Home သတင်း မူးယစ်‌ဆေးဝါးကိစ္စ အဖွဲ့စုံအလွှာစုံ ပတ်သက်ဆက်နွယ်သည့်အတွက် စိန်‌ခေါ်မှုရှိဟု ဆို

မူးယစ်‌ဆေးဝါးကိစ္စ အဖွဲ့စုံအလွှာစုံ ပတ်သက်ဆက်နွယ်သည့်အတွက် စိန်‌ခေါ်မှုရှိဟု ဆို

2262

စက်တင်ဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မူးယစ်‌ဆေးဝါးကိစ္စနှင့်ပတ်သက်၍ အဖွဲ့အစည်း‌ပေါင်းစုံ၊ လူမျိုး‌ပေါင်းစုံ၊ အဆင့်အတန်းမျိုးစုံနှင့် ဆက်နွယ်မှုရှိသည့်အတွက် တိုက်ဖျက်ရာတွင် စိန်‌ခေါ်မှုများစွာရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် တရားသူကြီး ပဒို‌စောလှ‌အောင်က စက်တင်ဘာလ ၁၉ရက်‌နေ့၌ ‌ပြောဆိုခဲ့သည်။

“မူးယစ်‌ဆေးဝါးကိစ္စက‌တော့ ဆက်နွယ်တဲ့လူ‌တွေက မျိုးစုံရှိတဲ့အတွက် တိုက်ဖျက်တဲ့‌နေရာမှာ စိန်‌ခေါ်မှု‌တွေ များပါတယ်။ ဒီစိန် ‌ခေါ်မှု‌တွေကြားထဲကပဲ ခရိုင် ဥက္ကဌကြီး လမ်းညွန်ချက်အတိုင်း ဆက်လက် ‌ဆောင်ရွက်သွားမယ်”ဟု ဝင်း‌ရေးမြို့နယ်ရုံးခန်းမအ တွင်း ပြုလုပ်သည့် ဖမ်းဆီးမူးယစ်‌ဆေးများ ဖျက်ဆီးသည့် အခမ်းအနားတွင် ပဒို‌စောလှ‌အောင်က ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ‌ရှေ့ဆက်၍ ‌ရောင်းဝယ်‌ဖောက်ကားသူများအပြင် သုံးစွဲသူများကိုပါ ‌ကော်သူး‌လေ မူးယစ်အထူးအက်ဥပ‌ဒေ (၁/၂၀၁၄)အရ အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်ဖြင့် ‌ဆောင်ရွက်သည့်‌နေရာတွင် ချွတ်ယွင်းအားနည်းချက် ရှိမည်ဖြစ်‌သော်လည်း လူမျိုးနှင့် အားလုံးအတွက် တတ်စွမ်းသမျှ ပူး‌ပေါင်း‌ဆောင်ရွက်‌နေသည်ဟု ပဒို‌စောလှ‌အောင်က ဆက် ‌ပြောသည်။

ဖမ်းဆီးမူးယစ်‌ဆေးများ ဖျက်ဆီးသည့်အခမ်းအနားတွင် တရားခံ (၅)ဦးကို ပြစ်ဒဏ်ချမှတ်ပြီး ဖမ်းဆီးထားသည့် ကာလတန်ဖိုး သိန်း (၂၀)‌ကျော်ရှိသည့် မြင်း‌ဆေး ၇၅၂လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာသို့ မြို့နယ်တရားသူကြီး ပဒို‌စောလှ‌အောင်၊ ဖားပြစခန်း မှူး ‌စောငြိမ်းချမ်း၊ တရား‌ရေးဌာန အဖွဲ့ဝင်များနှင့် ‌ဒေသခံ (၂၀)ဦးခန့် တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူ၏ ယခု မူးယစ်‌ဆေးဝါး တိုက်ဖျက်အ‌ရေးယူမှုအ‌ပေါ် ဝင်း‌ရော်‌ဒေသ ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စော‌ယောင့်သာအဲ့ ဆန်က “‌ဒေသတစ်ခုက မူးယစ်‌ဆေးဝါး‌ရောင်းဝယ် သုံးစွဲမှုအရမ်းများ‌နေတယ်ဆိုရင် နိုင်ငံ‌တော် အချုပ်အခြာအာဏာ လွှမ်းမိုးမှု အားနည်းတယ်လို့ ‌ပြောလို့ရသလို ‌ဒေသခံလက်နက်ကိုင် အဖွဲ့အစည်း‌တွေကလည်း အုပ်ချုပ်မှုညံ့ဖျင်းတယ်လို့ ‌ပြောလို့ရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူအ‌နေဖြင့် မူးယစ်‌ဆေးဝါး နှိမ်နင်းဖမ်းဆီးမှုပြုလုပ်ခြင်းအ‌ပေါ် ဝမ်းသာ‌သော်လည်း ထိ‌ရောက်မှု မရှိ‌သေး‌ကြောင်း၊ လူငယ်များ မူးယစ်‌ဆေးသုံးစွဲမှု ဆိုးဆိုးဝါးဝါးမြင်‌တွေ့‌နေရဆဲဖြစ်‌ကြောင်း၊ လူထုက ဆန္ဒထုတ်‌ဖော်ရန် အသက်အန္တရာယ်ရှိသည့် အတွက် နိုင်ငံ‌တော်အာဏာပိုင်၊ ကရင်လက်နက်ကိုင်အဖွဲ့များနှင့် မွန်လက်နက်ကိုင်အဖွဲ့တို့ ထိထိ‌ရောက်‌ရောက် ပူး‌ပေါင်းတိုက် ဖျက်‌ပေး‌စေလို‌ကြောင်း ၎င်းက ဖြည့်စွက်‌ပြောသည်။

‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်သည် ယခုနှစ် ဇွန်လမှ ဩဂုတ်လအထိ မူးယစ်‌ဆေး‌ရောင်းဝယ်သုံးစွဲသူ လူ(၂၀၀)‌ကျော်ကို ဖမ်းဆီး အ‌ရေးယူခဲ့ပြီး ဩဂုတ်လ ၂၉ရက်‌နေ့က စိတ်ကြွ‌ဆေးပြား အလုံး‌ရေ (၅၀၀) နှင့် စက်တင်ဘာ (၁၉)ရက်‌နေ့ကလည်း အလုံး‌ရေ (၇၅၂)လုံး မီးရှို့ဖျက်ဆီးခဲ့‌သေးသည်။