နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ဖားအံမြို့နယ်၊ သံလွင်အနောက်ဘက်ကမ်းရှိ ကော့ဂွန်ရွာသစ်ကျေးရွာ၌ တည်ရှိသည့် ကျောက်ထုတ်လုပ်ရေးစခန်းတွင် နိုဝင်ဘာ ၂၂ရက်နေ့က ကျောက်တုံးများ ပြိုကျသောကြောင့် ၁၅နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးကာ ၁၄နှစ်အရွယ် ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ကျောက်ပြိုကျမှုကြောင့် ထိမှန်ခံရသူနှစ်ဦးမှာ အဆိုပါကျောက်ထုတ်စခန်းအတွင်း အလုပ်လုပ်ကိုင်သူများ၏ သမီးများဖြစ်ကြပြီး ၎င်းတို့နှစ်ဦးသည် ကျောက်ထုသည့်နေရာတွင် သွားရောက်ကစားရာမှ ကျောက်ပြိုကျခံရခြင်းဖြစ်ကြောင်း သေဆုံးသူ မအေးမာ၏ ဖခင် ဦးမြင့်အောင်က ပြောသည်။
“သူတို့က ဦးနဲ့အတူလာလုပ်တာ မနှစ်က။ လာဝိုင်းလုပ်တာပဲ။ အဲဒီနေရာကို သူတို့လာကစားတာ မနက်တိုင်းလိုပဲ။ မိုးက ကျောက်မကျခင် ညထဲက ရွာထားတယ်။ မနက်တော့ ပြိုကျတယ်။ ဒီကျောက်စခန်းထဲမှာဖြစ်တယ်ဆိုတော့ လျှော်ကြေးတွေ ဘာတွေက ဦးက ဘာမှမပြောပါဘူး။ သူတို့တွေက အစစအရာရာ ဝိုင်းကူညီပေးထားတယ်လေး”ဟု ဦးမြင့်အောင်က ကေအိုင်စီသို့ ပြောသည်။
ကျောက်တုံးကြီးမပြိုကျခင်ရက်က ထိုအနီးအနားတွင် ကျောက်မိုင်းဖောက်ထားခြင်းရှိသော်လည်း ကျောက်မပြိုဘဲ ညဘက် မိုးရွာအပြီး မနက်ပိုင်း အလုပ်လုပ်ချိန် ၇နာရီခွဲကျမှသာ ပြိုကျခြင်းဖြစ်သည်ဟု ကျောက်မိုင်းတွင် ကျောက်တူးသည့် ကျောက် လုပ်သားတစ်ဦးမှ ကေအိုင်စီသို့ ယခုလို ပြောသည်။
“ကလေးမလေးတွေက အလုပ်သမားတော့ မဟုတ်ဘူး။ သူ့မိဘတွေက ဒီမှာအလုပ်လာလုပ်လို့ သူတို့ဒီမှာလာနေတာ။ အလုပ်လာလုပ်တာ မဟုတ်ပါဘူး။ အခုလက်ရှိ ကျောက်တွင်းမှာက အလုပ်သမား ၃ယောက်ပဲရှိတယ်။ ကျနော့် ကျောက်တွင်းကတော့ တစ်ဦးတစ်ယောက်ပိုင်တဲ့ ကျောက်တွင်းဖြစ်တယ်။ ပြည်နယ်အစိုးရဆီကိုတော့ တရားဝင်တင်ထားတယ်”ဟု ကျောက်တွင်းပိုင်ရှင် ဦးနိုင်နိုင်ဝင်းက ပြောသည်။
အဆိုပါကျောက်တွင်းမှာ လမ်းခင်းကျောက်များ ထုတ်လုပ်သည့် ကျောက်ထုတ်စခန်းတွင်းဖြစ်ပြီး ပြည်နယ်အစိုးရက ခွင့်ပြုထား ခဲ့သလို အခွန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တနှစ်လျင် ကျပ် ၅သိန်း ပေးဆောင်ရသည်ဟု သူက ပြောသည်။
၎င်းကျောက်ထုတ်ရေးစခန်းတွင် ကျောက်ပြိုကျရန်အတွက် မိုင်းဖောက်ကာ ဖြိုချရသည့်အတွက် မိုင်းဖောက်သည့်အရှိန်ကြောင့် အနီးအနားရှိ လယ်နှင့် တောင်ယာတချို့ပေါ်သို့ကျောက်ခဲများလွင့်ကျခြင်းရှိရာ အနီးအနားရှိ ဒေသခံရွာသူရွာသားများ၏ ဖြတ် သန်းသွားလာမှုအတွက်လည်း အန္တရာယ်ရှိသည်ဟု ဒေသခံများမှတစ်ဆင့် သိရသည်။



















