မေ ၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်လူရွှင်တော် မန်းခလောင်းသာ (မန်ကျည်းသီး)ဟု လူသိများသည့် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အစုကြီးကျေးရွာမှ မန်းကလိုစေး (၄၈)နှစ်သည် မေ ၂ရက်နေ့ နံနက် ၇နာရီခွဲခန့်တွင် အစုကြီးကျေးရွာရှိ ၎င်း၏နေအိမ်၌ အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
မန်းခလောင်းသာသည် ဆီးကျောက်တည်ခြင်းရောဂါမှစတင်ကာ ဆီးတွင် တည်နေသည့် ကျောက်များကို ခွဲစိတ်ဖယ်ထုတ်မှုပြုခဲ့ပြီး ရက်အတန်အကြာတွင် အူမကြီးကင်ဆာရောဂါဖြစ်ပေါ်လာကာ ခွဲစိတ်ကုသမှုပြုခဲ့ သော်လည်း သက်သာလာခြင်းမရှိဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏သားဖြစ်သူ စခန့်ရှူ ပွားက မေ ၂ရက်နေ့က ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “စဖြစ်တာက တပေါင်းလပြည့်လောက်မှာ ရန်ကုန်ဆာဂူရာဆေးရုံကို ဆီးရောဂါဆိုပြီး သွားပြတယ်။ ဒါပေမဲ့ ဆရာဝန်က မသကင်္ာလို့ စစ်ကြည့်တော့ အူမကြီး ကင်ဆာဖြစ်နေတယ်။ ဒီမနက် ၆နာရီလောက်က စဖြစ် တာပေါ့။ ကြွက်တစ်ကိုယ်လုံး တက်တယ်။ အစကတည်းက ဆီးကြိတ်ရော အူမကြီးကင်ဆာရောဂါရောရှိနေတဲ့ အခါကျတော့ ဒီမနက် ၇နာရီခွဲလောက်မှာ အသက်မရှိတော့ဘူး”ဟု ပြောသည်။
မန်းကလောင်းသာသည် ၂၀၀ဝခုနှစ်မှစကာ ပန်းတနော်မြို့နယ်ယဉ်ကျေးမှုဇာတ်အဖွဲ့ကြီး၌ လူရွှင်တော်အဖြစ် စတင်ပါဝင်လာခဲ့ပြီး ကရင်စကား၊ စာပေယဉ်ကျေးမှုများကို ဦးစားပေးသည့် ယဉ်ကျေးမှု ဇာတ်ပွဲအမြောက် အများကို နယ်လှည့်ကပြဖျော်ဖြေခဲ့သည့်အပြင် ကရင်သီချင်းများရေးသားသီဆိုခြင်း၊ ကရင်ဇာတ်လမ်းခွေ များတွင်လည်း ဇာတ်လမ်းဒါရိုက်တာ သရုပ်ဆောင်တစ်ဦးအနေဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်ခဲ့သူတစ်ဦးအဖြစ် လူသိများခဲ့သူဖြစ်သည်။
၎င်းနှင့်တွဲဘက်လူရွှင်တော် မန်းနိုင်းသာ(ဒညင်းသီး)က “ကရင့်ယဉ်ကျေးမှုတွေကို အနုပညာနဲ့ ကြိုးစားပြီး ဖော်ထုတ်ပြသတဲ့နေရာမှ အခုလို အရည်အချင်းရှိတဲ့ အနုပညာသမားကောင်းတစ်ဦးဆုံးရှုံးသွားတဲ့အပေါ်မှာ ကျနော့်အနေနဲ့အရမ်းကို စိတ်ထိခိုက်မိတယ်။ နောက်ပြီး ပန်းတနော်မြို့နယ်အတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှု တစ်ခုဖြစ်စေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မန်းကလောင်းသာ မကွယ်လွန်ခင် ယခင်နှစ် ၂၀၁၅ခုနှစ်၌ ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ မြို့နယ် ကရင်လူငယ်အဖွဲ့များနှင့် ပူးပေါင်းထုတ်ဝေသည့် ဖလုံးရှို့သတ်ဘန် (ကရင်လူငယ်) သီချင်းခွေ၌ မူနန်းရှကေ့(အပျိုဟိုင်းကြီး) သီချင်းခေါင်းစဉ်ဖြင့် ဟာသသီချင်း တစ်ပုဒ်ကို နောက်ဆုံးသီဆိုခဲ့ သည်ဟု သိရသည်။
မန်းခလောင်းသာကို ၁၉၆၈ခုနှစ်တွင် အဖ မန်းချမ်းအေးနှင့် အမိ ဂါ့ဒို့မယ်တို့မှ ပန်းတနော်မြို့နယ် ခတ္ထိယ ကျေးရွာအုပ်စု၊ ဝါးငူကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၄ဦးအနက် အထွေးဆုံးသားဖြစ်သည်။
၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဂါ့ယင်ထွန်းနှင့်အတူ သားကြီး စခန့်ရှူ ပွား၊ စနိုင်းစတော၊ သမီးနမ့်ထိုင်ခုတ် ဖွန်နှင့် နမ့်ဆန်းအိုင်အိုင်ဖောင်တို့ ကျန်ရစ်ခဲ့သည်။ သူ၏ ရုပ်အလောင်းကို မေ ၄ရက်နေ့တွင် မီးသၤဂြိုလ်မည်ဟု သိရသည်။



















