ဇွန်လ ၈ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခု ဇွန်လ ၂၃ရက်နေ့တွင် စတင်မည့် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များနေထိုင်ရာ ထမ်းဟင်ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာဖွယ်ရှိ သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်၊ စွန်ဖုမြို ့နယ်တွင်ရှိသည့် အဆိုပါဒုက္ခသည်စခန်းသို့ ဇွန်လ ၂၅ရက်နေ့တွင် သွားရောက်ရန်ရှိ ကြောင်းသိရပြီး ခရီးစဉ်နှင့်ပတ်သက်၍ စခန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် စောရယ်မေဘူးက ယခုလို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်လာမယ်လို့တော့ ဘန်ကောက်က မြန်မာသံရုံးက လူတွေ လာပြောတာတော့ ရှိတယ်။ လာတဲ့သူတွေ ကလည်း သူမအနေနဲ့ ဒုက္ခသည်တွေနဲ့ တွေ့ချင်တယ်တဲ့ ဒီလောက်ပဲ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်လာတာ အကြောင်း ကိစ္စတစ်ခုခုတော့ရှိမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ခရီးစဉ်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် စစ်သံမှူးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ရက်နေ့က အဆိုပါဒုက္ခသည်စခန်း သို့ သွားရောက်လေ့လာမှုများရှိခဲ့သလို လတ်တလော ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့် ခရီးစဉ်မတိုင်မီ ဇွန်လ ၉ရက် နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ယင်းစခန်းသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထမ်းဟင်ဒုက္ခသည်စခန်း သွားရောက်လေ့လာမည့် ခရီးစဉ်အပေါ် ကရင်ဒုက္ခသည်ကော်မတီ-KRC သို့ ယနေ့အထိ တရားဝင် အကြောင်းကြားထားခြင်းမရှိသေးသော်လည်း ခရီးစဉ်ဖြစ်မြောက်ပါက သွားရောက်တွေ့ဆုံပြီး ဒုက္ခသည်အရေးကိစ္စများကို တင်ပြမည်ဖြစ်ကြောင်း KRC တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က မယ်လဒုက္ခစခန်းသို့ တစ်ကြိမ်သွားရောက်ခဲ့ဖူးပြီး ယခု ထမ်းဟင်ဒုက္ခ စခန်းသို့ သွားရောက်မည့် ခရီးစဉ်မှာ သူမ၏ ဒုတိယအကြိမ်မြောက် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းခရီးစဉ်ဖြစ် လာမည် ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖုိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယန်း၊ ထမ်းဟင်၊ ကရင်နီအမှတ် (၁) နှင့် အမှတ် (၂) စသည့်မြန်မာဒုက္ခသည်စခန်း ၉ခုမှ လူဦးရေ ၁သိန်းကျော်ရှိသည့်အနက် ထမ်းဟင်ဒုက္ခသည်စခန်းမှာ ရပ်ကွက် ၁၅ရပ်ကွက်ရှိနှင့် လက်ရှိ လူဦးရေစုစုပေါင်း ၁,၂၄ဝခန့်ရှိကြောင်း စခန်းတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။



















