ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာ မြန်မာ့သတင်း(BNI)က ဦးဆောင်၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဖေဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်နေ့အထိ ကျင်ပမည့် တိုင်းရင်းမီဒီယာမှတဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ ဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို စတင်ကျင်းပနေပြီဖြစ်သည်။
၎င်းညီလာခံသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမြတ်အောင်၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေနှင့် ဌာနဆိုင်ရာ အရာရှိများ၊ မြန်မာစာနယ်ဇင်းကောင်စီ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာစာရေး ဆရာများ၊ အစိုးရအဖွဲ့အစည်းမဟုတ်သော အဖွဲ့အစည်း၊ တိုင်းရင်းသားမီဒီယာဌာနများ ရခိုင်နှင့် မြိုလူမျိုးစု နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများ အပါအဝင် ၃၀ဝ ခန့် တက်ရောက်ခဲ့သည်။
BNI ၏ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ နိုင်ကဆော့မွန်က “ဒီတိုင်းရင်းညီလာခံကို ကျင်းပရတဲ့အကြောင်းအရင်း ကတော့ တိုင်းရင်းသားတွေရဲ့ အသံတွေ၊ တိုင်းရင်းသားတွေရဲ့အမြင်တွေ လိုလားချက်တွေကို မီဒီယာကနေ တဆင့် ထုတ်ဖော်ဖို့ ကျင်းပတာဖြစ်ပါတယ်။ တိုင်းရင်းသားမီဒီယာမှတဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီသို့ ဆောင်ပုဒ်ဟာလည်း ညီလာခံရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ထို့အပြင် တိုင်းရင်းမီဒီယာများအနေဖြင့် လက်ရှိနိုင်ငံရေး ရေစီးကြောင်းအရ သတင်းမီဒီယာတင်ပြရာ၌ လက်ရှိ ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ပံ့ပိုးပေးရန် လိုအပ်သလို တိုင်းရင်းသားဒေသအသီးသီးက သတင်းအခြေအနေမှန်ကို ကောင်းမွန်စွာ သိရှိလာရေး ဖော်ပြပေးရန် လိုအပ်ကြောင်းလည်း နိုင်ကဆော့မွန်က ဆက်ပြောသည်။
သုံးရက်ကြာကျင်းပမည့် ယင်းညီလာခံတွင် တိုင်းရင်းသားမီဒီယာအသီးသီး၏ အခြေအနေနှင့် စိန်ခေါ်မှုများ၊ တိုင်းရင်းသူအမျိုးသမီးသတင်းထောက်များ၏ အခန်းကဏ္ဍ၊ New Government and Freedom of Expression၊ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များ၏ အခြေအနေနှင့် စိန်ခေါ်မှုများ၊ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှု ဖြေလျော့ရေး၊ တိုင်းရင်းသား မီဒီယာအပေါ် နိုင်ငံတကာ အမြင်ရှုထောင့်၊ တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။
သျှမ်း(ရှမ်း)ပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဂျာနယ် အယ်ဒီတာချုပ် စိုင်းမိန်းက “အခု ညီလာခံတွေ့ဆုံမှုက လေးကြိမ်မြောက်ရှိပါပြီ။ ပထမ၊ ဒုတိယ၊ တတိယအကြိမ်တုန်းက တွေ့ဆုံမှု အင်အား တက်လာသမျှ တက်လာနိုင်တယ်။ ဒီတွေ့ဆုံမှုကနေတဆင့် နယ်မြေမတူညီတဲ့ တိုင်းရင်းသားတွေအနေနဲ့ Social မီဒီယာကို အသုံးချပြီးတော့မှ Multi မီဒီယာဆီကို တက်လှမ်းမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ၂၀၁၃ခုနှစ်၌ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ၂၀၁၄ ခုနှစ် သျှမ်းပြည်နယ် တောင်ကြီးမြို့၌ ဒုတိယအကြိမ်၊ ၂၀၁၅ ခုနှစ် ချင်းပြည်နယ် ဟားခါးမြို့၌ တတိယအကြိမ်တို့ကို ကျင်းပခဲ့ပြီးဖြစ်သည်။