(ဩဂုတ် ၂၆၊ ၂၀၁၆)
ဝေးလံခေါင်ဖျားတဲ့ ကျေးနယ်တောရွာထဲမှာ ကြီးပြင်းလာတဲ့အတွက် ဦးဆောင်မှုကောင်းနဲ့ ကြုံတွေ့မှုမရှိတဲ့ လူငယ်ဘဝဟာ မြို့ ကြီးပြကြီးသို့ သွားတဲ့အခါမှာ သိမ်ငယ်မှုများနဲ့ ကြုံတွေ့ရပေမယ့်လည်း တစ်ချိန်ချိန်မှာ ဦးဆောင်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ် အောင် ကြိုးစားနေတယ်လို့ သူ့ရဲ့ ရင်တွင်းဖြစ်ခံစားချက်ကို ဖွင့်ဟ ပြောဆိုလာသူကတော့ ၂၅နှစ်အရွယ် စောငြိမ်းမိုးပါ။ သူဟာ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက ဟောင်သရောကျေးရွာလေးမှာနေပြီး လယ်ယာတောင်သူ မန်းအောင်မြင့်နဲ့ နန်းနောင်မွီတို့ရဲ့ သားသမီး ၆ဦးထဲက အကြီးဆုံးသားဖြစ်ပါတယ်။ မိဘတွေက ပညာတတ်တဲ့ အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူတွေ မဟုတ်ပေမယ့် သားသမီးတွေကို ပညာတတ်ဖြစ်စေလိုတဲ့အတွက် ကျောင်းထားခဲ့ကြပါတယ်။
မိဘတွေရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကြောင့် စောငြိမ်းမိုးဟာ ရွာကျောင်းမှာ သူငယ်တန်းကနေ ဒုတိယတန်းအထိ နေခဲ့ တယ်။ အဲဒီကနေ တတိယတန်းကို သုံးဆယ့်ဆူရွာနဲ့ စတုတ္ထတန်းကနေ အဋ္ဌမတန်းအထိ ပဲခူးတိုင်း၊ ဘုရားကြီး စံပြကျေးရွာ၊ ဒီကတဆင့် နဝမတန်းကို သုံးဆယ့်ဆူရွာမှာ ကျောင်းပြန်တက်ခဲ့ပြီး ဒဿမတန်းကိုတော့ ကော့ကရိတ်မြို့၊ အထက ချောင်း တောင်ကျောင်းတွေမှာ အဆင့်ဆင့် ပြောင်းရွှေ့ ပညာသင်ခဲ့ရပါတယ်။ ၂၀၀၉ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်သွားခဲ့ပြီး ပထဝီ ဘာသာရပ်နဲ့ ၂၀၁၄ခုနှစ်က ဖားအံတက္ကသိုလ်မှာ ဘွဲ့ရရှိခဲ့တာ ဖြစ်ပါတယ်။
စောငြိမ်းမိုးဟာ ဗဟုသုတများတဲ့ လူငယ်တစ်ယောက်မဟုတ်ခဲ့ပေမယ့်လည်း ဘွဲ့ရရှိပြီးနောက်မှာ အပြင်သင်တန်းတွေတက်ရင်း အမြင်ကျယ်လာပြီး လူမှုအကျိုးပြု ဆောင်ရွက်မှုတွေ စတင်ခြေလှမ်းလာပါတယ်။ အဲဒီကနေတဆင့် လူငယ်တွေ တက်ကြွမှုရှိ လာအောင် ရည်ရွယ်ပြီး သူနေထိုင်တဲ့ရွာမှာ လူငယ်တွေကို ဦးဆောင်ပေးရင်းနဲ့ အခုအချိန်မှာ ကော့ကရိတ်မြို့နယ် အခြေစိုက် သွီးအရပ်ဘက်လူမှုအဖွဲ့အစည်းမှာ ဝင်ရောက် အလုပ်လုပ်နေပါတယ်။ လူငယ်ဦးဆောင်မှုသင်တန်းတွေကိုလည်း သူ့ရဲ့မြို့နယ် ထဲမှာ ပြန်လည်ချပြနိုင်တဲ့သူတစ်ယောက် ဖြစ်လာနေပါပြီ။ လူမှုအသိုင်းအဝိုင်းထဲမှာ ပထမအစ အလုပ်ဝင်လုပ်တုန်းက သူကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြတာက-
“ကျနော်တို့က တောမှာနေတယ်ဆိုတော့ မပြောတတ်၊ မဆိုတတ်သလို ဖြစ်နေတယ်။ ဘာသာစကား အခက်အခဲကြောင့်လည်း ပါတယ်။ လူကြားထဲဝင်တဲ့အချိန်မှာ သူများတွေက လူမှုဆက်ဆံရေး အတွေ့အကြုံ မျှဝေတဲ့အချိန်မှာ ကိုယ်က ဘာမှမပြောနိုင် တဲ့ အခြေအနေအထိ ဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့မှာ ငယ်ငယ်ကတည်းက ဦးဆောင်လမ်းပြကောင်းပေးတဲ့ လူ လည်း မရှိသလို အရှေ့သွားပါလို့လည်း တိုက်တွန်းတဲ့ လူမရှိဘူး။ တစ်ခုခုလုပ်ရင် ဝေဖန်ပြောဆိုတာတွေ အမြဲရှိပါတယ်။ ဒါကြောင့် လုပ်ရင်းသင်ရင်းနဲ့ ဘဝကို ကျောင်းခဲ့ရပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ငယ်စဉ်ကတည်းက သူ ရည်မှန်းထားတဲ့ ရပ်ရွာလူထုကို အသိဉာဏ်တိုးတက်အောင် လုပ်ပေးချင်တဲ့ဆန္ဒက သူဘွဲ့ရရှိ ပြီးနောက်မှာ အပြင်စွမ်းရည်မြှင့်သင်တန်းတက်ရင်းနဲ့ သူ့ရဲ့အိပ်မက်ကို တဖြည်းဖြည်း အကောင်အထည်ဖော်ခွင့် ရလာခဲ့ပါ တယ်။ လက်ရှိမှာ သူ့ရဲ့ ပညာဗဟုသုတတွေကို သွီးအရပ်ဘက်လူမှု အဖွဲ့ဝင်တစ်ယောက်အနေဖြင့် လိုအပ်သလို သင်တန်းတွေ လိုက်ပေးပါတယ်။ အဲလို သင်တန်းလိုက်ပေး၊ လိုက်သွားရတဲ့အတွက် အတွေ့အကြုံကောင်းတွေ ရရှိလာသလို ရင့်ကျက်လာတဲ့ လူငယ်တစ်ယောက်လို့ မိမိကိုယ်မိမိ ခံစားရတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အခုမျက်မှောက်ကာလမှာ လူငယ်တချို့ဟာ ပညာရေးပိုင်းမှာ အားနည်းတဲ့အတွက် ပန်းတိုင်မရှိ လေလွှင့်နေတာတွေ တွေ့ရလို့ သူ့အနေနဲ့ ရင်လေးတွေးပူနေမိတယ်လို့ လည်း အခုလို ဖွင့်ဟပါတယ်။
“ကျနော် တစ်ခုမြင်မိတာက တချို့လူငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြီး စိတ်ပိုင်းဆိုင်ရာတိုးတက်မှု အားနည်းတာကို တွေ့ ရတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ကျောင်းမှာက ပညာတွေပေးတယ်။ ဒါပေမယ့် အသိပညာဗဟုသုတ အားနည်းတဲ့အတွက် ကြောင့် လူငယ်ထုထဲမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ပျက်စီးမှုများလာတာ တွေ့ရမြင်ရလို့ စိတ်မကောင်းစရာပါ”လို့ စောငြိမ်းမိုးက ပြောပါတယ်။
ဒါကြောင့် ကရင်လူငယ်အပြင် အခြားတိုင်းရင်းသားလူငယ်တွေလည်း အသိပညာ ဗဟုသုတများများ လေ့လာကြိုးစားပါ။ လူငယ်တွေ ဦးဆောင်မှုစနစ်ကို ကျင့်သုံးပြီး မိမိကိုယ်ကို ယုုံကြည်မှု အမြဲထားစေချင်တယ်လို့ စောငြိမ်းမိုးက တိုက်တွန်းပြော ကြားလိုက်ပါတယ်။