(လူငယ့်အသံ လူငယ့်အမြင်)
တိုင်းရင်းလူငယ်အများစုဟာ မိမိတို့ရဲ့တိုင်းရင်းသားစာပေ ထိန်းသိမ်းမှုအားနည်းလာပြီး အခြားတိုင်းတစ်ပါးစာပေကို ဦးစားပေး သင်ယူမှုများလာတဲ့အချိန်မှာ တိုင်းရင်းသားစာပေပျောက်သွားမှာ စိုးရိမ်ကြောင့်ကြနေလို့ ကိုယ့်တိုင်းရင်းသားစာပေကိုသာ ဦးစားပေးသင်ယူပြီး ထိန်းသိမ်းမယ်လို့ ပြောလာသူကတော့ အသက် ၂၄နှစ်အရွယ် စောအဲထီသို (ခ) စောသန်းမင်းထွေးပါ။
စောအဲထီသိုဟာ မိဘတွေ ငွေကြေးမတတ်နိုင်လို့ ပညာရေးကိုဆုံးခန်းတိုင်အထိ မသင်ရဘဲ အခြေခံပညာ အထက်တန်းအထိ သာ ကျောင်းတက်ခဲ့ရပြီး ကရင်စာပေဘက်မှာလည်း ဆရာတွေနဲ့ အခြေခံကျကျ ငယ်စဉ်ကတည်းက သင်ယူခဲ့ရခြင်း မရှိပါဘူး။ သို့သော်ငြားလည်း ကရင်စာပေကိုတော့ ဇွဲမလျှော့တမ်း ထိန်းသိမ်းဖို့ရည်ရွယ်ပြီး အခုချိန်မှာ တိုင်းရင်းသားစာပေလောကထဲ စတင်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။
“ကျနော့်မှာ ဆုံးခန်းတိုင်ပညာသင်ခွင့်မရပေမယ့် စာပေယဉ်ကျေးမှုကို ထိန်းသိမ်းရမှာ ကျနော်သိတယ်။ ကျနော် အခုလို လုပ် တာလည်း သမိုင်းပေးတာဝန်အရလို့ပဲ ခံယူထားပါတယ်။ ကျနော့်စာပေကိုလည်း ထွန်းကားအောင် ကျနော်လုပ်ချင်ပါတယ်။ ကျနော့်မှာ ဘာပညာမှမပြည့်စုံလို့ ပညာတတ်တဲ့ သံဃာတော်ဆရာသမားထံမှာ ချည်းကပ်ပြီးတော့ သင်ယူမှုတွေ လုပ်နေ တယ်”လို့ သူ့ရဲ့ကြိုးပမ်းမှုကို ဖွင့်ဟခဲ့ပါတယ်။
သူဟာ ကော့ကရိတ်မြို့ရဲ့မြောက်ပိုင်း ဒေါနတောင်ခြေ၊ ကော့ကမာကျေးရွာနေ စောလှခင်အေးနဲ့ ဂါ့လူခင်တို့ရဲ့ သားသမီး သုံး ယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်ဆုံးသွားတာဖြစ်လို့ မိခင်ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာ တဲ့သူပါ။ သူ့ရဲ့မူလတန်းပညာကိုတော့ ကော့ကမာရွာမှာ ကျောင်းတက်သင်ယူပြီး အလယ်တန်းနဲ့ အထက်တန်းကိုတော့ ကျုံဒိုး မြို့ အ.ထ.က မှာ တက်ခဲ့ပါတယ်။ ၂၀၁ဝခုနှစ်မှာ သူ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)ဖြေပြီးသည့်နောက်မှာ မအောင်တော့ ဆက်ဖြေဖို့ ငွေကြေးမတတ်နိုင်လို့ ကျောင်းပညာရေးကို ဒီလိုပဲ သူ အဆုံးသတ်လိုက်ရပါတယ်။
နောက်ပိုင်း ကျောင်းမဆက်တက်ပေမယ့် အပြင်က ကွန်ပျူတာသင်တန်းနဲ့ပတ်သက်တဲ့ သင်တန်းတွေတက်၊ ဝင်ငွေရှာဖို့ သူ့ဒေ သမှာ မှတ်တမ်းဗီဒီယိုတွေ လိုက်ရိုက်ရင်း ၂၀၁၅မှာဖွင့်တဲ့ ကရင်စာပေဆရာဖြစ်သင်တန်းကို တက်ရောက်ခဲ့ပြီးနောက် အနီး အနား ကျေးရွာတွေနဲ့ ကရင်စာပေပြန့်ပွားအောင် ကော့ကမာစာပေဌာနဆိုပြီး သူ့ရဲ့ရွာမှာ ပြန်တည်ထောင်ခဲ့ပါတယ်။ ဒီလို စာပေဌာနထူထောင်လိုက်တာဟာလည်း ကရင့်စာပေကိုထိန်းသိမ်းတဲ့အနေနဲ့ ထူထောင်ပေးတာဖြစ်ပြီး သမိုင်းဝင်စာပေများ လည်း စုဆောင်းထားမှာဖြစ်လို့ တစ်ချိန်ချိန်မှာ စာပေသမိုင်းနဲ့ပတ်သက်ပြီး လိုအပ်ရင် သူ့ဌာနမှာ အလွယ်တကူ သွားရှာနိုင်ဖို့ ရုံးဖွင့်ဖို့ပါ သူ စီစဉ်ထားပါတယ်။
စာပေဌာန ထောင်တဲ့နှစ်မှာ ဒေသတွင်း လူငယ်တွေ စိတ်ဝင်စားလာဖို့ ကရင်ပြည်နယ်မှာရှိတဲ့ ကဗျာဆရာတွေကပဲ ရေးထားတဲ့ စာမျက်နှာ ၁၀ဝပါ (လဝိုင်ဖော့ကလို-ကဗျာပန်းဥ ယျာဉ်) စာအုပ်တစ်အုပ် ထုတ်ဖြစ်ခဲ့ပါတယ်။ ကရင်စာပေနဲ့ပတ်သက်ပြီး သူ့အ တွက် စိန်ခေါ်မှုများစွာ ရှိသလို နောက်ကွယ်မှာ ပုတ်ခတ်သူတွေရှိပေမယ့်လည်း အများအတွက် လုပ်ပေးတယ်ဆိုတဲ့ စိတ်ခွန် အားနဲ့ ပြန်ဖြေသိမ့်ရတဲ့အခါလည်း ရှိတယ်လို့ စောအဲထီသိုက သူ့ရဲ့ ရင်တွင်းဖြစ် ခံစားချက်တွေကို ပြောပြပါတယ်။
“ကဗျာစာအုပ် ထုတ်ပေးတဲ့ရည်ရွယ်ချက်က ကျနော်တို့ဒေသက လူငယ်တွေ ကရင်စာပေဘက် စိတ်ဝင်စားလာအောင် တို့နယ် က ထုတ်တဲ့ စာအုပ်ဆိုပြီး သူတို့တွေ ဖတ်မယ်။ သူတို့လည်း ရေးချင်လာအောင် လုပ်ပေးတဲ့ သဘောဖြစ်ပါတယ်။ ကျနော် စာအုပ်ထုတ်တာ အများအတွက်ပါ။ တချို့လူတွေက ‘အလုပ်မရှိ လိုက်လုပ်တယ်။ ပိုက်ဆံမရပေမယ့် အချိန်ကုန်ခံပြီး လိုက်လုပ် တယ်’လည်း အပြောခံရပါတယ်။ ဒါပေမယ့် ကျနော်စိတ်ဓာတ်မကျပါဘူး၊ ဆက်လုပ်မယ်။ ၂၀၁၆အတွင်းမှာ ကျနော် နောက် ကဗျာစာအုပ်တစ်အုပ် ထပ်ထုတ်မယ်။ ကျနော့်စာအုပ် ဖြစ်မြောက်ဖို့လည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တာ မဟုတ်တော့ ဆရာသမားတွေဆီ ကျနော် အကူညီတောင်းတယ်”လို့လည်း ပြောပါတယ်။
ခေတ်ပညာတတ်လူငယ်တွေ ယခင်ထက် ပိုများလာတာမှန်ပေမယ့် တိုင်းရင်းသားစာပေယဉ်ကျေးမှု ထိန်းသိမ်းတဲ့အပိုင်းမှာ နည်းလာတဲ့အတွက် အလွန် စိတ်မကောင်းဖြစ်ရသလို အဲလို စိတ်ဝင်စားမှု နည်းလာခြင်းဟာလည်း ရှေ့က ဦးဆောင်ပေးတဲ့လူ နည်းတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
စာပေဟာ လူမျိုးတစ်မျိုးရဲ့ အနာဂတ်ဖြစ်တယ်။ လူငယ်တွေထံမှာလည်း တာဝန်ရှိတယ်။ လူငယ်တွေကို ပြောချင်တာက အပျော်တမ်းအင်တာနက်သုံးပြီး အချိန်ဖြုန်းတာထက် စာပေဗဟုသုတတွေ သင်ယူလေ့လာရင်း အချိန်ဖြုန်းရင်တော့ ပိုမြတ် မယ်။ လူငယ်တွေ စာများများဖတ်ပါ။ မိမိတိုင်းရင်းသားစာပေလေ့လာပါလို့ တိုက်တွန်းကြောင်း စောအဲထီသိုက သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။