အောက်တိုဘာ ၁ရက်၊ ၂၀၁၅ခုနှစ်။ (ကဆောဝါး၊ စအိုင်စူး)
ကရင်ပြည်နယ်၌ ၂၀၁၅ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲပေးခြင်းဆိုင်ရာ အသိပညာပေးမှု အားနည်းနေကြောင်း ယမန်နေ့က ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်း၌ ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးကော်မတီမှ ပြုလုပ်သည့် မဲဆန္ဒရှင်ပညာ ပေးရေး ဆရာဖြစ်သင်တန်း၌ သွီး(THWEE)လူထုအခြေပြုလူမှုကွန်ယက်အဖွဲ့၏ ဒါရိုက်တာ မန်းသိန်းဇော်က ကေအိုင်စီသို့ ပြော သည်။
၎င်းက “အခု ကျနော်တို့ကရင်ပြည်နယ်ထဲမှာ ရပ်/ကျေးကော်မရှင်တွေအနေနဲ့ သူတို့ဒေသမှာရှိတဲ့ ကျေးရွာအုပ်စုအလိုက် မဲပေး ခြင်းဆိုင်ရာ အသိပညာပေး ရှင်လင်းဟောပြောတာမျိုး မရှိဘူး။ ပြီးတော့ မြို့နယ်ကော်မရှင်တွေ၊ ခရိုင် ကော်မရှင်တွေအနေနဲ့ လည်း ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်တာမျိုး အားနည်းနေတယ်”ဟု ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်း အားနည်းမှုကြောင့် ဒေသခံလူထုများ မှန်မှန်ကန်ကန် မဲထည့်နိုင်ရန်နှင့် မျှတသည့်ရွေးကောက်ပွဲဖြစ်လာရန် Karen Civil Society Network-KCSN နှင့် ပြည်နယ်ရွေးကောက်ပွဲကော် မရှင်တို့ ပူးပေါင်းအဖွဲ့ဖြစ်သည့် ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ကော်မတီက အဆိုပါဆရာဖြစ်သင်တန်းကို ပထမဦးဆုံအကြိမ်အဖြစ် စတင်ပို့ချနေပြီးဖြစ်သည်ဟု မန်းသိန်းဇော်က ဆက်ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါသင်တန်းသို့ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၁ဝအုပ်စုမှ တစ်အုပ်စုလျှင် လူ ၃ဦး ဖြင့် ဖိတ်ခေါ်ခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးကော်မတီမှ ဦးဆောင်ပို့ချခဲ့ကာ သင်တန်းသား စုစုပေါင်း ၃ဝဦး ပါဝင်တက်ရောက်ခဲ့ကြသည်။
သင်တန်းတက်ရောက်ခဲ့သူ ကော့ကရိတ်မြို့မှ ကိုဝင်းဆွေက “ကျနော့်အနေနဲ့ ကေ့ာကရိတ်မှာကျင်းပမဲ့ ဆန္ဒပေးပွဲတွေက တရား မျှတလိမ့်မယ်လို့ လုံးဝ မထင်ပါဘူး။ ကော့ကရိတ်ဒေသမှာ ကော်မရှင်ရဲ့လုပ်ဆောင်ချက်က တအားကို အားနည်းနေတယ်။ ဒေသတွင်းက လူတော်တော်များများက မဲပေးပုံစနစ်ကိုလည်း မသိနားမလည်ကြပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်တစ်ဝိုက်၌ ဘာသာရေးကို ခုတုံးလုပ်ကာ မဲဆွယ်စည်းရုံးမှုများရှိနေပြီး တာဝန်ရှိ ဌာနဆိုင်ရာများ ကလည်း မဲဆန္ဒရှင်ဆိုင်ရာ အသိပညာပေးမှု မရှိသည့်အတွက် သံသယဖြစ်မှုရှိလာနိုင်ပြီး စစ်တပ်တွင်းမှ မဲများကိုလည်း မည် သည့်ပုံစံဖြင့် ပြုလုပ်သွားမည်ကိုလည်း မသိရကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ မဲဆန္ဒရှင်ပညာပေးရေး ဆရာဖြစ်သင်တန်းများကို ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ကော်မတီက ဦး ဆောင်ပြီး ကရင်ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ဆက်လက် လုပ်ဆောင်သွားရန်ရှိသည်ဟုလည်း သိရသည်။



















