မေလ ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုုံး(ကေအဲန်ယူ)မှ မူကြမ်းအဖြစ် ပြုစုထားသည့် နိုုင်ငံရေး၊ အုပ်ချုပ်ရေး နှင့်လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သယံဇာတ စသည့် ခေါင်းစဉ်ကြီး ၅ရပ်ကိုု ပြည်တွင်းရှိ ကရင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်း များနှင့် တတ်သိပညာရှင် များအား ဖိတ်ခေါ်ကာ မေလ ၁၆ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကြာမြင့်သည့် ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လော်ခီးလာ(လေးဝါး)၌ ကျင်းပခဲ့သည်။
ထိုုသို့ ကျင်းပရာတွင် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် သက်ဆိုင်ရာအဖွဲ့များခွဲပြီး အပြန်အလှန်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည့်အတွက် ယင်းခေါင်းစဉ်တစ်ခုချင်းစီတွင် ပါဝင်ဆွေးနွေးခဲ့ကြသူ ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကိုု မေးမြန်းထားခြင်းဖြစ်သည်။
နိုင်ငံရေး
မန်းအောင်ပြည်စိုး (ဒုဥက္ကဌ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP)
ကေအဲန်ယူက တင်တဲ့နိုင်ငံရေးစာတမ်းကို ကြည့်လိုက်တဲ့အခါမှာ နိုင်ငံမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံတော်တည်ဆောက်ပုံ နိုင်ငံရေးစနစ် အုပ်ချုပ်ရေးစနစ် စသည်ဖြင့် တင်လာတာ တွေ့တယ်။ အထူးသဖြင့်ကတော့ နိုင်ငံတော်တည်ဆောက်ပုံနဲ့ပတ်သက်လာလို့ရှိရင် အမျိုးသားကို အခြေခံသော အမျိုးသားများပြည်နယ်ဆိုတဲ့ဟာကို အဆိုပြုလာတယ်။
အဲဒါကို တကယ်တမ်း အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခု အခြေခံဥပဒေက ပြည်နယ် ၇ပြည်နယ်နဲ့တိုင်း ၇တိုင်းဆိုပြီးရှိတဲ့အခါမှာ အမျိုးသား များ ပြည်နယ်တနည်းအားဖြင့် တိုင်းရင်းသားပြည်နယ်ပေါ့။ လက်ရှိ တိုင်းရင်းသားပြည်နယ် ၇ခု ရှိနေပြီ။ တစ်ပြည်နယ်ထပ်လိုမယ်၊ ဘာလို့ထပ်လိုမလဲဆိုတော့ ဗမာပြည်နယ်လို့ပဲ ပြောရမှာပေါ့။ တိုင်းရင်းသားများ တန်းတူညီမျှရေး၊ မျှတရေးကို လိုချင်တာကိုး။ အဲဒါကြောင့် ဗမာက ပြည်နယ်မရှိဘဲနဲ့ ဒီညီညွတ်မျှတမှုက မရှိဘူး။
လက်ရှိ ခေတ်အခြေအနေအရ တိုင်း ၇တိုင်းမှာ ဗမာတွေချည်းပဲ ဆိုင်တယ်လို့ ပြောလို့မရဘူး။ အဲဒီတော့ အမျိုးသားများပြည်နယ်နဲ့ တည်ဆောက်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုဖွဲ့မယ်ဆိုရင် အလုပ်ဖြစ်မယ်။ သူတို့ တင်ပြတာလည်း အဲဒီသဘောပဲ။ ဒါပေမယ့် သူတို့ နမူနာပြတာကတော့ မပြည်စုံသေးဘူးပေါ့။ ဗမာပြည်နယ် အပါအဝင် ၈ပြည်နယ်နဲ့ အမျိုးသားများပြည်နယ် တနသင်္ာရီ၊ အမျိုးသားများပြည်နယ် ဧရာဝတီ စသည်ဖြင့်ပေါ့လေ။ ဆိုတဲ့အခါကျတော့ ဗမာပြည်နယ်ကို ဘယ်ဟာကို သတ်မှတ်မလဲဆိုတာ မပါသေးဘူး။ နောက်တိုင်း ၇တိုင်း စလုံးမှာ တိုင်းတွေထဲက ဘယ်ဟာကို အမျိုးသားပြည်နယ်အဖြစ် ဖော်ပြမလဲဆိုတာ မပါသေးဘူး။ အခြားသော တိုင်းရင်း သားတွေနဲ့ တိုင်ပင်ညှိနှိုင်းရအုံးမယ်ဆိုတော့ သက်သက်ချန်ထားတာလားဆိုတာတော့ မသိရဘူး ပေါ့။ ဒါကတော့ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ပတ်သက်တာ တစ်ခုပေါ့။
နောက်တစ်ခုက လွှတ်တော်ပေါ့။ လက်ရှိမှာ လွှတ်တော်က သုံးရပ်လို့တောင် ပြောလို့ရတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်။ နောက် ပြည်နယ် လွှတ်တော်လို့တောင် ပြောလို့ရတယ်။ သူတို့ တင်ပြထားတာကို ဒို့ကတော့ စဉ်းစားနေတုန်းပဲ။ အကြိုက်ဆုံး ဟာတစ်ခုတော့ ယူမယ်။ အခု ကေအဲန်ယူ တင်ပြထားတာ အကြမ်းပဲ ရှိသေးတယ်။ အန်ကယ်တို့ အနေနဲ့ နဂိုကတည်းက ဘာကို ကြိုက်သလဲဆိုရင် ပါလီမန်စနစ်လို့ ပြောရမှာပေါ့။ ပါလီမန်စနစ်လို့ ပြောတဲ့အခါမှာလည်း ဝန်ကြီးချုပ် စနစ်တော့ မဟုတ်ဘူး။ ဝန်ကြီးချုပ်စနစ်ကတော့ မကြိုက်ဘူး။ သို့ပေမယ့် ပြည်နယ်တွေမှာ ခုနကလို ဖက်ဒရယ် ပြည်နယ်များပါမယ်။ ဖက်ဒရယ် ပြည်နယ်ဝန်ကြီးချုပ်များနဲ့ သမ္မတပေါ့။ လွှတ်တော်ပိုင်းကို ဥပဒေပြုသက်သက်ပဲ ဒို့က လိုချင်တယ်။ ခုနက ပြည်နယ်ဝန်ကြီးချုပ်များနဲ့ သမ္မတကတော့ အုပ်ချုပ်ရေးပိုင်း အစိုးရပေါ့လေ။
နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကိုု ခေါ်မယ်လို့ ပြောတယ်။ အန်ကယ်ကိုယ်တိုင် ဒီပင်လုံဆိုတာကို သိပ်မကြိုက်တော့ဘူး။ ပင်လုံမှာ လက်မှတ်ထိုး ဖို့ တိုင်းရင်းသားလူမျိုးကြီးတွေဖြစ်တဲ့ ရခိုင်၊ မွန်၊ ကရင်မထိုးခဲ့ရဘူး။ တကယ်တမ်း လွတ်လပ်ရေး ရဖို့ သွားတောင်းဆိုတဲ့အခါမှာ ဒို့တွေရဲ့ အိုင်ဒီယာ တစ်ခုမှ မပါဘူး။ အဲဒီမှာ ကရင်က ကရင်ပြည် ရရှိရေးလှုပ်ရှားတာ အကြီးအကျယ်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းက ဘိလပ်သွားတဲ့အခါ ကရင်လည်း မပါသွားဘူး။ ကရင်အရေးလည်း ဘာမှတောင်းဆိုတာ မရှိဘူး။ နောက်ပြီးအောင်ဆန်း အက်တလီ စာချုပ်ချုပ်ခဲ့တယ်။ အောင်ဆန်းဆုံးသွားတော့ နုအက်တလီစာချုပ်ဆိုပြီး ပြန်ချုပ်တယ်။ ကရင်တွေ အဲဒါကို လုံးဝလက်မခံခဲ့ဘူး။ အခုကျတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုပြီး လုပ်ခဲ့တယ်။ အဲဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆို မဆိုးဘူး။ ပင်လုံညီလာခံတို့ ဘာတို့ကတော့ ဒို့က သိပ်လက်မခံချင်ဘူး။ အမျိုးသားညီလာခံလို့ ပြောရင်လည်း ဟိုတုန်းက ညောင်နှစ်ပင်ညီလာခံလို ဖြစ်နေအုံးမယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဆိုရင်တော့ လက်ရှိ ဒို့တွေဆွေးနွေးနေတာ လက်ခံနိုင်တဲ့ သဘောတော့ရှိတယ်။
နောက်တစ်ချက်ဆွေးနွေးတာက လွှတ်တော်ကိုယ်စားလှယ်ကိစ္စပေါ့။ ပြည်သူ့လွှတ်တော်ရယ် အမျိုးသားလွှတ်တော်ရယ်ပေါ့။ အမျိုးသားလွှတ်တော်ဟာ တစ်ချိန်တုန်းက ဘယ်ကလာသလဲ ဆိုရင် တိုင်းရင်းသားလူမျိုးစုလွှတ်တော်လို့ခေါ်ပြီးတော့မှ အခု အမျိုးသားလွှတ်တော်လို့ခေါ်တယ်။ အမျိုးသားလွှတ်တော်ဆိုတော့ ယောင်ယောင်ဝါးဝါးဖြစ်တတ်တယ်။ ဒို့တွေ လိုချင်တာက တိုင်းရင်းသားသန့်သန့်ပဲ။ ပြည်သူ့လွှတ်တော်မှာကျတော့ လူဦးရေအခြေခံတယ်လို့လည်း ပြောတယ်။ မြို့နယ်အခြေခံတယ်လို့လည်း ပြောတယ်။ ဒါပေမယ့် ဒို့တွေကြားတာ ရန်ကုန်တိုင်းမှာ ရှိတဲ့ မြို့နယ်တစ်မြို့နယ်က လူဦးရေ ၅၀၀ဝ လောက်ပဲ ရှိတယ်။ ဖားအံတို့လိုကျတော့ နှစ်သိန်း သုံးသိန်းရှိပေမယ့် လွှတ်တော်ကိုယ်စားလှယ်က တစ်ယောက်တည်းရှိတယ်။ ဒါကျတော့ မမျှတော့ဘူးပေါ့။ လူဦးရေနဲ့ကြည့်မယ်ဆိုရင် လူဦးရေ ဘယ်လောက်ဆို လွှတ်တော်ကိုယ်စား လှယ်ဘယ်နှစ်ယောက်ဆိုပြီး သတ်မှတ်ထားရမယ်။
အခုအမျိုးသားလွှတ်တော်က သိတဲ့အတိုင်း ၁၂ယောက်စီ။ အဲဒီ ၁၂ ယောက်ကိုလည်း လူမျိုးစု လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်လို့ပြောဖို့က သိပ်သဘာဝမကျဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဥပမာ-ကရင်ပြည်နယ်မှာ ကရင်က အများဆုံး။ နောက်ပြီး ဗမာ၊ မွန်၊ ပအိုဝ်း ရှိတယ်။ ဟို ဧရာဝတီတိုင်းမှာကျတော့ ကရင်နဲ့ဗမာက တစ်ဝက်စီလောက်ရှိတယ်။ ရခိုင်ကတော့ နည်းနည်းပါးပါးပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအဆိုပြုရင်ကောင်းမလဲဆိုတာ အခုဒို့တွေနည်းနည်း ပြန်စဉ်းစားနေတယ်။
ကာကွယ်ရေးနှင့်လုံခြုံရေး
ဗိုလ်မှူးချုပ် မန်းရှာထုဝေါ် (တွဲဖက်စစ်ရေးချုပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA)
အဲဒီစာတမ်းလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျနော်တို့က ရှေ့ဆက်လာမယ့် ဗမာပြည် နိုင်ငံရေးအခြေအနေမှာ ကဏ္ဍကြီး ၅ရပ် ခွဲထားတာရှိတယ်ပေါ့။ ဒီကဏ္ဍကြီး ၅ရပ်မှာ ကျနော်တို့ လုံခြုံရေး ကဏ္ဍအနေနဲ့က ကျနော်တို့ ဆွေးနွေးတင်ပြရမှာဖြစ်တဲ့ အတွက်ကြောင့် လုံခြုံရေးနဲ့ ပတ်သက်တဲ့စာတမ်းကို တက်ရောက်ကြတဲ့ စီမီနာ ကိုယ်စားလှယ်တွေရဲ့သဘောထားမှာ ဘယ်လို ဖြစ်သင့်လဲဆိုတာ မြေနေယာတစ်ခုနဲ့ တစ်ခုက မတူညီကြဘူး။ ပေါင်းဆုံလာတဲ့ အခါကျတော့ တစ်မျိုးတည်းဖြစ်သွားအောင်၊ တစ်သံတည်းထွက်နိုင်အောင် စာတမ်းနဲ့ ပြုစုပြီးတော့မှ လုံခြုံရေး အစီအစဉ်ကို ရေးရတာဖြစ်တယ်။ နောက်တစ်ချက်က ဘာကြောင့် ဒီလုံခြုံရေးကို လုပ်ရသလဲ၊ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး အဖိနှိပ်စော်ကား မခံရအောင် လုံခြုံမှုနဲ့ ကာကွယ်မှုက သိပ်အဓိက ကျတယ်။
အခု လာမယ့် ကျနော်တို့ တည်ဆောက်မယ့် ဗမာပြည်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာက ကျနော်ဘက်က တစ်ခန်းတစ်ကဏ္ဍအနေနဲ့လည်း လုံခြုံရေးကလည်း အဓိက ကျတယ်။ အဲလို လုံခြုံရေး အဓိကကျတဲ့ အနေအထားမှာ ကျနော်တို့ ကရင်အမျိုးသားအနေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရှိတဲ့ အခါကျတော့ ဒီလုံခြုံရေး အပိုင်းနဲ့ ပတ်သက်လို့က ကရင်အမျိုး သားတပ်မတော်ကနေပြီးတော့ သူ့မှာ တာဝန်အပြည့်အဝရှိတယ်လေ။ ရှိတဲ့အပေါ်မှာ ကျနော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကလည်းပဲ ပြည်သူလူထုနဲ့ ပေါင်းစပ် ပြီးတော့ ပြည်ထောင်စုတပ်မတော် တက်ရင်လည်းပဲ သဘောက အချိုးကျစနစ်နဲ့ ကျနော်တို့က တခြား တိုင်းရင်းသား တက်သလို ကျနော်တို့လည်း အချိုးကျအနေနဲ့ ဆက်ပြီးတော့ ကျနော်တို့ တပ်မတော် တည်ဆောက်မှာဖြစ်တယ်။
ဒီစာတမ်းက ယေဘုယျအားဖြင့် တော်တော်လေး ပြည့်စုံပါတယ်။ သို့သော် အကုန်လုံးတော့ မပြည့်စုံသေးဘူး။ မပြည့်စုံဘူးဆိုတာကလည်း တခြား လူမျိုးစုတွေနဲ့လည်း ကျနော်တို့က စကား ပြောရအုံးမယ်။ အခုက ကျနော်တို့ ကရင်လူမျိုးတွေရဲ့ (Side)ဘက်မှာ တင်ပြတဲ့ စာတမ်းပဲ ရှိတဲ့ အခါကျတော့ ဥပမာ … ဖက်ဒရယ်ပြည်ထောင်စု တစ်ခုလုံးကို တည်ဆောက်မယ်ဆိုရင် တခြား လူမျိုးစုတွေရဲ့ (Side)ကလည်း ရှိသေးတယ်။ အဲဒီမှာ (Side ချင်း)ပြန်ပေါင်းပြီးမှ ဘယ်လိုဖြစ်သင့် လဲဆိုတာကိုလည်း လုံခြုံရေးအရ၊ ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ အဲဒီမှာတစ်ချက် ပြန်ပြီးတော့ ပါဝင်လာ အုံးမယ်။ အဲဒါမှ ပိုပြီးတော့ သေချာမယ်။ အခုက ကျနော်တို့(Side)က ပြင်ဆင်တဲ့အပိုင်းပဲ ရှိသေးတယ်။
ကျနော်တို့ ကရင်အမျိုးသားတပ်တော်က နဂိုကတည်းက ဖွဲ့စည်းပုံနဲ့ရှိထားတဲ့ အခါကျတော့က ပြည်ထောင်စုတပ်မတော် တက်သွားမယ့်အခါကျရင် လွယ်လွယ်ကူကူဖြစ်သွားပြီ။ တပ်မတော် အနေအထားအရ ဘယ်လောက်အချိုးနဲ့ ကျနော်တို့ သွားမလဲ။ တက်တော့မယ့် အချိုးအပေါ်မှာ ပြည်ထောင်စုတပ်မတော်မှာ ကျနော်တို့က တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်။ ကျန်တဲ့ ကျနော်တို့ တပ်မတော် အင်အားကလည်း ဒီဟာကလည်းပဲ ပြည်နယ်ဖွဲ့စည်းပုံမှာ မူတည်ပါတယ်။ ပြည်နယ်ရှိ မှပဲ ပြည်ထောင်စုကိုု တက်လို့ရမှာပေါ့။ အဲဒီအခါကျတော့ ကျန်တဲ့ ကျနော်တို့တပ်မတော်ကို ပြည်နယ်မှာ ထားပြီး တာဝန်ထမ်းဆောင်ဖို့ အဲလို ရည်မှန်းထားတာရှိတယ်။
အုပ်ချုပ်ရေးနှင့် လူမှုရေး
စောကပိ (တတ်သိ ပညာရှင်)
အခုဆွေးနွေးခဲ့တဲ့ နှစ်ရက်သုံးရက်တာ ကာလအတောအတွင်းမှာပေါ့နော်။ ကေအဲန်ယူကနေ တင်သွင်းတဲ့ ကဏ္ဍကြီး ၅ခုနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲသွားတဲ့အခါမှာ တင်ပြဆွေးနွေးဖို့ မူဝါဒ စာတမ်းတွေကို သူတုို့တင်သွင်းတာ ရှိတယ်။ ဒီစာတမ်းတွေ အားလုံးကို ကြည့်လိုက်တဲ့အခါကျတော့ စာတမ်း တော်တော်များများကတော့ ကောင်းတယ်။ အားသာချက် တွေလည်း အများကြီးရှိတယ်။ စနစ်တကျလေ့လာထားပြီးတော့ ပြုစုထားတာ၊ နှစ်ပေါင်းများစွာ အတွေ့အကြုံအပေါ်ကနေပြီးတော့လည်း မူတည်အခြေပြုထားပြီးတော့ ပြုစုထားကိုလည်း တွေ့ရတယ်။
သို့သော်လည်းပဲ ဒီစာတမ်းတွေရဲ့ အားနည်းချက်တွေကတော့ ဘာလဲဆိုတော့ ဒီအောက်ခြေ ပြည်သူလူထုရဲ့ သဘောသဝနဲ့ သူတို့ရဲ့ အတွေး၊ သူတို့ရဲ့ ဆန္ဒနဲ့ သူတို့ဖြစ်ချင်တဲ့ဟာတွေ မပါဝင် သေးဘူး။ မပါဝင်သေးတာကိုလည်းပဲ မိခင်ကရင်အမျိုးသားအစည်းအရုံးကလည်း သိတယ်။ သိတဲ့အတွက်ကြောင့်မို့လုို့ အခု ကျနော်တို့ကို ခေါ်တွေ့တယ်လို့ပဲ ကျနော်က ယူဆတယ်။ အဲဒီ အခါမှာ ဒီပွဲမှာ လာရောက်ပြီးတော့ ပညာရှင်ဆိုလည်း ပညာရှင်အနေနဲ့ပေါ့။ တတ်သိပညာရှင် ဆိုလည်း တတ်သိပညာရှင်အနေနဲ့၊ ပြီးတော့ လူမှုအဖွဲ့အစည်း အသီးသီးတွေကလည်း သူတုို့ရဲ့ ကိုယ်စားပြု၊ သူတို့ရဲ့ ဒေသဆိုင်ရာကိုယ်စားပြုအမြင်တွေ ပြန်လာတင်ခွင့်ရတဲ့အတွက်ကြောင့် ဒီစာတမ်းက အစက တင်သွင်းတဲ့အခါမှာ သူရဲ့ အားနည်းချက်လေးတွေ ရှိသော်ငြားလည်းပဲ အခုဆုိုရင် ပိုပြီး ပြည့်စုံသွားမယ်လို့ ကျနော်ယူဆတယ်။
အဓိကကတော့ ဒီလိုပါ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို တက်လှမ်းတဲ့အခါမှာ ကေအဲန်ယူရဲ့ ပြင်ဆင်မှုအပိုင်းက နှစ်ပိုင်းရှိတယ်။ အဓိက အခြေခံအားဖြင့် ပြောမယ်ဆိုရင် တစ်ပိုင်းကတော့ တကယ့်လက်တွေ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ထိထိရောက်ရောက် တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ခိုင်လုံတဲ့ အကျိုးအကြောင်းတွေနဲ့ ပြင်ဆင်တဲ့အခါမှာ သက်သေသော်လည်းကောင်း၊ စာရင်းအင်းဆိုသော်လည်းကောင်း၊ ဒေတာ(အချက်အလက်) အားဖြင့် ခိုင်ခိုင်လုံလုံ ပြုပြင်ရမယ့်အပိုင်းတွေရှိတယ်။ အဲဒီအပိုင်းတွေကတော့ ပညာရှင်တွေက နေပြီးတော့ ပါဝင်ပြီးတော့ ပံ့ပိုးပေးရမယ့်အပိုင်းတွေ ဖြစ်တယ်။
နောက်တစ်ပိုင်းကတော့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ လူထုကိုယ်စားပြုပြောပေးနိုင်ဖို့အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကလည်းပဲ သွားပြီးတော့ ဆွေးနွေးတဲ့အခါမှာ သူတို့က သူရဲ့ဆန္ဒတစ်ခုတည်း အဖွဲ့အစည်းရဲ့ ဆန္ဒအနေနဲ့ သွားပြီးဆွေးနွေးလို့ မရဘူး။ ဒါက တစ်မျိုးသား လုံးရဲ့ အရေးကိစ္စ၊ တစ်တိုင်းပြည်လုံးရဲ့ အရေးကိစ္စကို ဆွေးနွေးတာဖြစ်တဲ့အတွက် လူထုပါဝင်မှု အခန်းကဏ္ဍကလည်း အရမ်းအရေးကြီးတယ်ပေါ့။ ဆုိုတော့ အားနည်းချက်ရှိတယ်ဆိုတာ သိတယ်။ သို့သော်လည်း ကျနော်မြင်တာကတော့ ဒီပြင်ဆင်မှုက တစ်ခေါက်နဲ့ မလုံလောက်ဘူး။ နောက်တစ်ခုက အမြဲတမ်းအထောက်အကူပြုပေးနိုင်မယ့် ပညာရှင်နဲ့ ဖွဲ့စည်းထားတဲ့ (Technical Adviser Group)တို့၊ မဟုတ်လို့ရှိရင်လည်းပဲ (Technical Secretary )တို့ ဟာမျိုးတွေကို ဖွဲ့စည်းပြီးတော့ စနစ်တကျလုပ်သွားနိုင်ဖို့ လိုတယ်။
အဲသလိုအဖွဲ့မျိုး ဖွဲ့စည်းပြီးလုပ်မှ ဒီကနေ့ သုံးလေး ငါးရက်အတွင်း မပြီးပြတ်နိုင်သေးတဲ့၊ ဆွေးနွေး ပြီးတော့ အကြံပေးလုို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်လက်ပြီးတော့ ဒီလို (Team)တွေကနေ တဆင့် ဆက်လက်အကြုံပြုသွားလို့ ရမယ်။ ဒီလိုဟာမျိုးလုပ်တာဟာ ဒီတစ်ခါတည်း မဟုတ်ဘဲနဲ့ နောက်ထပ်ခါထပ်ခါ ဆက်ပြီးလုပ်သွားနိုင်ဖို့ အရေးကြီးတယ်လို့ပဲ ကျနော်က မြင်ပါတယ်။
မြေယာနှင့် သယံဇာတ
နော်အုန်းလှ (KWU ကိုယ်စားလှယ်)
ဒါက ကေအဲန်ယူက တင်ပြတဲ့ စာတမ်းပေါ့နော်။ ဒီအပေါ်မှာ အခြေခံမူတွေချထားတာ ဖြစ်တယ်။ အခြေခံမူချထားတဲ့အခါကျတော့ မှီငြမ်းထားတာကတော့ ရှိတဲ့ နိုင်ငံအခြေအနေကို မှီငြမ်းထား တယ်။ ဒါပေမယ့် ရှေ့ဆက်သွားမယ့် မူဝါဒတွေ ဆောင်ရွက်ထားတာ တွေ့ရတယ်။ အချို့အားနည်း ချက်က နည်းနည်းပါ၊ အများကြီး မဟုတ်ဘူး။ စာလုံးသုံးတာ၊ စာသားအနေအထားတွေပေါ့နော်၊ အများကြီး သိပ်ပြင်စရာမလိုပါဘူး။ ဒါက ကရင်တစ်မျိုးလုံးအတွက်ပေါ့နော်။ ဒီမြေယာနဲ့သယံဇာတ နဲ့ ပတ်သက်လို့ မူတစ်ရပ်ချမှတ်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လဲအခါကျတော့ အဖွဲ့အစည်း တစ်ခုမှာ ရည်ရွယ်ချက် လုပ်ငန်းစဉ်တွေ ရှိရမယ်လေ။
အဲဒီတော့ ကျမတို့က ပြည်သူလူထုတွေနဲ့ ရှေ့ဆောင်သွားမယ့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်တဲ့ ကေအဲန်ယူ အနေနဲ့ပေါ့နော်။ လက်ရှိ လူထုတွေကို ကရင်စည်းလုံးညီညွတ်ရေးခေါင်းစဉ်နဲ့ ဒါကို ဆောင်ရွက်တဲ့ အတွက် အကျိုးအမြတ်တော့ အများကြီးရပါတယ်။ အဲဒီအပေါ်မှာမှ ကျမတို့က မူဝါဒ ချဖြစ်တဲ့ အခါကျရင် ဆွဲမယ့် လုပ်ငန်းစဉ်တွေပေါ့နော်၊ ရှိလာအုံးမှာပါ။ ကေအဲန်ယူမှ မြေယာနဲ့ပတ်သက်လို့ ဥပဒေဆိုတာ ရှိတယ်။ ဒီဟာနဲ့ပတ်သက်လုို့ ကျမတို့ဆွေးနွေးတာ မရှိတာက သယံဇာတနဲ့ ပတ်သက်လို့ ဥပဒေ မချမှတ်ရသေးဘူး။ မူဝါဒ ချမှတ်ထားတာကတော့ ရှိတယ်။ ဒီမူကို အချို့ဟာ တွေကို ပြင်တာ ရှိတယ်။ အချို့ဟာတွေ ဖြည့်စွက်တာရှိတယ်။ အချို့ဟာတွေကျတော့ ထပ်တိုးတဲ့ အချက်တွေပေါ့နော်။
အဲဒီအပြင် အချို့က လက်ရှိ ဆောင်ရွက်မယ့်အချက်တွေ ပါတယ်။ ဥပမာ အထွေထွေမူကဏ္ဍမှာ ဆိုလို့ရှိရင် လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေကိုလည်း ရှင်းလင်းပေးမှုဆိုတာလည်း ထည့်ထားတာရှိတယ်။ နောက်ပြီး သဘောဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ ထည့်ထားတာရှိတယ်။ စွမ်းအင်နဲ့ပတ်သက်လို့လည်း အချက်တစ်ချက်ပါတယ်။ ဒါက ဆက်ဆက်ပြီးတော့ လုပ်သွားမယ့် အလုပ်က သယံဇာတနဲ့ပတ်သက်လို့ လုပ်ငန်းအများကြီးရှိသေးတယ်ဆိုတာ တွေ့လာရတယ်။ လောလောဆယ်တော့ ဆွေးနွေးတဲ့အချက်မှာ ကေအဲန်ယူက မြေယာမူဝါဒ ဥပဒေရှိထားပြီးသား ဖြစ်တယ်။ ဒါပေမယ့် သယံဇာတနဲ့ပတ်သက်လို့ မူပဲ ချထားတာရှိသေးတယ်။ ဒါက ဆက်လက် အကောင်အထည်ရမယ်လို့ မြင်ပါတယ်။
ကေအဲန်ယူက အမျိုးသားရေးအတွက် လက်နက်ကိုင်ခဲ့တဲ့အဖွဲ့ဖြစ်တယ်။ လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ခဲ့တဲ့အပေါ်မှာ ရှေ့လုပ်ငန်းစဉ်ဆိုတာလည်း ရှိတယ်။ အဲခါကျရင် ကြားကာလဆိုတာလည်း ရှိတယ်။ ကြားကာလဆိုတာက အစိုးရနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ပတ်သက်လို့ ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ယူတဲ့အချက်တစ်ချက်လည်းပါတယ်။ ပြီးတော့ အဖွဲ့တစ်ခုဖြစ်တဲ့အတွက် ရှေ့သွားမယ့်လုပ်ငန်းစဉ်မှာ ပြည်သူတွေရဲ့ သဘောထားပါတဲ့ ပြီးပြည့်စုံတဲ့အရာတစ်ခု ဆောင်ရွက်တာဖြစ်တယ်။ အဓိကက ဥပဒေ ဆွဲတဲ့နေရာမှာ ကိုယ့်သဘော နဲ့ကိုယ် မဆွဲဘူး။ ကရင်ပြည်သူတွေကို အသိပေးပြီးတော့ ဖော်ပြတာ၊ ဒီ့အပြင် မူကို ချပြီးတော့ ဥပဒေကို ဆွဲပြီးတဲ့နောက်မှာ ဒီမူကောင်းရင် တိုင်းရင်းသားတွေအတွက် ပါလာတယ်ဆိုတာ တွေ့ရတယ်။ တိုင်းရင်းသားတွေနဲ့ သွားမယ့်အနေအထားမှာတော့ ဒီတစ်ပြည်လုံး လွှမ်းခြုံအောင် ဖက်ဒရယ်ပြည်ထောင်စု ဆိုတာကတော့ ဖော်တာရှိတာပေါ့နော်။
လောလောဆယ် စနိုင်သလောက် စတာ၊ လုပ်နိုင်သလောက်လုပ်တာဖြစ်တယ်။ နိုင်သလောက် စလုပ်တဲ့အတွက် ဒါအစပဲ ကျမတို့မြင်ပါတယ်။ ဒါဟာ လူထုကို ချပြတဲ့သဘောပဲ ရှေ့ဆက် ဘယ်လိုသွားမလဲဆိုတာကတော့ အကြံပေးလို့ ရတယ်ပေါ့နော်။ ဒါက လူထုတွေကို ပါဝင် ပတ်သက်တဲ့သဘောလို့ အန်တီတွေ့ရတယ်။ ဒါက ကောင်းတဲ့အချက်ပေါ့နော်။ ဒီထဲမှာလည်း ကျမတို့ ဆွေးနွေးရင်းနဲ့ ငြင်းခုံဆွေးနွေးကြတယ်။ ဒါ အင်မတန်ကောင်းတဲ့ အချက်တွေပဲ။ ငြင်းခုံ ဆွေးနွေးတဲ့အတွက် ဒါဟာ မှန်တာပဲ၊ မှားတာပဲဆိုတာ သိလာတယ်။
စီးပွားရေး
စောပေါလ်စိန်ထွား (ဒါရိုက်တာ၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုလှုပ်ရှားမှုကွန်ယက် KESAN)
ကေအဲန်ယူကနေ တင်တဲ့ စီးပွားရေးဆိုင်ရာစာတမ်းမှာ အချက်အလက်တွေ အများကြီးပါတယ်။ ပြီးတော့ ကောင်းတဲ့အချက်အလက်တွေ အများကြီးပါတယ်။ ဒါတွေကလည်း မူဝါဒပိုင်းဆိုင်ရာမှာ ရှိသင့်ရှိထိုက်တဲ့ အရာတွေဖြစ်ပါတယ်။ ဒီအပေါ်မှာ ရှင်းအောင် အများနားလည်လွယ်မယ့် အချက်အလက်တွေကလည်း အများကြီး လိုအပ်နေသေးတာပေါ့နော်။ ဒါပေမယ့် ကေအဲန်ယူ လိုချင်တဲ့ ဒီ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သွားရောက်ဆွေးနွေးမယ့်အခါ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းရေးထားတာ မတွေ့ရသေးဘူး။ အဲဒီဟာ တစ်ချက်ပေါ့။
နောက်တစ်ခုက ကြားကာလမှာ သုံးသွားမယ့် မူဝါဒတွေ၊ ပြီးတော့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာရင် လိုချင်တဲ့အရာတွေကိုတော့ ဒီမှာရှင်းရှင်းလင်းလင်းခွဲပြထားတာ တွေတော့ မရှိသေးဘူး။ ဒါကြောင့် ကျနော်တို့ဆွေးနွေးတာက ကြားကာလမှာ သုံးသွားမယ့် အပိုင်းရယ် ဖက်ဒရယ်ပြည်ထောင်စုမှာ ကျနော်တို့လိုချင်တဲ့အရာတွေက ဘာတွေလဲဆိုတာ ရှင်းရှင်းလင်းလင်းချမှတ်ဖို့တော့လိုအပ်တယ်။
ပြောရမယ်ဆိုရင် ဒီကြားကာလဖြစ်တဲ့ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေမှာ ဘယ်လိုမူကိုချမှတ်သင့်သလဲပေါ့။ ချမှတ်ပြီး အကောင်အထည် ဖော်မယ့် နေရာမှာ ဘယ်လိုလုပ်မလဲဆိုတာက တစ်ပိုင်းပေါ့။ KNU အနေနဲ့သူတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေ အောက်မှာ သူတို့ပေါ်လစီတွေကို သုံးလို့ရတယ်။ ဒါပေမယ့် တက်ရောက်လာတဲ့ ကိုယ်စားလှယ် တွေက သူတို့လိုချင်တာ KNU ထိန်းချုပ်နယ်မြေမကပဲ အခြားနေရာရှိနေတဲ့ ကရင်လူထုတွေ အတွက် စီးပွားရေးကိစ္စတွေကိုလည်း ဆွေးနွေးကြတယ်ပေါ့။ အခြားနေရာမှာလို့ပြောရင် ဧရာဝတီတိုင်းတို့ တနသင်္ာရီတိုင်းတို့လိုမျိုးပေါ့။
ဥပမာ…ဧရာဝတီတိုင်းဆိုရင် KNU ရဲ့ဩဇာလွှမ်းမိုးမှုက မရှိဘူး။ အဲဒါကြောင့် အဲဒီနေရာတွေမှာ KNUရဲ့ စီးပွားရေးမူဝါဒတွေကို ဘယ်လိုသွားပြီး အကောင်အထည်ဖော်နိုင်မလဲပေါ့။ ဒါမျိုးတွေ ကျတော့ အစိုးရရဲ့ကိစ္စပဲ ဖြစ်လာမှာပေါ့။ အစိုးရကပဲ အဲဒီလိုနေရာမျိုးတွေမှာ ကောင်းမွန်တဲ့ စီးပွားရေးမူဝါဒတွေ ချမှတ်ပြီးတော့ ဒေသအလိုက်ကိုက်ညီတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လို ပံ့ပိုးကူညီမလဲဆိုတာက အစိုးရရဲ့တာဝန်ပေါ့။ အဲဒါကြောင့် ကြားကာလမှာ စီးပွားရေးမူဝါဒတွေကို ဘယ်လို တိတိကျကျ ချမှတ်သွားမလဲဆိုတာ အရေးကြီးတယ်။ အဲလိုချမှတ်ပြီး KNU အနေနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တွေမှာ တိကျစွာနဲ့ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
အဲဒီလိုမှမလုပ်နိုင်ဘူးဆိုရင် နောက်ဆက်တွဲပြဿနာ အများကြီး ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း သွားလာလို့လွယ်ကူလာတာ လမ်းပန်းဆက်သွယ်ရေး ကောင်း လာတွေ ရှိတဲ့အခါကျတော့ မြေယာသိမ်းတာတို့ အခြားသော စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မိုင်းတူးတာ၊ သစ်ထုတ်တာ စတာတွေ ဝင်ရောက်လုပ်ကိုင်လာတယ်။ ဒီလိုအချိန်မှာ KNU က ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ အားပေးသင့်သလဲ။ ဘယ်လို စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်း သင့်သလဲပေါ့။ Civil Society တွေအနေနဲ့ ဒီလိုအချိန်မှာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ မသင့်ဘူးပေါ့။ အကျိုးအမြတ်အတွက်ရော၊ သဘာဝပတ်ဝန်းကျင်အတွက်ရော လူမှုရေးရော ပြည်သူလူထုတွေအတွက် ဘာမှအကျိုးခံစားခွင့်မရှိသေးဘူး။
အဲဒါကြောင့် ကျနော်တို့က ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေ မလုပ်ဖို့အတွက် ကျနော်တို့ပြောတာ။ လူထုကိုအကျိုးပြုမယ့် အကျိုးခံစားခွင့်ရှိမယ့် စီးပွားရေးလုပ်ငန်းတွေအတွက်ကို ကျနော်တို့က KNU ကို နှိုးဆော်တာပါ။ ခုလိုကြားကာလမှာ အဲဒီလိုလုပ်ဖို့ အားပေးချင်တယ်။ တကယ်လို့ အချို့သော စီးပွားရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင်တော့ မူဝါဒပိုင်းဆိုင်ရာ နိုင်ငံရေးပိုင်းဆိုင်ရာ၊ အခွင့်အရေး တွေ၊ အကျိုးခံစားခွင့်တွေ အခွန်အကောက်ကိစ္စတွေ အားလုံး လူမှုအဖွဲ့အစည်းတွေ၊ လူထုတွေနဲ့ ကိုယ်ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးပြီးမှ ရတဲ့အဖြေကို တစ်ဆင့်ချင်း လုပ်သွားလို့ရတယ်။ ကေအဲန်ယူအနေနဲ့ ခုနက ကျနော်ပြောတဲ့ ပုံစံမျိုးဘာတစ်ခုမှ မတွေ့သေးဘူူး။ ဒါကတော့ အခုလိုကြားကာလ အပိုင်းပေါ့။
နောက်တစ်ခုက ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရင် အဓိကကတော့ စီးပွားရေးဆိုင်ရာ အာဏာ ခွဲဝေမှုအပိုင်း ပေါ့။ စီးပွားရေး အာဏာတွေကို ဘယ်ဏ္ဍတွေမှာ ပြည်နယ်ကိုပေးသင့်သလဲပေါ့။ ဥပမာ.. ကရင်ပြည်နယ်မှာ ဘယ်လိုအခွင့်အရေးတွေရှိရမလဲ။ အခု ကျနော်တို့ဘာကြောင့် ဆင်းရဲနေရသလဲဆိုတာက ပညာမတတ်တာလည်း မဟုတ်ဘူး၊ ငွေမရှိတာလည်း မဟုတ်ဘူး။ ကျနော်တို့မှာ မရှိတာက အခွင့်အရေးနဲ့ အာဏာမရှိတာဖြစ်တယ်။ အဲဒါကြောင့် KNU အနေနဲ့ ကိုယ့်ဖာသာကိုယ် စီမံအုပ်ချုပ်ပိုင် ခွင့်ရရှိဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ တောင်းတဲ့နေရာမှာ ပထမအချက်က ဥပဒေပြုခွင့်အာဏာနဲ့ စီးပွားကဏ္ဍမှာကျနော်တို့ဘာတွေ စီမံခန့်ခွဲခွင့် ရှိသင့် သလဲပေါ့။ အဲဒါကို အခုဆွေးနွေးနေတာ ဖြစ်ပါတယ်။ ကျနော်တို့ပြည်နယ်မှာ ဘာအာဏာမှမရှိရင် ဘာမှလုပ်လို့ မရဘူး။ နောက်တစ်ခုက ဘဏ္ဍာရေးကိစ္စပေါ့။ အဲဒီမှာ ဘယ်လိုအခွန်အကောက်မျိုး ကောက်သင့်သလဲ။ ဖက်ဒရယ်အစိုးရက ဘယ်လိုအာဏာတွေ ကိုင်ထားဖို့ လိုအပ်သလဲပေါ့။ ပြည်သူလူထုရဲ့လိုလားချက်ကို အခြေခံပြီး ချမှတ်ရမယ်။ ဥပမာ ကရင်ပြည်နယ်မှာ သယံဇာတတွေ အများကြီးရှိတယ်။ သယံဇာတ စီမံခန့်ခွဲပိုင်ခွင့်ကလည်း ပြည်နယ်မှာ ရှိရမယ်။ အဲဒီကနေရရှိလာတဲ့ ဘဏ္ဍာတွေကို ဘယ်လိုခွဲဝေရမလဲ။ ဒီလိုမျိုးတွေကို ကျနော်တို့ဆွေးနွေးဖို့ လိုမယ်။ အဲဒါတွေ အားလုံးကို သေချာဆွေးနွေးပြီးမှ ရရှိလာတဲ့ အချက်တွေကို KNU အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေမှာ ယူသွားပြီး ပြောလို့ရတယ်။
အချို့အနေနဲ့က နှစ်ပေါင်းများစွာ ကရင်ပြည်သူလူထုအနေနဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး နိမ့်ကျမှုတွေ ရှိနေတဲ့အပေါ်မှာ ကရင်တစ်မျိုးသားလုံးအတွက် KNU ကို လုပ်ပေးစေချင်တယ်။ ဒါပေမယ့် KNU မှာက ပြည်နယ်နှင့် တိုင်းတချို့မှာပဲ ရှိတဲ့အခါကျတော့ တစ်မျိုးသားလုံးကို မလွှမ်းခြုံနိုင်ဘူး။ ပြဿနာက အဲဒါတွေ ရှိတယ်။ KNU အနေနဲ့ ဒီလိုကြားကာလမှာ တချို့သောမူဝါဒတွေက သုံးလို့ ရတယ်။ တစ်မျိုးသားလုံးအတွက်ကို လုပ်နိုင်ဖို့ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်တွေရယ်၊ အခြား ပြည်နယ်၊ အခြားတိုင်းမှာရှိတဲ့ ကရင်တွေရဲ့အခွင့်အရေးနဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အာဏာတွေအတွက် KNU က ပြောပေးလို့ ရတယ်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာပြီးဆိုရင် ဘယ်အစိုးရပဲတက်တက် ကရင်အတွက်ပဲဖြစ်ဖြစ်၊ အခြားသောလူမျိုးတွေအတွက်ပဲဖြစ်ဖြစ် အဲဒီလို အာဏာတွေရအောင် ကျနော်တို့ ပြောဖို့ လိုတယ်။ ဘာအာဏာမှ မရှိဘူးဆိုရင် ဘယ်အစိုးရတက်တက် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။
အဲဒီတော့ အဲလိုအာဏာတွေရှိအောင် ဥပဒေမှာ ဘာတွေထည့်သွင်းမလဲဆိုတာ အခုကျနော်တို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အစိုးရနဲ့တွေ့ဆုံဆွေးနွေးတဲ့ အခါမှာကျတော့ နှစ်ခုစလုံးကို ထည့်သွင်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ အခြားတိုင်း ရင်းသားတွေလည်း သူတို့လိုလားတဲ့ အခွင့်အရေးရရှိဖို့ တောင်းမှာပဲ ဖြစ်တယ်။ အဲဒီတော့ အခုထွက်လာတဲ့မူကို အခြားတိုင်းရင်းသား တွေနဲ့ ပြန်ညှိပြီးတော့ တစ်သံတည်းထွက်အောင် ပြန်လည်လုပ်ဆောင်ရအုံးမှာ ဖြစ်ပါတယ်။