Home သတင်း ‌ရေရှည်တည်တံ့‌သော ငြိမ်းချမ်း‌ရေးနှင့် အမျိုးသမီးများ ပါဝင်မှု စာအုပ်ထုတ်‌ဝေ

‌ရေရှည်တည်တံ့‌သော ငြိမ်းချမ်း‌ရေးနှင့် အမျိုးသမီးများ ပါဝင်မှု စာအုပ်ထုတ်‌ဝေ

1853

စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ခွင့်ပြုနိုင်‌ရေး ရည်ရွယ်ပြီး ငြိမ်းချမ်း‌ရေးအတွက် အမျိုးသမီးများ အဖွဲ့(WFFP)မှ စီစဉ်ထုတ်‌ဝေသည့် ‘‌ရေရှည်တည်တံ့‌သော ငြိမ်းချမ်း‌ရေးနှင့် အမျိုးသမီးများပါဝင်မှု’ စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ စက်တင်ဘာ ၂၈ ရက်၊ ‌နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

“မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ဘယ်‌လောက်အ‌ရေးကြီးတဲ့အ‌ကြောင်း၊ အမျိုးသမီးများပါဝင်ခွင့်ရဖို့ ဘယ်အရာ‌တွေက အဟန့်အတားဖြစ်‌နေတယ်၊ ဘယ်လို ပူး‌ပေါင်း‌ဆောင်ရွက်သင့်လဲတို့ကို ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေမှာ ပါဝင်‌နေတဲ့ အမျိုးသမီးများအသံကို အဲဒီစာအုပ်က‌နေတဆင့် ‌ဖော်ပြခွင့်ရ‌ရေးအတွက် ကျမတို့ အခုလို ထုတ်‌ဝေတာ ဖြစ်ပါတယ်”ဟု WFFP ဒါရိုက်တာ ‌ဒေါ်သူဇာတင်က ‌ပြောသည်။

သင်တန်းပို့ချမှုများမှ ရရှိလာသည့် အချက်အလက်များကို WFFP အဖွဲ့က ဇူလိုင်မှ စက်တင်ဘာလအထိ သုံးလကြာ အချိန်ယူပြုစုပြီး‌နောက် မြန်မာဘာသာဖြင့် စာမျက်နှာ ၃၄ မျက်နှာပါရှိ‌သော ယခုစာအုပ်ကို ထုတ်‌ဝေကာ မိတ်ဆက်ပွဲပြုလုပ်ခြင်းဖြစ်‌ကြောင်း သိရသည်။

စာအုပ်မိတ်ဆက်ပွဲတွင် ငြိမ်း‌ဖောင်‌ဒေးရှင်း၊ ငြိမ်းချမ်း‌ရေးအတွက် လူမှု‌ပေါင်းစည်း‌ရေး အစီအစဉ် မန်‌နေဂျာ နန်းရှန်လဖိုင်က “နိုင်ငံတနိုင်ငံမှာ အ‌ကြောင်းအရာ တစ်ခုခု‌ကြောင့် စစ်ဖြစ်ခဲ့ပြီးဆိုရင် ခံရသူ‌တွေဟာ အမျိုးသမီး နဲ့ က‌လေး‌တွေ အများဆုံးဖြစ်တယ်။ ဒါ‌ကြောင့် ငြိမ်းချမ်း‌ရေးနဲ့ တွဲပြီး ဖွံ့ဖြိုး‌ရေးလုပ်ငန်း တပြိုင်နက်ထဲလုပ်ရမှာ ဖြစ်တဲ့အတွက် အမျိုးသမီး‌တွေပါဝင်ခွင့်ဟာ အ‌ရေးကြီးတယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပါဝင်ခွင့်နည်းတယ်၊ ဆုံးဖြတ်နိုင်တဲ့ အဆင့်မှာ ပါဝင်ခွင့် မရဘူးဆိုရင် ‌ရေရှည်တည်တံ့မှာ မဟုတ်ပါဘူး”ဟု ‌ပြောသည်။

ထို့အပြင် အစိုးရသစ်‌ပေါ်ထွက်လာ‌သော်လည်း မြို့‌ပေါ်နှင့် နယ်စပ်‌ဒေသများတွင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖတ်ခြင်း စသည့် ဆိုး‌မွေများခါးစီးခံ‌နေရဆဲဖြစ်ကာ ယင်းတို့ကို အမျိုးသမီးအ‌ရေးလုပ်‌ဆောင်‌နေသူ များက ‌ပြောဆို‌နေ‌သော်လည်း အကျိုးထိ‌ရောက်မှု မရှိ‌သေးသလို လွှတ်‌တော်ထဲတွင်လည်း ‌ပြောဆိုမှု အားမ‌ကောင်း‌သေးသည်ကို ‌တွေ့ရ‌ကြောင်း အမျိုးသားလွှတ်‌တော်၊ အမျိုးသမီးနှင့် က‌လေးသူငယ် ကာကွယ်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌နော်စူစဲန်နာ လှလှစိုးက ယင်းစာအုပ်တွင် ‌ပြောဆိုထားသည်။

လက်ရှိ အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းထားသည့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန (NRPC) အဖွဲ့ဝင် ၁၁ ဦးတွင် အမျိုးသမီး ၂ ဦးသာ ပါဝင်ပြီး ငြိမ်းချမ်း‌ရေး ‌ကော်မရှင်အဖွဲ့ဝင် ၆ ဦးတွင် အမျိုးသမီး တစ်ဦးမျှ မပါဝင်‌ကြောင်းနှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ပူး‌ပေါင်း‌ကော်မတီ(UPDJC) တွင် အဖွဲ့ဝင် ၄၈ ဦးတွင် အမျိုးသမီး ၄ ဦးသာ ပါဝင်‌ကြောင်းလည်း စာအုပ်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ဩဂုတ်လကုန်ပိုင်းတွင် ပြုလုပ်သည့် ၂၁ ရာစုပင်လုံတွင် စာတမ်း ၇၂ ဦး တင်သွင်းဖတ်ကြားရာတွင် အမျိုးသမီး ၉ ဦးသာ ပါဝင်ကာ လက်ရှိ အစိုးရသစ်လက်ထက် လွှတ်‌တော်များ၌ အမျိုးသမီးလွှတ်‌တော် ကိုယ်စားလှယ် ၁၃ ရာခိုင်နှုန်းပါဝင်သည့်အတွက် ယခင်ကထက် ၂ ဆခန့် တိုးလာ‌သော်လည်း ထိုထက် ပါဝင်ခွင့်ရ‌အောင် ဖန်းတီး‌ပေးသင့်သည်ဟု အမျိုးသမီးအ‌ရေး လုပ်‌ဆောင်‌နေသူများက ‌ပြောဆို‌နေကြသည်။

WFFP အဖွဲ့သည် မြန်မာနိုင်ငံ အမျိုးသမီးအခွင့်အ‌ရေးအတွက် လှုပ်ရှား‌နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် အ‌ခြေစိုက်လျှက်ရှိသည်။