Home သတင်း KNU ဒူးပလာယာခရိုင် (၁၅)ကြိမ် ညီလာခံတွင် ယခင်‌ခေါင်း‌ဆောင်အများစုကိုသာ ပြန်လည်‌ရွေး‌ကောက် တင်‌မြှောက်

KNU ဒူးပလာယာခရိုင် (၁၅)ကြိမ် ညီလာခံတွင် ယခင်‌ခေါင်း‌ဆောင်အများစုကိုသာ ပြန်လည်‌ရွေး‌ကောက် တင်‌မြှောက်

2088

‌မေ ၂ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟီးရွာ၌ ဧပြီ ၂၆ မှ ၃ဝ ရက်‌နေ့အထိ ပြုလုပ်‌သော ကရင် အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၏(၁၅)ကြိမ်‌မြောက် ညီလာခံတွင် ခရိုင်အမြဲတမ်း‌ကော်မတီ အဖွဲ့ဝင်များကို ယခင်တာဝန်ယူခဲ့သည့် ‌ခေါင်း‌ဆောင်အများစုကိုသာ ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ သည်ဟု သိရသည်။

ညီလာခံတွင် ခရိုင်၊ မြို့နယ်‌ခေါင်း‌ဆောင်များနှင့် မဲ‌ပေးခွင့်ရှိသူ ကိုယ်စားလှယ် စုစု‌ပေါင်း ၁၁၇ ဦးမှ လျှို့ဝှက် မဲစနစ်ဖြင့် ‌ရွေးချယ်ခဲ့ပြီး ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ ဒုဥက္ကဌ တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောဆာမိ‌စေးဖိုးနှင့် အတွင်း‌ရေးမှူး မန်းက‌နေဒီ၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောမိုးအယ်ဒိုနှင့် ခရိုင်တရားသူကြီးချုပ် ပဒို‌စော‌မောင်မြစ် တို့အပါအဝင် အဖွဲ့ဝင်‌ပေါင်း ၂၁ ဦးအား ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ခြင်းဖြစ်သည်။

ယင်းညီလာခံတက်‌ရောက်သူ ဝင်း‌ရေးမြို့နယ် ဥက္ကဌ ‌စော‌မောင်‌ရွှေက “ကျ‌နော်တို့သွား‌နေတဲ့ Peace Process (ငြိမ်းချမ်း‌ရေးဖြစ်စဉ်)မှာ ခရိုင်ဥက္ကဌတို့က သွားပြီး‌ပြောဆို‌နေကြ‌တော့ တစ်ဖက်က အစိုးရအဖွဲ့ အစည်း‌တွေအ‌နေနဲ့လည်း ရင်းနှီးကျွမ်းဝင်ပြီးသားဆို‌တော့ ‌ရှေ့ဆက်လုပ်ငန်း‌တွေ သွားဖို့ ပိုပြီး အဆင်‌ပြေမယ်။ စကား‌ပြောတာအစ ထိ‌ရောက်မယ်ထင်လို့ ‌ရွေးတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူသစ်များအား ပြန်လည်‌ရွေးချယ်ပါက ‌ရှေ့ဆက်သွားမည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် ရင်းနှီးမှုများမှအစ ပြန်လည်တည်‌ဆောက်ရမည်ဖြစ်သည့်အတွက် အဆင်မ‌ပြေမှုများဖြစ်‌ပေါ်လာနိုင်သလို ယခုပြုလုပ်သည့် ညီလာခံများလည်း ‌ခေါင်း‌ဆောင်များကို ဒီမိုက‌ရေစီနည်းကျကျ လျို့ဝှက်မဲ‌ပေးစနစ်ဖြင့် ဖွဲ့စည်းအုပ်ချုပ် မှုပုံစံအတိုင်း ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြ‌ကြောင်း သူက ဆက်‌ပြောသည်။

ဒူးပလာယာခရိုင်တွင် ကျုံဒိုးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်နှင့် ဝင်း‌ရေး စသည့် မြို့နယ် ၄ ခုရှိပြီး လက်ရှိအဆိုပါ နယ်‌မြေများတွင် သစ်ခိုးထုတ်မှု ပြဿနာနှင့် မူးယစ်‌ဆေးဝါးပြဿနာများ ကြီးထွားလာ‌နေသည့်အတွက် ပြန်လည်အ‌ရွေးခံရသည့် ‌ခေါင်း‌ဆောင်များအ‌နေဖြင့် ၎င်းတို့ကို ရင်ဆိုင်‌ဖြေရှင်းရဖွယ်ရှိ‌ကြောင်း ခရိုင်တာဝန်ရှိသူများက ဆိုသည်။

ခရိုင်အတွင်း‌ရေးမှူး မန်းက‌နေဒီက “အခု ကျ‌နော်တို့ခရိုင်မှာ သစ်ပိတ်တာ ၆နှစ်ရှိပြီ။ ခုထိကို အဖွဲ့‌ပေါင်းစုံ က‌ရော လူထုကပါ သစ်ခိုးထုတ်တာ ရှိ‌နေတယ်။ ‌နောက်ပြီး မူးယစ်‌ဆေးဝါးကိစ္စလည်း ‌တော်‌တော်ကြီး‌နေ တယ်။ အဲဒါ‌တွေကို ကိုင်တွယ်ဖို့ လာမယ့် ၁၅ ရက်‌နေ့မှာ ‌ဆွေး‌နွေးချမှတ်သွားဖို့ ရှိတယ်”ဟု ‌ပြောသည်။

ငါးရက်တာ ကျင်းပသည့် အဆိုပါ ခရိုင်ညီလာခံတွင် ခရိုင်၏ ၂နှစ်တာလုပ်‌ဆောင်လုပ်ခဲ့သည့် လုပ်ငန်းများအား ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်းနှင့် ‌ခေါင်း‌ဆောင် ပြန်လည်‌ရွေးချယ်ခြင်းများပြုလုပ်ခဲ့ပြီး ‌ရှေ့လုပ်ငန်းစဉ် ချမှတ်‌ဖော်‌ဆောင်မှုများနှင့်ပတ်သက်၍ ‌မေလ ၁၅ရက်‌နေ့တွင် အစည်းအ‌ဝေးတစ်ခု ထပ်မံပြုလုပ်ကာ ‌ရေးဆွဲချမှတ်သွားမည်ဟု သိရသည်။

KNU လက်‌အောက်ခံတွင် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်(မူတ‌တြော်)၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ခုရှိပြီး ၎င်းတို့၏ ဖွဲ့စည်းပုံအရ ခရိုင်အဆင့် ညီလာခံကို ၂နှစ်တကြိမ် ကျင်းပလျှက်ရှိသည်။ ထို့အတူ မြို့နယ်အဆင့် ညီလာခံကိုလည်း ၂နှစ်လျှင် တစ်ကြိမ်ပြုလုပ်‌လေ့ရှိသည်။