ဧပြီ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်ဒုက္ခသည်စခန်း ၃ခုဖြစ်သော မယ်လ၊ နို့ဖိုးနှင့် အုန်းဖျန်တို့ရှိ ဒုက္ခသည်တစ်သိန်းခန့်ကို မြန်မာနိုင်ငံ နေရပ်သို့ ပြန်ပို့မည့်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေမှုနှင့်ပတ်သက်၍ လတ်တလော သတင်းမီးဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းပေါ်ထွက်လျှက်ရှိသည်။
ဧပြီ ၂၇ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ အထူးစီးပွားရေးဇုန် ခန်းမအတွင်း ကျင်းပခဲ့သည့် ဒုက္ခသည်များဆိုင်ရာအစည်းအဝေးအပြီးတွင် ဒုက္ခသည်တစ်သိန်းခန့်ကို နေရပ်ပြန်ပို့ရန် ပြင်ဆင် နေကြောင်း ထိုင်းသတင်းမီးဒီယာတစ်ခုဖြစ်သည့် INN က တာ့ခ်ဒုခရိုင်ဝန် နိုင်းဆုထဒ် ဆိုင်းဝမ်းချိုင်း၏ ပြောဆိုချက်ကို ကိုးကားပြီး ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုသို့ သတင်းထွက်ပေါ်ခြင်းအပေါ် အုန်းဖျန်ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူတစ်ဦးက “ထိုင်းအစိုးရရဲ့ သဘောထားက အပြည့်မဟုတ်ဘူးလေးနော်။ ဒီဒုက္ခသည်ပြန်ပို့မယ့် အာဘော်တွေက အမြဲတမ်း ရှိနေတာပဲ။ ဒါပေမယ့် ဒီထွက်ပေါ်လာတဲ့ သတင်းအရတော့ သုံးသပ်ဖို့ ခက်တယ်။ သို့သော်လည်း အမိမြေကို ပြန်တဲ့ကိစ္စက အမိမြေကို အုပ်ချုပ်တဲ့ သူတွေအပေါ်မှာလည်း မူတည်တယ်လို့ ခံယူတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များအနေဖြင့် စခန်းတွင်းတာဝန်ရှိသူများနှင့် တစုံတရာ ဆွေးနွေးမှုမရှိသေးသလို အမှန်တကယ် ပြန်ပို့မယ်ဆိုပါက ဒုက္ခသည်တာဝန် ရှိသူများပါဝင်သည့် အပြန်အလှန်ဆွေးနွေးမှုတော့ရှိရမည်ဖြစ်သည်လည်း သူက ဆက်ပြောသည်။
ထို့အပြင် မဲဆောက်မြို့နယ်ရှိ အထူးစီးပွားရေးဇုန် ခန်းမ၌ ကျင်းပခဲ့သည့် ဒုက္ခသည်များဆိုင်ရာအစည်းအဝေး တွင် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR၊ အုန်းဖျန်၊ နို့ဖိုး နှင့် မယ်လစခန်းတို့မှ ထိုင်းအစိုးရ၏ စခန်းတွင်း လုံခြုံရေးတပ်မှူးများ သွားရောက်တက်ရောက်ခဲ့ကြသော်လည်း စခန်းတွင်း ဒုက္ခသည်ကော်မတီဝင် များ၊ ကရင်ဒုက္ခသည်ကော်မတီ-KRC မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
KRC ဘဏ္ဍာရေးတာဝန်ခံ နော်ဘလူးမင်းနိုင်ဇံက “ကျမတို့ ရုံးက တာဝန်ရှိသူတွေ ဘယ်သူမှမသွားဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ဆွေးနွေးပွဲတစ်ခုကနေ ကျမတို့ ဒုက္ခသည်အရေးကို ဒုတိယတာဝန်ယူတဲ့ ထိုင်းအာဏာပိုင် က ကျမတို့ကို သူကိုယ်တိုင်ပြောထားတာ လုံးဝပြန်ပို့ဖို့ အစီအစဉ်မရှိသေးပါ။ အခြေအနေမကောင်းသေးလို့ မပြန်နိုင်သေးဘူးဆိုတာ သူတို့ လက်ခံထားတယ်။ ဒါပေမယ့် ကိုယ်သဘောဆန္ဒနဲ့ပြန်ရင်တော့ သူတို့မတားဘူး ဆိုတာ တော့သေသေချာချာ ပြောထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်းအစိုးရဘက်မှ ဒုက္ခသည်များအား နေရပ်ပို့ဆောင်မည့် ကိစ္စအပေါ် KRC အား တစုံတရာ အသိပေး အကြောင်းကြားခြင်းမရှိသေးကြောင်းနှင့် ထိုင်းအစိုးရသည် ဒုက္ခသည်များကို အတင်းအဓမ္မ ပြန်တွန်းပို့မည့် ပေါ်လစီ မရှိကြောင်းလည်း နော်ဘလူးမင်းနိုင်ဇံက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများကို ထိုင်းအစိုးရက နေရပ်ပြန်လည်ပို့ဆောင်ရန် ရှိသည်ဟု သတင်းထွက်ပေါ်မှုများ ရှိခဲ့သော်လည်း ယခုလို ဒုက္ခသည်စခန်း အမည်နှင့် လူဦးရေ အတိအကျ ပြောဆိုမှုများ မရှိခဲ့ကြောင်း သိရသည်။