့်သာ လာမည်ဟု ကနဦး ခန့်မှန်းထားသော်လည်း ပုသိမ်၊ မြောင်းမြ၊ ဝါးခယ်မ၊ ကျောင်းကုန်း၊ အိမ်မဲ၊ ပန်းတနော်၊ ကန်ကြီးထောင့်၊ ရန်ကုန် စသည့်မြို့များမှ စုစုပေါင်း လူ ၁၅၀ဝဦးကျော် လာ ရောက်ဂါဝရပြုခဲ့သည်။
ထို့အတွက် အာဇာနည်နေ့ ဟောပြောပွဲခန်းမ မဆံ့ဘဲဖြစ်သွားကာ ကျွေးမွေးသည့် နေ့လည်စာ လောက်ငှရေးအတွက် အချိန်မီ ထပ်မံ ချက်ပြုတ်ရသလို ဘဲဂရက်ချောင်းတွင်လည်း ကူးသန်းသွားလာသူ များပြားသည့်အတွက် စက်လှေသံများဖြင့် ဆူညံသွား ခဲ့သည်။ အခမ်းအနားကျင်းပရေးကော်မတီကမူ အားနည်းချက်များအပေါ် နားလည်ခွင့်လွှတ်ပေးရန် ပန်ကြားခဲ့ရသည်အထိ ဖြစ် ခဲ့သည်။
အဖူး စောသာတောက “ရွာမှာ အခု ကရင့်အာဇာနည်နေ့ အခမ်းအနား လုပ်လာနိုင်တာ အတိုင်းမသိ ဝမ်းသာတယ်။ စောဘဦး ကြီးအဖေ လက်ထက်ကလို ပြန်စည်းကားလာတော့မယ့် ပုံပဲ။ သူ့အဖေကျေးဇူးကိုလည်း အောက်မေ့သတိရတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် နည်းနည်းတော့ စိုးရိမ်တယ်။ ငြိမ်းချမ်းရေး သေချာ မရသေးတော့ အဖူးက ဂျပန်ခေတ်၊ သခင်ခေတ် စသဖြင့် ဖြတ်သန်းလာဖူးတော့ အဖူးစိတ်နဲ့ကတော့ စိုးရိမ်တယ်”ဟု မှတ်ချက်ပြု ပြောလေသည်။
မည်သို့ပင်ဆိုပါစေ နှစ်ပေါင်း ၇ဝနီးပါးကြာ အသံတိတ်နေခဲ့ရသည့် ကရင့်အမျိုးသားခေါင်းဆောင် အာဇာနည်ပုဂ္ဂိုလ် စောဘဦး ကြီး၏ဇာတိ ဘဲဂရက်ကြီးရွာတွင် ယခုအခါ စောဘဦးကြီးအတွက် အထိမ်းအမှတ် အာဇာနည်ကျောက်တိုင် စိုက်ထူထားရှိနိုင်ခဲ့ ပြီး စောဘဦးကြီး၏ အရိပ်၊ အငွေ့အသက်များ ပြန်လည်နိုးထရှင်သန်လာနေပြီး ဖြစ်ပေတော့သည်။