(လကင်္ာဒီပ)
ပန်းတနော်နယ်တစ်ကြော
တောကျောင်းကျေးရွာလေးရေ
စနစ်တွေ အလွဲအမှား အရှိတရားကို
ထောက်လျှို ထောက်ပြ ညွှန်ပေး
တော်လှန်ရေး မီးရှူးတန်ဆောင်
ညသန်းခေါင်လည်း မြင်တတ်သူ
နေပူနေ့ခင်း လမ်းမပျောက်သူ
ထိုလူသားမန်းရှာလို ခေါင်းဆောင်ကောင်း
ပေါင်းသင်ရေလောင်း မွေးထုတ်ပေးခဲ့တာ
ကျေနပ်ကာ ဂုဏ်ယူနေလိုက်စမ်းပါဗျာ။
အင်ပါယာကြီး မလိုချင်ဘူး
ထူးခြားခွဲထွက်ဖို့လည်း မရှိဘူး
တို့စိတ်ကူး တို့မျှော်မှန်းချက်
ရှေ့ဆက်ရမယ့် လွတ်လပ်တဲ့ပန်းတိုင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တစ်မျိုးသားလုံး တန်းတူညီတူအခွင့်အရေး
အိုး…ရွေးစရာလမ်းမရှိတော့လို့
ကိုယ့်လက်နက်ကိုကိုင် တိုက်ပွဲဝင်ခဲ့ရတာပေါ့။
ကရင့်ရဲ့တော်လှန်ရေးကာလအကြား
တစ်ဖဝါးမှ ထွက်မပြေးသွေးမကြောင်
တောတောင်ထဲ အသေခံတင်းခံ
ဇွဲမာန်နဲ့ မူပေါ်ရပ်တည်နေဆဲ
သူရဲကောင်းအပေါင်းတို့ရေ
မသွေဖီ မပြောင်းလဲတရား
ခင်ဗျားတို့ရဲ့ သံမဏိစိတ်ဓါတ်ကို
ဟို တမလွန်ဌာနေ စခန်းရွာက
မန်းရှာကြီး ကျေနပ်ပီတိဖြစ်နေရမှာပါ။
ဟေ့ ရဲဘော် ခင်ဗျား ပူဆွေးတွေဝေ
မျက်ရည်ကျမနေပါနဲ့ဗျာ
မန်းရှာလိုလူ မရှိတော့လို့
ပူလုံးဆို့ လက်မှိုင်ချမနေပါနဲ့
သူရဲ့ ခင်တွယ်မြတ်နိုး အလေးထားတဲ့
ခေတ်ရဲ့ လူငယ်လေးတွေကို
ပိုမိုမြေတောင်မြှောက် လမ်းပြပေးဖို့ လိုနေတာ
“ဒါဟာ ကရင့်ရဲ့တာဝန် သမိုင်းပေးတာဝန်”လို့
လက်တို့ ပခုံးဖက်ပြီး
မန်းရှာကြီး ခင်ဗျားကိုပြောနေအုံးမှာပါ။
မျိုးဆက်သစ်ညီနောင်တို့ရေ
တို့တစ်တွေ ကရင့်တော်လှန်ရေးမှာ
ရေလာရေစီး ကောင်းရှိ မကောင်းရှိမယ်
ဘယ်အရာမှ တစ်သမတ်ထဲ
မမြဲဘူး မတည်ဘူး
စူးဆောက် စိန်ကျောက်
တောင်ကို ဖောက်နိုင်ရမယ်လေ
မိုးကျရွှေကိုယ်တွေ မရှိပေမယ့်
လက်တွေ့ဆန်တဲ့ ရပ်ဝန်းတစ်ခု
သိမှတ်ပြုတဲ့ ဖြတ်သန်းမှု
မော်ကွန်းပြုထုဆစ်နိုင်ရမှာ
ဒါဟာ သူရဲကောင်း အာဇာနည်တို့လမ်းပေါ့။
မှန်ရာကို ချက်ကျလက်ကျ ပြောတတ်သလောက်
ခြောက်တိုင်းလည်း မကြောက်ခဲ့သူ
ချစ်သူများနေ့ စိတ်မဝင်စားဘူး
အထူးတလည် ပန်းခြင်းလေးက
ဖထီးအတွက် လက်ဆောင်မွန်တဲ့
ပန်းရဲ့အောက်က လက်နက်
ဪ…နှုတ်ဆက်သွားခဲ့ရှာပြီ
ပန်းသီတဲ့ လက်ကိုမှရိုက်ချိုး
ပန်းပျိုးတဲ့ ဥယျာဉ်မှူးကို ဓါးထောက်လျက်
ချစ်သူလက်နဲ့ ပန်းခြွေရက်ခဲ့လေတယ်လေ။
၂၁ ဖေဖော်ဝါရီ၊ ၂၀၁၆။



















