(မောင်ကျော်စွာ)
(၂၀၁၆ ဖေဖေါ်ဝါရီ ၁၄)
လက်ရှိအနေအထားမှာ “ဖက်ဒရယ်” ဆိုတာကို ကိုယ့်ရပ်တည်ချက် ကိုယ့်ရှေ့ရှုချက်နဲ့ကိုယ် အင်အားစု အသီးသီးက လက်ခံပြောဆိုနေကြပါပြီ။
(SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးကတော့ သူတို့လေ့လာထားတဲ့ပုံစံတွေ အများကြီးရှိပေမယ့်၊ “အကောင်းဆုံးကတော့ ဂျာမနီပေါ့ဗျာ”လို့ အင်တာဗျူးတစ်ခုမှ ဖြေလိုက်တာကို သတိပြုလိုက်မိပါတယ်။ အဲဒီမှာ သူထပ်ပြီး ဆက်ပြောတာကို ကျနော်ပိုပြီး သဘောကျမိတယ်။ သူထပ်ပြောတဲ့စကားက “ဘယ်နိုင်ငံ အကောင်းဆုံးဆိုတာထက် ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတာကို လုပ်ရမှာပဲ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။
(SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးလိုပါပဲ။ အခြားသော တိုင်းရင်းသားလူမျိုးစုတွေမှာ “အကောင်းဆုံး” သတ်မှတ်ချက်တွေ ရှိနေမှာပါ။
အမှန်ပါပဲ။ ဘယ်ဖက်ရှင်၊ ဘယ်ဒီဇိုင်း၊ ဘယ်အဝတ်အစားကို ဘယ်သူဝတ်လို့ ဘယ်လိုစမတ်ကျတယ်၊ ဘယ်လောက်လှတယ်၊ ဘယ်လောက်ခေတ်မီတယ်လို့ပြောနေပါစေ၊ လက်ရှိတည်ရှိနေတဲ့ ကိုယ့်ခန္ဓာကိုယ် အတိုင်းအထွာနဲ့မကိုက်ညီရင် ဝတ်လို့၊ စားလို့၊ လှုပ်လို့၊ ရှားလို့ဘယ်လိုအဆင်ပြေတော့မှာလဲ။
ဒီတော့ ကိုယ်နှစ်သက် သဘောကျတဲ့ အဆင်နဲ့အသွေး၊အရောင်နဲ့ဒီဇိုင်းကို ရွေးချယ်ပြီးပြီဆိုရင် ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီအောင် တိုင်းထွာချုပ်ရမှာပဲဖြစ်ပါတယ်။ ဒါဟာ လူတစ်ကိုယ်ချင်း ကိုယ့်ကိုယ်ကို ဝတ်စား ဆင်ယင်တဲ့ ကိစ္စဖြစ်ပါတယ်။ အခု ကျနော်တို့ ဦးတည်စဉ်းစားနေကြတာက တိုင်းပြည်တစ်ခုရဲ့ အနာဂတ် ပုံစံသစ်ကို စဉ်းစားကြတာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်အနှစ်သက်ဆုံး သဘောအကျဆုံးဆိုတဲ့ မိုဒယ်/ ဒီဇိုင်းကတော့ ကိုယ်စီကိုယ်ငှ ရှိကြမှာပါပဲ။ ဒီဟာထက် ပိုအရေးကြီးတာက အဲဒီ မိုဒယ်/ဒီဇိုင်းဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်ရဲ့ ထူးခြားချက်တွေနဲ့ ကိုက်ညီဖို့ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ကိုယ့်နိုင်ငံ၊ ကိုယ်တိုင်းပြည် ထူးခြားချက်တွေနဲ့ကိုက်ညီရမယ်ဆိုတဲ့ အချက်တွေထဲမှာ ကျနော်စဉ်းစားမိတဲ့ အချက် ၃ ချက်ကို တင်ပြရရင် ကျနော်တို့ ဦးတည်ထားတဲ့ မိုဒယ်/ဒီဇိုင်းဟာ ပထမအချက်အနေနဲ့ တန်းတူရေးနဲ့ သွေးစည်းညီညွတ်မှုကို တိတိကျကျခိုင် ခိုင်မာမာ ဖော်ဆောင်နိုင်တဲ့ ပုံစံဖြစ်ရမယ်။ ဒုတိယအချက်အနေနဲ့ တိုင်းပြည်နဲ့လူထုရဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဦးတည်နိုင်ရမယ်။ တတိယ အချက်က အစဉ်လှုပ်ရှားပြောင်းလဲနေတဲ့ ပြည်တွင်းပြည်ပ အခြေအနေအပေါ်မှာ မူတည်ပြီး လိုအပ်သလို ပြောင်းနိုင်ပြင်နိုင်ဖြစ်ရမယ်။
တစ်ချက်ထဲနဲ့ ချုပ်ပြောရမယ်ဆိုရင် အစဉ်လှုပ်ရှားပြောင်းလဲနေတဲ့ ပြည်တွင်းပြည်ပ ဘယ်လိုအခြေအနေတွေ မှာပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူမျိုး ပေါင်းစုံပြည်သူများရဲ့အကျိုးစီးပွားကို အစဉ်ထိန်းသိမ်းကာကွယ်တိုးချဲ့မြှင့်တင် သယ်ဆောင်သွားနိုင်တဲ့ ပုံစံဖြစ်ဖို့ပါပဲ။ ဆိုလိုချင်တာကတော့ ပင်လယ်ပြင်ထဲမှာ မိုးသက်မုန်တိုင်းတွေကျကျ၊ လှိုင်းအိကလေးတွေ တအိအိ တိုက်ခက်နေနေ သဘေင်္ာကြီးဟာ အန္တရာယ်အသွယ်သွယ်ကို ဖြတ်သန်းနိုင်ပြီး လိုရာခရီးကို တန်းတန်းမတ်မတ် ဦးတည်ခုတ်မောင်းနေနိုင်ဖို့ ပဓါန ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်အတွင် အနာဂတ်ပုံစံကို စဉ်းစားတဲ့နေရာမှာ အကောင်းဆုံးမိုဒယ်ဆိုတာထက် မိမိတိုင်းပြည်လူမျိုး၊ တည်နေရာ ပထဝီဒေသ၊ သမိုင်းကြောင်း၊ လက်ရှိသမိုင်းကာလထူးခြားချက် စတာတွေကို အဓိက ထည့်သွင်းစဉ်းစားပြီးဖော်ဆောင်ခြင်းကသာ အကောင်းဆုံး/အသင့်တော်ဆုံးပုံစံကိုရရှိနိုင်မှာဖြစ်ပါတယ်။ အကောင်းဆုံးပုံစံဆိုတာဟာ နိဗ္ဗာန်ဘုံမှာတောင် အကောင်အထည် ဖော်လို့မရတဲ့ ပုံစံမျိုးလည်း ဖြစ်နေနိုင်တတ်တာ ပါတယ်။ ဒါကြောင့် အကောင်းဆုံးကိုရွေးချယ်ကြတဲ့အခါမှာ ကိုယ့်နိုင်ငံနဲ့ကိုက်ညီဆီလျော် တာကိုပဲ ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာ တစ်ခုတည်းကိုပဲ တစ်ဖက်သတ် အသေစွဲကိုင်ထားလို့ မရနိုင်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူများ အကျိုးစီးပွားပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အကောင်းဆုံးပုံစံကို ညှိနှိုင်းယူကြရမှာပါ။
အဲဒီလို အကောင်းဆုံးပုံစံကို ဘယ်လို ညှိနှိုင်းဆွေးနွေးရွေးချယ်သတ်မှတ်ကြမလဲ။ တန်းတူ သွေးစည်းညီညွတ် နိုင်မယ့် ပုံစံသစ်ကို ညှိနှိုင်းဆွေးနွေးရွေးချယ်သတ်မှတ်ဖို့ဆိုရင် တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းနိုင်ပြီး အကျယ်ပြန့်ဆုံး ကိုယ်စားပြုနိုင်တဲ့ ညီလာခံကြီးတစ်ရပ် ကျင်းပဖို့ လိုအပ်ပါတယ်။
ပင်လုံညီလာခံကျင်းပစဉ်က ဘုံရန်သူဖြစ်တဲ့ နယ်ချဲ့သမားဟာ ကျနော်တို့တိုင်းပြည်ကို လက်မလွှတ်လို့ မဖြစ်တော့တဲ့ သမိုင်းအခြေအနေမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အဂင်္လိပ်ကိုလိုနီအစိုးရက (Divide and Rule)အရ သူတို့ ခွဲခြားအုပ်ချုပ်ခဲ့ကြတဲ့ တောင်တန်းနဲ့ ပြည်မကို ခွဲပစ်ခဲ့ဖို့ အကြံဆိုးရှိခဲ့တာပါ။ ဒါကို အဲဒီ သမိုင်းခေတ်ကာလ တောင်တန်းနဲ့ပြည်မခေါင်းဆောင်တွေဟာ အမြော် အမြင်ရှိရှိနဲ့ လွတ်လပ်ရေးကို အတူတကွ ရယူကြမယ်။ တန်းတူသွေးစည်းတဲ့ တိုင်းပြည်ကို အတူတကွတည်ဆောက်ကြမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ပင်လုံညီလာခံနဲ့ပင်လုံသဘောတူညီချက်(ပင်လုံစာချုပ်)မှာအတူတကွ လက်မှတ်ရေးထိုး ခဲ့ကြတာပါ။
ဒီတော့ သမိုင်းဝင်ပင်လုံစိတ်ဓါတ်ကို အသေအချာစွဲကိုင်ထားတဲ့အောက်မှာ လက်ရှိ ၂၁ရာစု ခေတ်ကာလရဲ့ တောင်းဆိုချက်တွေကို အကျယ်ပြန့်ဆုံးကိုယ်စားပြုနိုင်တဲ့ ညီလာခံကြီးတစ်ရပ်ဖြင့် ကျင်းပဖို့ လိုအပ်ပါတယ်။
“ဒို့တာဝန်အရေးသုံးပါးနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ထာဝစဉ် ခံယူပါတယ်” ဆိုတာကို မလွန်ဆန်နိုင်ဘဲ လက်မှတ်ထိုးကြရတဲ့“ကျိုက္ကဆံညီလာခံ၊ ညောင်နှစ်ပင်ညီလာခံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” တို့လို အတုအယောင်ညီလာခံမျိုးတွေနဲ့လည်း ပြတ်ပြတ်သားသားစည်းခြားဖို့ လိုပါတယ်။
ဒါကြောင့် ဒီလိုအတုအယောင်ညီလာခံတွေနဲ့ ပြတ်ပြတ်သားသားစည်းခြားပြီး (NLD)ပါတီရဲ့ (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်မှာရေးသားဖော်ပြထားတဲ့ “ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” ကို လက်တွေ့ကျကျ တည်ထောင်နိုင်ဖို့အတွက် “၂၁ရာစု ပင်လုံညီလာခံ” အောင်မြင်အောင်ကျင်းပဖို့ လိုအပ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ဖို့ဆိုတာ အပ်နဖားပေါက်ထဲ ဆဒ္ဒန်ဆင်မင်းသွင်းသလို ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ဦးနှောက်ပုံမှန် ရှိသူတိုင်းက နားလည်သဘောပေါက်ကြပြီးဖြစ်ပါတယ်။
ပထမခြေလှမ်းအနေနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ “၂၁ရာစုပင်လုံညီလာခံ” ကျင်းပနိုင်/မကျင်းပနိုင် ဆိုတဲ့ အချက်ကတော့ မကြာမီ ပေါ်ပေါက်လာတော့မယ့်(NLD)ပါတီ အစိုးရသစ်ရဲ့ အစွမ်းအစအပေါ်မှာ အဓိက တည်မှီနေတယ်လို့ ထင်မြင်ယူဆပါတယ်။