ဇွန် ၃ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်းရှိ ဂေဘားမျိုးနွယ်စုများသည် ကယား(ကရင်နီ)ပြည်နယ်ရှိ ဂေဘားမျိုးနွယ်စုထက် ဂေဘားစာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသေးကြောင်း မေ ၃၁ရက်နေ့က လွိုင်ကော်မြို့၌ ပြုလုပ်သည့် ဂေဘားမျိုးနွယ်စုဆုံစည်းပွဲတွင် ဂေဘားစာပေယဉ်ကျေးမှုအဖွဲ့က ပြောသည်။
ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီမောဆိုမြို့နယ်ရှိ ဂေဘားမျိုးနွယ်စုများ၊ ကရင်ပြည်နယ် သံတောင် ကြီးမြို့နယ်မှ ဂေဘားမျိုးနွယ်စုများ အပါအဝင် ဂေဘားမျိုးနွယ်စု ၂၀ဝ ကျော် တက်ရောက်သော အဆိုပါ ဆုံစည်းပွဲသို့ ကရင်ရေးရာအဖွဲ့ ဂေဘားစာပေယဉ်ကျေးမှုအဖွဲ့နှင့် ဂေဘားကိုယ်စားလှယ်များက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂေဘားရေးရာ ဥက္ကဌ စောကျူးနစ်က “ကျနော်တို့ကရင်ပြည်နယ်မှာတော့ ဂေဘားစာပေယဉ်ကျေးမှုဘာလို့ မတိုးတက်သေးတာလဲဆိုတော့ ကျနော်တို့နေတဲ့ ကရင်ပြည်နယ်ဒသမှာ ယခင်အမဲရောင်နယ်မြေလို့ အစိုးရ သတ်မှတ်တယ်။ အခုမှ အပစ်အခတ်ရပ်စဲရေးရတယ်။ ပွင့်လင်းမြင်သာမှု ရခါစဆိုတော့ ကယားပြည်နယ်မှာ ရှိတဲ့ ဂေဘားထက်တော့ မတိုးတက်သေးဘူး။ နောက်ပြီး ကျနော်တို့ ကရင်ပြည်နယ် အစိုးရကလည်း ဂေဘားစာပေယဉ်ကျေးမှု တိုးတက်ပြန့်ပွားဖို့လည်း အဲလောက်လုပ်ပေးတာ မရှိဘူး။ အဲဒါကြောင့် မတိုး တက်သေးဘူးလို့ ကျနော်မြင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်ရှိ ဂေဘားမျိုးနွယ်စုနှင့် ကယားပြည်နယ်ရှိ ဂေဘားမျိုးနွယ်စုများ ယခုလို တွေ့ဆုံခြင်းသည် အနာဂါတ်ဂေဘားမျိုးနွယ်စုများအတွက် အချိတ်အဆက်များရရှိစေရန်၊ ဂေဘားစာပေယဉ်ကျေးမှုနှင့် မျိုးနွယ်စု မပပျောက်အောင် ပြန်လည်ထိန်သိမ်းရန် ဆိုသည့်သဘောဖြင့် ကယားပြည်နယ် ဂေဘားစာပေ ယဉ်ကျေးမှုအဖွဲ့က ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဂေဘားစာပေယဉ်ကျေးမှုဥက္ကှဌ စောအဲလ်ဘတ်က “အခုလိုလုပ်တာက ဂေဘားမျိုးနွယ်စုရဲ့ ကုဒ်နံပါတ်ကို ကရင်လူမျိုးစုအောက်မှာပြန်ထည့်တာကို ကယားပြည်နယ်မှာရှိတဲ့ ဂေဘားမျိုးနွယ်စုကလည်း သိအောင်၊ ကရင်ရေးရာကော်မတီရဲ့လုပ်ဆောင်မှုကို ဂေဘားရေးရာကလည်း ပါဝင်ပြီးတော့ ကိုယ့်လူမျိုးစု ဖော်ထုတ်ဖို့ လုပ်ပေးတဲ့ အတိုင်းအတာကိုလည်း ပေးသိချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်။ နောက်ပြီး ကယားပြည်နယ် အစိုးရကကျနော်တို့ ဂေဘားစာပေယဉ်ကျေးမှုကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးကြောင့်လည်း ကရင်ပြည်နယ်ထက် စာပေယဉ်ကျေးမှုတိုးတက်တာလည်း ပါတယ်”ဟု ပြောသည်။
ဂေဘားမျိုးနွယ်စုသည် ကယား(ကရင်နီ)လူမျိုးစုအောက်တွက် မြန်မာအစိုးရမှသတ်မှတ်ထားသည့်အပေါ် အချို့ဂေဘားက လက်မခံသည့်အတွက် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ သန်းခေါင်းစာရင်းကောက်ချိန်တွင် ဂေဘားအချို့သည် ကရင်လူမျိုးစုအောက်တွင် မျိုးနွယ်စုထည့်ထားခြင်းရှိသလို မထည့်ထားခြင်းရှိသည်ဟု သိရသည်။
ဂေဘားမျိုးနွယ်စုများသည် ကရင်ပြည်နယ် နေရာအနှံ့တွင် လူဦးရေ ၅သောင်းခန့်နှင့် ကယားပြည်နယ်တွင် ၂ သောင်းခန့်ရှိပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်း(သျှမ်း)ပြည်နယ်တောင်ပိုင်း စသည့် နေရာဒေသများ တွင်လည်း အခြေစိုက်နေထိုင်ကြသည်ဟု ဂေဘားရေးရာကော်မတီက ပြောဆိုထားသည်။



















