Home သတင်း မင်းလွင်‌တောင် ကာကွယ်‌ရေး တက်ကြွလှုပ်ရှားသည့် ဆရာ‌တော် ပျံလွန်‌တော်မူ

မင်းလွင်‌တောင် ကာကွယ်‌ရေး တက်ကြွလှုပ်ရှားသည့် ဆရာ‌တော် ပျံလွန်‌တော်မူ

2214

ဩဂုတ် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

မင်းလွင်(‌မောင်‌လေး)‌တောင်‌ဒေသတွင် ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ပြီး ‌ကျောက်ထုတ်လုပ်ငန်း မလုပ်‌ဆောင်‌ရေး အတွက် တက်တက်ကြွကြွ လှုပ်ရှားပါဝင်ခဲ့သည့် မင်းလွင်‌ဒေသ သဘာဝထိန်းသိမ်း ‌ရှောက်‌စောင့်‌ရေးအဖွဲ့မှ နာယက ဆရာ‌တော်တစ်ပါးဖြစ်သူ ထီးညာလူ‌ကျောင်း ဆရာ‌တော် ဘဒ္ဒန္တ ‌တေ‌ဇောဘာသသည် ဩဂုတ် ၈ ရက်‌နေ့က ပျံလွန်‌တော်မူသွားပြီဖြစ်သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲ‌တော‌ကျေးရွာအုပ်စုရှိ မင်းလွင်‌တောင်‌ခြေအနီး ထီးညာလူ‌ကျောင်းတိုက်၌ ‌ကျောင်း ထိုင်ဆရာတစ်ပါးအဖြစ် သီတင်းသုံး‌နေသည့် ဆရာ‌တော် ဘဒ္ဒန္တ ‌တေ‌ဇောဘာသသည် ‌သွေးချို၊ ဆီးချို ‌ဝေဒနာ ခံစားရ၍ ကရင်ပြည်နယ် ဖားအံမြို့ ‌ဆေးရုံကြီးတွင် ‌ဆေးကုသမှုခံယူရင်း ဩဂုတ် ၈ရက်‌နေ့၊ ည ၁၂ နာရီအချိန်တွင် ပျံလွန်‌တော်မူသွားဖြစ်ကာ ပျံလွန်‌တော်မူချိန်၌ သက်‌တော် (၇၃)နှစ်၊ ဝါ‌တော် (၅၄)ဝါရှိပြီးဖြစ်သည်။

ဆရာ‌တော် ပျံလွန်‌တော်မူသွားသည့်အ‌ပေါ် မင်းလွင်‌ဒေသ သဘာဝထိန်းသိမ်း‌ရှောက်‌စောင့်‌ရေးအဖွဲ့ အတွင်း‌ရေးမှူး ‌စောမြဒင်က “ဆရာ‌တော်ဟာ မင်းလွင်‌တောင်ရဲ့ ‌တော‌တောင်‌ရေ‌မြေသဘာဝကို ချစ်မြတ်နိုးလို့ ကုမ္ပဏီက ဒီ‌တောင်ကို လာမလုပ်ဖို့ ကန့်ကွက်ခဲ့သူပါ။ ‌နောက် ကုမ္ပဏီက သူ့ကို ကျပ်‌ငွေ သုံးသိန်းလှူထားတာ လက်ခံထား‌ပေမယ့် ပျံလွန်‌တော်မူအထိ မသုံးဘဲ သီးသန့်ထားထားပါတယ်။ အခု ဆရာ‌တော် မရှိ‌တော့‌ပေမယ့် သူ့လို စိတ်ဓာတ်ကို စံနမူနာထားပြီး မင်းလွင်‌တောင် အ‌ရေးကို ကျ‌နော်တို့ ဆက်လက်လုပ်‌ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မင်းလွင်‌ဒေသခံများသည် ၎င်းတို့၏ ‌တောင်ကို ချစ်မြတ်နိုး‌သောအားဖြင့် မူလအတိုင်း မြင်‌တွေ့နိုင်ရန် ကာကွယ်ထိန်းသိမ်းကြလို‌ကြောင်းနှင့် ‌တောင်‌ပျောက်ကွယ်သွားမည့် မည်သည့် အ‌ရေးမဆို ကန့်ကွက်သွားရန် ဆရာ‌တော် မပျံလွန်‌တော်မူမီက ဖွင့်ဟမိန့်ကြားခဲ့ဖူး‌ကြောင်း ‌စောမြဒင်က ဆက်‌ပြောသည်။

ဖားအံ‌ဆေးရုံကြီးတွင် ဆရာ‌တော် ပျံလွန်‌တော်မူအပြီး၌ ရုပ်ကလပ်‌တော်ကို ၎င်းသီတင်းသုံးရာ ထီးညာလူ‌ကျောင်းတိုက်သို့ ပြန်လည်သူ‌ဆောင်သွားပြီး လာမည့် ဒီဇင်ဘာတွင် မီးသၤဂြိုလ်မည်ဟု ဆရာ‌တော်၏ ဒါယိကာ၊ ဒါယိကာမများ၏ ‌ပြောဆိုချက်အရ သိရှိရသည်။

မင်းလွင်‌ဒေသရှိ မတ်ချ(နို့‌ဖောထ)‌ကျေးရွာသူ ‌နော်မုလားက “မင်းလွင်‌တောင်နဲ့ ပတ်သက်ပြီး ကျမတို့က လည်း ဆရာ‌တော်လိုပဲ စိတ်သ‌ဘောထား ရှိပါတယ်။ ဘာဖြစ်လဲဆိုရင် မင်းလွင်‌တောင်ဟာ သဘာဝ ပတ်ဝန်းကျင် မပျက်စီး‌ရေးအတွက် ‌ဒေသခံ‌တွေအတွက် ရှိသင့်တဲ့ ‌တောင်ဖြစ်သလို အရင် တိုက်ပွဲကာလက အသက်‌ဘေးမှ လွတ်‌မြောက်ဖို့ ကျမတို့ ခိုလှုံခဲ့ရတဲ့ ကျမတို့ရဲ့ အသက်သခင်‌ကျေးဇူးရှင်လည်း ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထီးညာလူ‌ကျောင်း ဆရာ‌တော်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီ ၁၁ ရက်‌နေ့၌က စတင်ဖွဲ့စည်းခဲ့သည့် မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီကို နာယကအဖြစ် ပါဝင်ကာ ယခုနှစ် ၂၀၁၇ခုနှစ်၊ မတ်လ ၂၅ ရက်‌နေ့တွင် မင်းလွင်‌ဒေသ သဘာဝ ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး အဖွဲ့အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းသည့် အခါ၌ လည်း နာယကအဖြစ် ဆက်လက်ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဆရာ‌တော်သည် ဘီးလင်းမြို့နယ် ကွီး‌လေးရွာ ဇာတိဖြစ်ပြီး ငယ်စဉ်က ထီးညာလူဘုန်း‌တော်ကြီး‌ကျောင်းတွင် သွား‌ရောက်အ‌ခြေချ‌နေထိုင်လာကာ ‌ကျောင်းထိုင်ဆရာဖြစ်သည်အထိဖြစ်သည်။ လက်ရှိ ဆရာ‌တော်၏ ရုပ်ကလပ်‌တော်ကို လာမည့် ဒီဇင်ဘာလတွင် မီးသၤဂြိုလ်ပြီး‌နောက် ‌ကျောင်းထိုင်ဆရာ‌တော် အသစ် ပြန်လည်‌ရွေးချယ်အတည်ပြုသွားမည်ဟု သိရှိရသည်။