ဇွန် ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ထိုင်းအစိုးရက အလုပ်သမား ဥပဒေသစ်ကို ယာယီရပ်ဆိုင်းထားသည်ဟု ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားလိုက်ပြီးဖြစ် သော်လည်း ယနေ့(ဇွန် ၃ဝ ရက်)အချိန်ထိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မိမိတို့ နေရပ်များသို့ ပြန်လာမြဲ ပြန်လာနေကြဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံတွင်း အဖမ်းအဆီးကြောင့် ဇွန် ၂၉ ရက်မှ စတင်ကာ ယနေ့ (ဇွန် ၃ဝ ရက်နေ့)အထိ စာရွက်စာတမ်း အ ထောက်အထားမပြည့်စုံသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇,ဝဝဝ ခန့်မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ နယ်စပ်ဂိတ်များမှ ပြန်လာနေကြဆဲဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
၎င်းက “ မနေ့က ဝန်ကြီးချုပ် ပရာယွတ် ရဲ့ ညွှန်ကြားချက်အရ ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေငြာချက် ဆိုတာ အထောက်အထား လွဲတဲ့လူတွေ၊ မစုံတဲ့လူတွေအတွက် ပြန်လည်ဖြည့်ဆည်းဖို့ ခွင့်ပေးတာ။ လုံးဝ အထောက် အထားမ ရှိတဲ့ လူတွေအတွက်မပါဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ဇွန်လ ၂ဝ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထိုင်းအလုပ်သမား ဥပဒေသစ်တွင် တရားမဝင် နေထိုင်သူအား ထောင်ဒဏ် ၅နှစ် အပြင် ဒဏ်ငွေ ထိုင်းဘတ်ငွေ သိန်းဂဏန်းအထိ ပေးဆောင်ရမည်ဟုပါရှိပြီး ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးစလုံး ကျခံနိုင်သည်ဟု ပါရှိကာ ယင်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာမှုကြောင့် စာရွက်စာတမ်းအထောက်အထားမရှိသည့် မြန်မာအလုပ်သမားများက ယခုလို နေရပ်ပြန်လာမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မဲဆောက်-မြဝတီ နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်လာကြသည့် အဆိုပါ အလုပ်သမားများအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံတို့က ကြိုဆိုကြပြီး လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျှက်ရှိသည်ဟု မြဝတီမြို့ခံတစ်ဦးဖြစ်သူ ဦးရွှေသိန်းက ကေအိုင်စီသို့ ပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဇွန် ၂၉ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပဒေသစ် ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်ထဲတွင် တရားဝင်လက်မှတ်ကိုင်ဆောင်ထားသော အလုပ်သမားများအား ကင်းလွတ်ခွင့်၊ အလုပ်ရှင်မတူသည့် အလုပ်သမားများ အလုပ်ရှင်သစ်ထံပြောင်းရွှေ့ခွင့်နှင့် ယာယီ ပတ်စ်ပို့ (Passport) ကိုင် ဆောင်သည့် အလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့် (Work Permit) လုပ်ခွင့်တို့ ပါဝင်သည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းဝန်းကျင်ရှိပြီး တရားဝင်နှင့်တရားမဝင် အလုပ်လုပ်ကိုင်နေသူ ၃ သန်း ထက်မနည်းရှိနေကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုသည်။