(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဇွန်လ ၁၉ရက်)
“ဒုက္ခ” ဆိုတဲ့ စကားလုံးကို ဦးထွန်းမြင့်ရဲ့ ပါဠိသက် ဝေါဟာရအဘိဓာန်က ၁။ဆင်းရဲခြင်း ၂။ဆင်းရဲသူလို့ ဖွင့်ဆိုထားပါတယ်။
မြန်မာအဘိဓာန်မှာတော့ ဒုက္ခ = ဆင်းရဲမှုလို့ တိုတိုရှင်းရှင်း အနက်ပေးပါတယ်။ “ဒုက္ခသည် (အသံထွက် – ဒုတ်ခါ့ သှယ်)”ဆိုတာကိုတော့ “ဒုက္ခဆင်းရဲရောက်နေသူ” ဖွင့်ဆိုထားပါတယ်။ ဒါတွေက အဘိဓာန်တွေက ဖွင့်ဆိုပြတဲ့ “ဒုက္ခ”ဆိုတဲ့ စကားလုံး၊ ဝေါဟာရရဲ့ အနက်ရင်း၊ အနက်ပွား အဓိပ္ပာယ်တွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် “သစ္စာ လေးပါး” ဆိုတဲ့ သိမ်မွေ့လှတဲ့ မြတ်ဗုဒ္ဓရဲ့ တရားဓမ္မ အစချီချက်မှာလည်း “ဒုက္ခသစ္စာ”ဟာ နံပတ်တစ်အရာ ကိစ္စ မဟုတ်လား။ ဒုက္ခရဲ့အကြောင်းရင်းဇစ်မြစ်နဲ့ ဒုက္ခအပေါင်းကနေ အလုံးစုံ လွတ်မြောက်နိုင်ရေး၊ ကျင့်ဖို့၊ ကြံဖို့၊ အမြဲမပြတ် နှလုံး သွင်းနိုင်ဖို့ ဆုံးမညွန်ပြထားတယ် မဟုတ်ပါလား။
အဘိဓာန်စာအုပ်တွေထဲက တရားတော်ထဲက “ဒုက္ခ”။ အဲဒီ ဒုက္ခတွေကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းရင်းဇစ်မြစ် စတဲ့ အကောင်အထည်မဲ့ စကားလုံးဝေါဟာရတွေထက် လူတွေထဲမှာ၊ လူတွေနဲ့ မကွဲမကွာရှိနေတဲ့ စားဝတ်နေရေးဆိုင်ရာ “ဒုက္ခအဝ ဝ”ဆိုတဲ့ အချင်းအရာကိုပဲ ကျနော် စိတ်ဝင်စားတာပါ။ အဲဒီ ဒုက္ခနဲ့ပတ်သက်ပြီး ကျနော်တွေ့မြင်သလို၊ ကျနော် နားလည်သလို တင်ပြပါရစေ။
၁။ ဒုက္ခဆင်းရဲဆိုတာဟာ နှစ်လိုကြည်နူးဖွယ် ကိစ္စမဟုတ်ပါဘူး။
၂။ လှိုက်လှိုက်လှဲလှဲ ဆီးကြိုအပ်သောအရာလည်း မဟုတ်ပါ။
၃။ ထိုထိုသော ဒုက္ခဆင်းရဲမျိုးစုံဟာ ပြည်သူများနဲ့အတူ အမြဲမပြတ် နီးနီးကပ်ကပ် တည်ရှိနေပါတယ်။
ဒါ့ကြောင့် “ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိရမယ်” ဆိုတဲ့ ကျောင်းသားတွေ ဟစ်ကြွေးတဲ့ ကြွေးကြော်သံကို တုပပြီး ပြောရမယ်ဆိုရင် “ပြည်သူရှိရင် ဆင်းရဲဒုက္ခ ရှိရမယ်”လို့ နာနာကျင်ကျင် ပြောရလိမ့်မယ်လို့ ထင်ပါတယ်။ တစ်နည်းအားဖြင့် ဒုက္ခဟာ ပြည်သူတွေနဲ့ အနီးကပ်ဆုံး တည်ရှိနေတဲ့အရာဖြစ်ပြီး ပြည်သူတွေ အမုန်းတီးဆုံးအရာ၊ ပြည်သူတွေ အကင်းဝေးချင် ဆုံးအရာဟာ ဒုက္ခဆင်းရဲဖြစ်ပါတယ်။ ဆင်းရဲဒုက္ခမျိုးစုံကြောင့် ပြည်သူတွေမှာ စိတ်၏ဆင်းရဲခြင်း၊ ရုပ်၏ဆင်းရဲခြင်းတွေကို ဘက် ပေါင်းစုံ၊ ဒေါင့်ပေါင်းစုံကနေ ရှောင်လွှဲခြင်းငှာ မစွမ်းသာဘဲ ရင်ဆိုင်ခံစားနေကြရတာပါ။
ဆင်းရဲဒုက္ခရဲ့ ဇစ်မြစ်အကြောင်းတရားကို ဆန်းစစ်ကြည့်တော့ အခြေခံအားဖြင့် နှစ်မျိုးနှစ်စားရှိနေတာ တွေ့ရပါတယ်။
ပထမအမျိုးအစားက – သဘာဝတရားက ဖန်တီးတဲ့ ဆင်းရဲဒုက္ခ (ဒီအထဲမှာ ငလျင်လှုပ်တာ၊ ရေကြီးတာ၊ မိုးခေါင်တာ၊ စတဲ့ သဘာဝ ဘေးအန္တရာယ်မျိုးစုံ ပါဝင်နေပါတယ်)
ဒုတိယအမျိုးအစားက – လူသားက ဖန်တီးတဲ့ဆင်းရဲဒုက္ခ (ဒီအထဲမှာ လူလူချင်းပုံစံမျိုးစုံနဲ့ ဖိနှိပ်သွေးစုပ်ကျွန်ပြုမှုတွေ၊ တစ်ကမ္ဘာ လုံး အတိုင်းအတာနဲ့ ဆင်နွှဲကြတဲ့ ကျူးကျော်ရေးနဲ့ လုယက်ရေးစစ်ပွဲကြီးတွေ၊ ဒေသစစ်ပွဲတွေ၊ လူမျိုးရေး၊ ဘာသာရေး ဗန်းပြ သတ်ဖြတ်မှုတွေ စသဖြင့် ပါဝင်ပါတယ်)
လူသားက ဖန်တီးတယ်ဆိုတဲ့နေရာမှာ “တစ်ကိုယ်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တဝါအပေါင်း ဆင်းရဲကြောင်း” ဆိုတဲ့စကားနဲ့ အင်မ တန် ကိုက်ညီလှတဲ့ လူတစ်ဦးတစ်ယောက် (သို့မဟုတ်) လူတစ်စုရဲ့ အတ္တကိုယ်ကျိုးစီးပွားတိုးများရေးနဲ့ တည်တံ့ခိုင်မြဲရေးအ တွက် မိုက်မိုက်ကန်းကန်း လုပ်လို့ဖြစ်ပေါ်လာရတဲ့ လူအများတကာ အများစုကြီး အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ပြားရတဲ့ လူမဆန်တဲ့အနိဋ္ဌာရုံ အဖြစ်ဆိုးကြီးတွေကို ဆိုလိုတာဖြစ်ပါတယ်။
ဒီလိုဆင်းရဲဒုက္ခ အမှောင်တိုက်ကြီးနှစ်ခုကို ကျော်လွှားတဲ့ လူသားရဲအံ့မခန်းလှတဲ့၊ အင်မတန် ရှင်းလင်းမြင်သာတဲ့အချက် ၃ချက် လည်း ရှိပါသေးတယ်။ အဲဒါတွေကတော့
ပထမအချက် ဆင်းရဲဒုက္ခရဲ့ အခြေခံအမျိုးအစား ၂ခုကနေ လွတ်မြောက်အောင် လူသားတွေဟာ သူ့ခေတ်သူ့အခါ တိုင်းမှာ မပျက်မကွက်၊ ဇွဲနဲ့မာန်နဲ့ ရုန်းကန်လှုပ်ရှားခဲ့ကြတယ်။ ဆက်လက်ပြီးတော့လည်း လှုပ်ရှားချီတက်နေကြဆဲ ဖြစ်တယ်ဆို တဲ့အချက်။
ဒုတိယအချက် ဆင်းရဲဒုက္ခတွေကို ဒူးထောက်တောင်းပန် တိုးရှိုး၊ ဆုတောင်းနေရုံနဲ့ မကျော်လွှားနိုင်ဘူးဆိုတဲ့အချက်။
တတိယအချက် ခေတ်သမိုင်းကာလပိုင်းအလိုက် ကြုံတွေ့ရင်ဆိုင်ရတဲ့ ဆင်းရဲဒုက္ခပေါင်းစုံကို ပြည်သူတွေဟာ သိစိတ် ရှိစွာ၊ ရဲရင့်စွာ စုစည်းပြီး ဖြတ်ကျော်နိုင်ခဲ့ကြတယ်။ အောင်ပွဲဆင်ခဲ့ကြတယ် ဆိုတဲ့အချက်တွေပါပဲ။
ကျနော်တို့ ချစ်လှတဲ့ အမိတိုင်းပြည်မှာလည်း လူမျိုးပေါင်းစုံပြည်သူတွေဟာ ဒုက္ခဆင်းရဲကို နဖူးတွေ့ဒူးတွေ့ အလူးလူး အခွေ့ခွေ့ နေ့စဉ်ရင်ဆိုင်နေကြရတာပါ။ အများစုကြီးက ကိုယ့်တိုင်းပြည်ထဲမှာတင် ရင်စည်းခါးစည်း ရင်ဆိုင်နေကြရတာဖြစ်ပြီး ပမာဏ သန်းဂဏန်း၊ သိန်းဂဏန်းရှိတဲ့ တချို့တွေကတော့ အိမ်နီးချင်း သို့မဟုတ် အဝေးက သူစိမ်းတို့နိုင်ငံတွေဆီမှာသွားပြီး ရင်ဆိုင်နေ ကြရတာ ဖြစ်ပါတယ်။ တချို့က ကိုယ့်တိုင်းပြည်ထဲမှာတင် လှည့်ပတ်ပြေးလွှားနေရတဲ့ စစ်ဘေး၊ သဘာဝဘေး ဒုက္ခသည်တွေ ဖြစ်ပါတယ်။ ဒါကို (IDPs)လို့လည်း ခေါ်ကြပါတယ်။ ဖားကန့်၊ တနိုင်း စတဲ့ မှော်မျိုးစုံမှာ ရေမဆေးရှာနေသူတွေဟာ တိုင်းနဲ့ ပြည်နယ်ပေါင်းစုံက ပြည်သူပြည်သားတွေ ဖြစ်ပါတယ်။ မြေစာပုံကြီးတွေက၊ မူးယစ်ဆေးဝါးက၊ စစ်ပွဲတွေက၊ ရောဂါဘယပေါင်း စုံက သူတို့ဘဝတွေ အသက်တွေကို အစဉ်မပြတ် နုတ်ယူနေတာပါ။
မကြာခင်ကပဲ စကင်္ာပူမှာ အထပ် ၁၈ထပ်ရှိတဲ့ တိုက်အမြင့်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတဲ့ အိမ်ဖော်မိန်းကလေးရဲ့ ကြေ ကွဲဖွယ် သတင်းဟာ ကျနော်တို့အားလုံးရဲ့ နှလုံးသားတွေကို ဆွဲကိုင်လှုပ်ရမ်းသွားပါတယ်။
သူမ ရင်ဆိုင်ခဲ့ရတဲ့ ဘဝနဲ့ ဆင်းရဲဒုက္ခတွေကို ထောက်ထားစာနာပါတယ်။ လှိုက်လှိုက်လှဲလှဲ ထိခိုက်ကြေကွဲ ခံစားမိပါတယ်။ ဒါပေမယ့် သူမ လက်တွေ့ရင်ဆိုင်နေရတဲ့ မျက်မှောက်ဘဝကို သူမ ကျော်ဖြတ်သွားပုံ၊ အဆုံးသတ်သွားပုံ၊ သွားနည်းကိုတော့ ကျနော် မနှစ်ခြိုက်နိုင်ပါဘူး။ လက်သင့်မခံနိုင်ပါဘူး။ ဆင်းရဲဒုက္ခဟာ အနှံ့အပြား လက္ခဏာဆောင်တာမို့ ဆင်းရဲဒုက္ခကို ရင်ဆိုင် ဖြေရှင်းတာမှာလည်း အနှံ့အပြား လက္ခဏာဆောင်ဖို့ လိုပါတယ်။ ပုဂ္ဂလိက တစ်ကိုယ်တော် လွတ်မြောက်ရေးနည်းလမ်းမျိုးနဲ့ မဖြေရှင်းသင့်ပါဘူး။
တစ်ကိုယ်စာ ရုန်းထွက်မှုတွေဟာ ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခတွင်းကနေ အမှန်တကယ် လွတ်မြောက်မှုမျိုး မဟုတ်ဘဲ ပူလောင် လှတဲ့ ဆီပူအိုးထဲကနေ တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးဖိုထဲကို ခုန်ဆင်းသွားခြင်းမျိုးသာဖြစ်ပါလိမ့်မယ်။
ဆင်းရဲဒုက္ခတွေများနေတော့ ဆင်းရဲဒုက္ခကနေ ယာယီ သို့မဟုတ် အခိုက်အတန့် အသက်ရှူချောင်စေနိုင်ဖို့ ပြည်တွင်းပြည်ပက နေ လူသားချင်းစာနာမှုဆိုတဲ့ ပရဟိတ အကူအညီပေးမှုတွေ သဘာဝကျစွာ ပေါ်ပေါက်လာပါတယ်။ တချို့လည်း သွေးရိုးသား ရိုး တကယ့် စိတ်ရင်း စေတနာမှန်နဲ့ဖြစ်မှာပါ။ တချို့ကတော့ အကျိုးလိုလို့ ပေါ်ပင်ညောင်ရေလောင်းကြတာမျိုးပါ။
လက်တွေ့ရေနစ်နေသူအဖို့တော့ ကောက်ရိုးလေးတစ်မျှင်ပဲ ဖြစ်ပါစေ။ ဆွဲမိ ဆွဲရာ ဆွဲကြရတာဟာ သဘာဝကျတဲ့ တုန့်ပြန်မှု တစ်ခုပါ။ သူသူကိုယ်ကိုယ် ဖြစ်တတ်ပါတယ်။
ဆင်းရဲဒုက္ခကို ပရဟိတကူညီမှုနဲ့ ကယ်တင်လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ပရဟိတကူညီမှုဆိုတာ အနာအကျင်ခေတ္တမျှ သက်သာဆေးတဲ့ လိမ်းဆေးနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဆင်းရဲမွဲတေမှုဆိုတဲ့ နာတာရှည်ရောဂါဆိုးရဲ့ ဇစ်မြစ်ကို ခွဲစိတ်တူး ထုတ် ဖယ်ရှားပစ်နိုင်မှသာ တကယ်တမ်း ကျန်းမာစေမယ့် ချမ်းသာသုခကို မလွဲမသွေ ရရှိစေနိုင်မှာဖြစ်ပါတယ်။
မြန်မာပြည် လူမျိုးပေါင်းစုံပြည်သူများရဲ့ ဆင်းရဲမွဲတေမှုနဲ့ ဒုက္ခမျိုးစုံရဲ့ အဓိကဇစ်မြစ်ဟာ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီလက်ကြီး အုပ် သွေးစုပ်မှုစနစ် ဖြစ်ပါတယ်။ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ဒါတွေကို အကုန်အစင် ဖယ်ရှားနိုင်မှသာ တကယ့် ဆင်းရဲဒုက္ခမျိုးစုံကနေ ရှင်းရှင်းလင်းလင်း လွတ်မြောက်နိုင်မှာပါ။ အထူးသဖြင့် ပြည်သူတွေဟာ ပြည်တွင်းပြည်ပ အကူအညီမျိုးစုံ ကို မျှော်လင့်နေရတဲ့ အားထားနေရတဲ့ ဘဝကနေ စိတ်ရောကိုယ်ပါ လွတ်မြောက်စေဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီအတွက် ဆင်း ရဲတွင်းထဲက ပြည်သူတွေကပဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတာလို ကိုယ့်လွတ်မြောက်ရေးလမ်းကို ကိုယ်တိုင်ပါဝင်ဖောက်လုပ် ချီတက်ကြရမှာ ဖြစ်ပါတယ်။
ဆင်းရဲဒုက္ခကို တောင်းပန်တိုးလျှိုးနေရုံနဲ့ မကျော်လွန်နိုင်ဘူး။ ပြည်တွင်းပြည်ပ အကူအညီမျိုးစုံနဲ့လည်း ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ ဆင်းရဲဒုက္ခမျိုးစုံ အတောမသတ် ပေါ်ပေါက်ဖြစ်ပွားနေစေတဲ့ ကင်ဆာရောဂါဆိုးနဲ့တူတဲ့ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီ လက်ဝါးကြီးအုပ် သွေးစုပ်မှုစနစ်ဆိုးကို ပြည်သူတွေဟာ ကိုယ့်ခွန်ကိုယ့်အားနဲ့ မြေမြှုပ်ပစ်ကြပါစို့။