(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ဝရက်)
“နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်မယ့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ဖော်ဆောင်လျက်ရှိပါတယ်”လို့ အာဘောင်အာရင်းသန် သန်နဲ့ ပြောဆိုနေကြချိန်မှာ ရှေ့နေဦးကိုနီ သတ်ဖြတ်လုပ်ကြံခြင်း ခံလိုက်ရတာဖြစ်ပါတယ်။ ရက်သတ္တပတ် ၂ပတ်နီးပါး ရှိလာ တော့မယ့် အခုအချိန်အထိ ဒီချုပ်ပါတီအစိုးရဘက်က “သတင်းထုတ်ပြန်ချက်” နဲ့ “နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်” ထုတ်ပြန်ထားတာကလွဲပြီး ရေရေရာရာ ဘာမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ထင်ကြေးမျိုးစုံ ပလုံစီ ထနေဆဲဖြစ်ပါတယ်။ အဲဒီလို ပလုံစီထနေတဲ့ ထင်ကြေးမျိုးစုံရဲ့ နောက်မှာ လက်သည်တရားခံအစစ်ပေါ် မှာ မဟုတ်ပါဘူးဆိုတဲ့ သံသယကလည်း ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ ဖဝါးခြေထပ် ကပ်ပါလာနေပါတယ်။
ဦးကိုနီကို သတ်ဖြတ်တာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ကြံသတ်ဖြတ်တာ ဖြစ်တယ်ဆိုတဲ့အချက်အပေါ် ဘယ်သူ့မှ အငြင်းမ ပွားကြပါဘူး။ “နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုဖြစ်တယ်” ဆိုတဲ့ ဒီအချက်အပေါ် အားလုံးက တညီတညွတ်တည်း သဘောတူကြ တာ တွေ့ရပါတယ်။ “ဘယ်သူ့လက်ချက်လဲ/ တရားခံအစစ်ဘယ်သူလဲ” ဆိုတဲ့အချက်မှာတော့ သူတမျိုး ငါတဖုံနဲ့ ထင်ကြေးမျိုးစုံ ပေးနေကြတာ တွေ့ရပါတယ်။ ထင်ကြေးမျိုးစုံထဲမှာ အဖြစ်မှန်နဲ့နီးစပ်တဲ့ ထင်ကြေးတွေပါသလို၊ မဖြစ်နိုင်တဲ့ထင်ကြေးတွေ၊ လမ်း လွှဲတဲ့၊ နှပ်ကြောင်းပေးတဲ့၊ တမင်ရှုပ်ထွေးအောင် လုပ်ကြံ၊ လီဆယ်၊ ဖန်တီးထားတဲ့ ဗရုတ်သုက္ခ ထင်ကြေးတွေလည်း အုံလိုက် ကျင်းလိုက် ပါရှိနေပါတယ်။
ဦးကိုနီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပါတီဝင်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၈ရက်မှာ ဒီချုပ်ပါ တီသို့ ဝင်ရောက်ခဲ့တာဖြစ်ပြီး ပါတီဝင်အမှတ်က (၁၂/၄/၀၀၅၈၁) ဖြစ်ပါတယ်။ ဒီချုပ်ပါတီ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ မူဆလင်တစ်ဦးလည်းဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေ”ကို ပြင် ဆင်လို့ မရနိုင်၊ အခြေခံဥပဒေအသစ်တစ်ရပ် ရေးဆွဲပြီး အစားထိုးရမယ်ဆိုတဲ့ နိုင်ငံရေးအယူအဆကို ခိုင်ခိုင်မာမာ စွဲကိုင်ထား သူလည်းဖြစ်တယ်ဆိုတာ အခြေခံဥပဒေနဲ့ဆိုင်တဲ့ သူ့ဟောပြောချက်တွေကနေတဆင့် ရှင်းလင်းစွာ သိရှိနိုင်ပါတယ်။
ဒီအချက်တွေကို အခုလိုဖော်ပြနေတာဟာ ဦးကိုနီကို ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရသလဲဆိုတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ် ချက်ကို သိရှိနိုင်ဖို့ဖြစ်ပါတယ်။ ဘာကြောင့်သတ်သလဲ/ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြံသလဲဆိုတာကို ပထမသိဖို့ လိုပါတယ်။ ဒါဆိုရင် “တရားခံအစစ်ဘယ်သူလဲ” ဆိုတာ ဆက်လက်ဖော်ထုတ်ဖို့ မခက်တော့ပါဘူး။
ဒါ့အပြင် အနီးကပ်လုပ်ကြံသူ (ဝါ) သေနတ်သမား (ကြည်လင်း)နဲ့ ပူးပေါင်းပါဝင်သူ (အောင်ဝင်းဇော်)တို့ကို လက်ရဖမ်းဆီးမိ ထားပြီးပြီ မဟုတ်ပါလား။
အနီးကပ်လုပ်ကြံသူ (ဝါ) သေနတ်သမားနဲ့ ပူးပေါင်းပါဝင်သူကို လက်ရဖမ်းမိထားပြီဆိုတော့ ဆက်လက်ဖော်ထုတ်ရမယ့် အဓိက အပိုင်းက သူတို့နောက်ကွယ်မှာ ဘယ်သူ/ဘယ်အဖွဲ့အစည်း/ဘယ်အုပ်စုက ကြိုးကိုင်ညွန်ကြားခိုင်းစေသလဲဆိုတဲ့ အချက်ပဲ ဖြစ် ပါတယ်။ ဒီအချက်ကို တစ်တိုင်းတစ်ပြည်လုံးက တိတိကျကျ သိရှိလိုတာဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်တဲ့ နိုင်ငံရေးရည်ရွယ် ချက်အပေါ်ကနေ စဉ်းစားကြည့်တဲ့အခါမှာ ဘယ်သူတွေလက်ချက်ဖြစ်နိုင်တယ်ဆိုတဲ့ မှန်းဆချက်က လူတိုင်းလူတိုင်းမှာ ကိုယ်စီ ရှိနေကြပြီ ဖြစ်ပါတယ်။ ဒီချုပ်ပါတီအစိုးရက ထုတ်ပြန်လာမယ့်အချက်နဲ့ ပြည်သူတွေကိုယ်စီကိုယ်စီက တွက်ချက်မှန်းဆထားတဲ့ အချက် ဘယ်လောက် တူညီသလဲ/ မတူညီသလဲဆိုတာ သိချင်တာပါ။ တိုက်ကြည့်ချင်ကြတာပါ။
အဲဒီမှန်းဆချက်တွေထဲက ပထမဆုံးအချက်က “၂၀၀၈အခြေခံဥပဒေကို လုံးဝ အထိပါးမခံလိုသူတွေ ဖြစ်နိုင်တယ်” ဆိုတဲ့အ ချက်ဖြစ်ပါတယ်။ ဒုတိယအချက်က “ဘာသာရေး၊ လူမျိုးရေးသွေးထိုးလှုံ့ဆော်နေသူတွေ ဖြစ်နိုင်တယ်” ဆိုတဲ့အချက် ဖြစ်တယ်။ တတိယအချက်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မနာလိုမရှုစိမ့်သူတွေ၊ မလိုမုန်းထားသူတွေ၊ အညှိုးအာဃာတကြီးမား ပြင်းထန်သူတွေ ဖြစ်နိုင်တယ်” ဆိုတဲ့အချက်ဖြစ်ပါတယ်။
ဒီအချက်တွေက ဘယ်ကိုညွန်ပြနေသလဲဆိုတော့ “အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်”/ “အမျိုး၊ဘာသာ၊သာသနာ” စတဲ့၊ စတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး အမျိုး၊ ဘာသာ၊ သာသနာကို ဗန်းပြပြီး ထကြွသောင်းကျန်းနေတဲ့အုပ်စုတွေကို “မပြေး သော်လည်း ကန်ရာရှိ” ဆိုတဲ့စကားလို အခိုင်အမာ ညွန်ပြနေပါတယ်။
ဒီလိုဆိုရင် တရားခံအစစ်ဟာ ဒီအကောင်ပါပဲလို့ ဂုတ်ဆွဲပြီး ဒီချုပ်ပါတီအစိုးရက ဖော်ထုတ်ပြသနိုင်မှာလား။ ဒီလိုဖော်ထုတ်ပြသ နိုင်ဖို့ မလွယ်ကူဘူး၊ မဖြစ်နိုင်ဘူးလို့ ယူဆကြပါတယ်။ ဘာကြောင့်လဲ။
အချက် ၄ချက်ကို မူတည်ပြီး ပြောရတာပါ။
ပထမအချက်က ဒီချုပ်ပါတီအစိုးရ ကိုင်စွဲထားတဲ့ ပြန်လည်သင့်မြတ်ရေးသဘောထားကြောင့် ဖြစ်ပါတယ်။
ဒုတိယအချက်က “လက်တို အရိုးမျက်” ဆိုတဲ့စကားလို ဒီချုပ်ပါတီအစိုးရအဖို့ လည်ချောင်းထဲမှာ မျက်နေတဲ့ အရိုးကို နှိုက်ကော် ထုတ်ယူဖို့ လက်တံ အင်မတန်မှ တိုလွန်းပါတယ်။ အဲဒီလိုလက်တံယန္တရားတွေ ဒီချုပ်ပါတီအစိုးရထက်ထဲမှာ မရှိပါဘူး။ ကိုင်မ ထားနိုင်ပါဘူး။
တတိယအချက်က ဒီလိုအမှုတွေကို ဖော်ထုတ်ဖို့ ဒီချုပ်ပါတီအစိုးရအဖို့ အစိမ်းသက်သက်ဖြစ်တယ်။ ဘာသာရပ်အသစ် ဖြစ်ပါ တယ်။ ဒီဘာသာရပ်ကို ကျွမ်းကျင်သူတွေ၊ လက်ယဉ်နေသူတွေဟာ “တပ် နဲ့ ရဲ” ပဲ ရှိတယ်။ (စရဖ)တို့၊ (ထလရ)တို့၊ (SB)တို့၊ (CID)တို့ရဲ့ အလုပ်တွေဖြစ်တယ်။ “တပ်နဲ့ ရဲ ပူးပေါင်းဖော်ထုတ်နေကြတယ်”လို့ ပြောနေတယ် မဟုတ်ပါလား။ “ကာကွယ်ရေးနဲ့ ပြည်ထဲရေး” ဆိုတာ အစကတည်းက တစ်သွေးထဲ တစ်သားထဲပါ။ တမိန့်ထဲအောက်မှာ လှုပ်ရှားနေကြသူတွေပါ။
စတုတ္တအချက်က ဒီလိုလုပ်ကြံသတ်ဖြတ်မှုတွေရဲ့ လက်သည်တရားခံအစစ်ကို ဘယ်တုန်းက ဖော်ထုတ်နိုင်ခဲ့တာ ရှိခဲ့ဖူးလို့လဲ ဆိုတဲ့ အနီးအဝေး သမိုင်းအချက်အလက်တွေရဲ့ အတွေ့အကြုံနဲ့သင်ခန်းစာတွေအရ ပြောတာပါ။
တခြားဝေးဝေးမပြောနဲ့ (နဝတ- နအဖ) စစ်ကောင်စီမှာ အတွင်းရေးမှူး ၂ လုပ်သွားခဲ့တဲ့။ ဗိုလ်တင်ဦးနဲ့ သူ့သမီးကြီး ချိုလဲ့ဦး လုပ်ကြံသတ်ဖြတ်ခံရမှုတွေကို ဘယ်မှာဖော်ထုတ်နိုင်ခဲ့လို့လဲ။ ဒါသူတို့ထိပ်ပိုင်းအကောင်ကြီးတွေ အတွင်းစည်းထဲမှာ ဖြစ်ခဲ့တာ ပါ။
“ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု”ကိုရော တရားခံအစစ် ဖော်ထုတ်နိုင်ခဲ့သလား။ ၂၀၀၈ခုနှစ်၊ မတ်လ၊ ကမာရွတ် စိမ်းလဲ့ကန်သာ မှာ ဖြစ်ပွားခဲ့တဲ့ ၅လောင်းပြိုင်။ ၂၀၁၆ခုနှစ်၊ ဩဂုတ်၊ မဂင်္လာဒုံ၊ ပတ္တမြားမြို့သစ်မှာဖြစ်ပွားခဲ့တဲ့ ၄လောင်းပြိုင်။ ၂၀၁၆ခုနှစ်၊ နိုဝင် ဘာလမှာဖြစ်ပွားခဲ့တဲ့ (M150) ပုလင်းပေါက်ကွဲမှုတွေ။ ၂၀၁၆ ဒီဇင်ဘာမှာဖြစ်ခဲ့ စမ်းချောင်းနိုင်ငံခြားငွေလဲကောင်တာ ဓားပြ တိုက်မှု စတဲ့ ရာဇဝတ်မှုလို နှုတ်ပိတ်တဲ့ အမှုအခင်းတွေတောင် မဖော်နိုင်တာ၊ မပေါ်နိုင်တာ၊ ဦးကိုနီလို နိုင်ငံရေး၊ ဘာသာရေး ရေခံမြေခံရှိတဲ့ လူတစ်ယောက်နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံအစစ်ဖော်ထုတ်ဖို့ဆိုတာ သိထား တဲ့ အချက်အလက်တွေ ဘယ်လောက်ပဲ တိကျခိုင်လုံနေပါစေ။ ဒီအကောင်ပဲလို့ ဂုတ်ဆွဲပြီးဖော်ထုတ်ပြသဖို့ဆိုတာ တကယ် တမ်းကျတော့ မလွယ်ကူနိုင်ပါဘူး။
ပုံပမာ ခိုင်းနှိုင်းရရင် သူကြီးက သတ်မှန်း/ သူကြီးက သတ်ခိုင်းလို့သတ်တယ်ဆိုတာ တရွာလုံးသိပေမယ့် ဘယ်ရွာသားကမှ သူကြီးသတ်ပါတယ်/ သူကြီးကသတ်ခိုင်းပါတယ်လို့ ဘယ်လိုလုပ်ပြီး ဖော်ထုတ်ဝံ့မှာလဲ။ သူကြီးမှန်းသိပေမယ့် သူကြီးနဲ့ သူကြီး အသိုင်းအဝိုင်းကို ဘယ်ရွာသားက လက်ညှိုးထိုးဝံ့မှာလဲ။
“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဆိုတာ သူကြီးက တရွာလုံးကို လွတ်လပ်စွာ မီးတင်ရှို့ခွင့်ရှိပြီး ရွာသူရွာသားတွေကတော့ ဆေးလိပ်မီးတောင် တို့ခွင့်မရှိတဲ့ ဒီမိုကရေစီမျိုးသာဖြစ်ပါတယ်။ ဒါပေမယ့် “လက်သည်တရားခံအစစ်” ဘယ်သူလဲဆိုတဲ့ အချက် နဲ့ အမှန်တရားဟာ ပြည်သူတွေအကြား တီးတိုးပြန့်နှံ့နေမှာ၊ ပြောဆိုနေကြမှာတော့ သိပ်ကို သေချာပါတယ်။ “အမှန်တရား” ဆို တာ ပြည်သူတွေအကြားမှာပဲ ရှိတာလေ။ “မုသား” ဆိုတာ အုပ်စိုးသူတွေရဲ့အရိုးမရှိတဲ့ လျှာဖျားပေါ်မှာ။
နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုဆိုတာ လွတ်လပ်ရေးမရခင်ကလည်း ကြုံခဲ့ရပြီ (ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမှု – နယ်ချဲ့သ မား လက်ချက်မှန်း သိကြတယ်) လွတ်လပ်ရေးရပြီးတဲ့နောက် (ဖဆပလ) အစိုးရရဲ့ “ပါလီမန်ဒီမိုကရေစီ” စနစ်အောက်မှာ လည်း မင်းလှလေးလောင်းပြိုင်၊ ငါန်းဇွန်လူသတ်မှု၊ ပအိုဝ်းအမတ်ဦးအောင်သာသတ်မှု၊ မြိတ်မပို စတဲ့ သတ်ဖြတ်မှုတွေ ပုံစံမျိုးစုံ နဲ့ ကြုံခဲ့ရပြီးပါပြီ။ တော်လှန်ရေးကောင်စီခေတ်၊ (မဆလ)ခေတ်၊ (နဝတ-နအဖ) ခေတ်မှာလည်းကြုံခဲ့ကြရဖူးပြီ။ “ပြောင်းလဲနေ ပြီ” ပြောဆိုနေတဲ့ကြ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီခေတ်”၊ တရားဥပဒေစိုးမိုးရေး ဂါထာရွတ်သလို ရွတ်နေကြတဲ့ခေတ်မှာ လည်း လက်တွေ့ ကြုံနေကြရပြီ။
ဒါကြောင့် “စစ်မှန်တဲ့လုံခြုံရာ”၊ “စစ်မှန်တဲ့ ငြိမ်းချမ်းရာ” ဆိုတာဟာ အသက်ဇီဝ လုံးဝချုပ်ငြိမ်းသွားတာကို ကဗျာဆန်ဆန် ပြော တာပဲဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ အသက်ရှင်သန်လှုပ်ရှားနေတဲ့ လက်တွေ့ဘဝထဲမှာ စစ်မှန်တဲ့လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုက ကမ္ဘာ့ ဘယ်နေရာမှာများ ရှိနေပါသလဲ။
သာမန်လူတွေဟာ အတိဒုက္ခနဲ့ ကြုံရတာမှာပဲဖြစ်ဖြစ်၊ ဘေးအန္တရာယ်တစ်ခုခုကို ရင်ဆိုင်ရတာမှာပဲဖြစ်ဖြစ် မိမိယုံကြည်ရာ အား ကိုးရာ အရှင်သခင်၊ ခေါင်းဆောင်၊ ဆရာသမားရဲ့ နွေးထွေးကြင်နာတဲ့ ဖေးမကူညီမှုကို မျှော်လင့်တတ်ပါတယ်။ တောင်းခံတတ် ပါတယ်။ ရယူလိုတတ်ကြပါတယ်။ ဒီလို တောင်းဆိုတာ၊ မျှော်လင့်တာဟာ သဘာဝကျပါတယ်။ တရားမျှတပါတယ်။
ကြီးကျယ်တဲ့ အရှင်သခင်တွေ၊ ခေါင်းဆောင်တွေ၊ ဆရာသမားတွေရဲ့ မြင့်မြတ်တဲ့ဉာဏ်ပညာနဲ့ ကြီးမားတဲ့ သည်းခံနိုင်စွမ်းတွေ ဟာ တခါတလေမှာ သာမန်လူတွေအတွက် ရက်စက်သော စိမ်းကားမှုတွေအဖြစ် ပြောင်းလဲသွားတတ်ပါသလား။
စစ်မှန်တဲ့ လုံခြုံမှုနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းမှုဆိုတာ စစ်မှန်တဲ့ပြည်သူ့ခေတ်ကို တည်ဆောက်နိုင်တဲ့အခါမှသာ ပေါ်ထွန်းလာနိုင်မှာပါ။