ဖေဖော်ဝါရီ ၆ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
အစိုးရနှင့် လာမည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် တင်ပြဆွေးနွေးသွားမည့် ကဏ္ဍများကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်တွင်းအခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်း (CSO)အချို့တို့ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ လူမှုရေးရာသုတေသနအဖွဲ့(RISE)ရုံးတွင် ဖေဖော်ဝါရီ ၄ရက်နေ့က တွေ့ဆုံအမြင်ဖလှယ်ခဲ့ကြသည်။
RISE အဖွဲ့၏ အစီအစဉ်ဖြင့် ပြုလုပ်ကျင်းပသည့် ယင်းအမြင်ဖလှယ်ပွဲ၌ လာမည့် နိုင်ငံရေးဆွေးနွေးပွဲများ မတိုင်မီ ပြင်ဆင်မှုများ မည်သို့လုပ်ဆောင်သွားရမည်ကို သက်ဆိုင်ရာ ကရင်လူမှုအသိုင်းအဝိုင်းများအကြား ဦးစွာ အသိပေးဆွေးနွေးသွားရန် လိုအပ် သဖြင့် ယခုလို တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်ဟု ယင်းအစည်းအဝေးပွဲတက်ရောက်သူ ကေအဲန်ယူ၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။
“လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျနော်တို့ ကရင်အမျိုးသားတွေ ကြိုတင်ပြင်ဆင်ရမယ့်အရာတွေကို ဘယ်လိုလုပ်ဆောင် မလဲပေါ့။ နောက် ကဏ္ဍတစ်ခုချင်းစီ ရှိနေတဲ့ အနေအထားကနေ ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲမှာ ကျနော်တို့ ကရင်အမျိုးသား တွေ လိုချင်တဲ့အရာတွေ ပါဝင်ဆွေးနွေးနိုင်ဖို့ အမျိုးသားအဆင့် ဆွေးနွေးပွဲ ဒီပြည်နယ်မှာလုပ်ဖို့။ နောက် ဒေသအဆင့်တွေမှာ လုပ်ဖို့ အသိပေး ဆွေးနွေးတာပေါ့”ဟု ပဒိုစောလှထွန်းက ကေအိုင်စီသို့ ပြောသည်။
ရှေ့ဆက်နိုင်ငံရေး အခင်းအကျင်းများတွင် ကြုံရနိုင်သည့်အရာများနှင့် ကရင်အမျိုးသားများ လိုလားတောင့်တနေသော ဖက်ဒ ရယ်ပြည်ထောင်စု ရရှိရေးအတွက် လိုအပ်သည့် အခြေခံမူနှင့်အတူ ကရင်ပြည်နယ်အတွင်းရှိ ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်း၊ သက်ဆိုင်ရာ ပါဝင်ထိုက်သူများကို လက်တွဲဖိတ်ခေါ်သွားမည်ဖြစ်သလို ကျရာကဏ္ဍတွင် အတူတကွ ပါဝင်ကြရန်လည်း လိုအပ် သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ယခုနှစ် မတ်လအတွင်း ကျင်းပမည့် ကရင်အမျိုးသားအားလုံးပါဝင်သော နှီးနှောဖလှယ်ပွဲ၌ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးသွားအကြောင်းအရာများအပေါ် အခြေခံ၍ မည်သို့လုပ်ဆောင်သွားပြီး မည်သူ ပါဝင်တာဝန်ခွဲယူရမည်ကို ယခုလို အသိပေးဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ကေအဲန်ယူက ဆိုသည်။
RISE ၏ စီမံခန့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် စောဇော်လင်းက “ဒီအမြင်ဖလှယ်ပွဲမှာ ကျနော်တို့ RISE ရဲ့ လုပ်ဆောင် ချက်တွေ ရှင်းပြတာ ရှိတယ်။ နောက် ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ဆောင်လာတဲ့နေရာမှာ ပိုပြီး စကားပြောနိုင်ကြဖို့ dialogue (တွေ့ ဆုံဆွေးနွေးပွဲ)တွေ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အမြင်ဖလှယ်တဲ့သဘောပါပဲ။ ကျနော်တို့အနေနဲ့လည်း ဒီငြိမ်းချမ်းရေးဖြစ်စဉ် မှာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ ဝိုင်းဝန်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အမြင်ဖလှယ်ပွဲတွင် ကေအဲန်ယူ အပါအဝင် RISE ၊ ကရင်လူငယ်ကွန်ရက်၊ ဆာမူထော်အဖွဲ့၊ ပအိုဝ်းစာပေ ယဉ်ကျေးမှု နှင့် Europe Burma Office (Myanmar)တို့မှ စုစုပေါင်း လူဦးရေ (၂၀)ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစိုးရနှင့် ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ကေအဲန်ယူ၏ ဋ္ဌာန တစ်ခုဖြစ်သော ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)ဦးဆောင်၍ ဖားအံမြို့၊ Gabana ဟိုတယ်တွင် ဖေဖော်ဝါရီလ ၃ရက်နေ့ကလည်း သုံးရက်တာ ကြာသည့် Workshop on Federal Health & Welfare System အလုပ်ရုံ ဆွေး နွေးပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။



















