Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက်က နိုင်ငံကူးလက်မှတ်အ‌ရေး အစီရင်ခံတိုက်တွန်းသွားမည်

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက်က နိုင်ငံကူးလက်မှတ်အ‌ရေး အစီရင်ခံတိုက်တွန်းသွားမည်

2274

ဇွန် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန်ရက်(MMNT)မှ ထိုင်းနိုင်ငံအတွင်းရှိ ယာယီ‌နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ပန်း‌ရောင်ကဒ်) ကိုင်‌ဆောင်ထားကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ကြုံ‌တွေ့‌နေရ‌သော နိုင်ငံကူးလက်မှတ် စာအုပ်(ပတ်စ်ပို့) ပြုလုပ်နိုင်‌ရေး အခက်အခဲများကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများသို့ အစီရင်ခံတိုက်တွန်း သွားမည်ဟု သိရသည်။

ထိုသို့ အစီရင်ခံတိုက်တွန်းနိုင်ရန်အတွက် ထိုင်းနိုင်ငံ‌မြောက်ပိုင်း ချင်းမိုင်၊ အ‌နောက်ပိုင်း မဲ‌ဆောက်‌ဒေသနှင့် ထိုင်းနိုင်ငံ အလယ် ပိုင်း ဘန်‌ကောက်ရှိ အဆိုပါအလုပ်သမားကွန်ရက်မှ အမှု‌ဆောင်ကိုယ်စားလှယ်များက ဘန်‌ကောက်မြို့တွင် ဇွန်လ ၂၈ရက်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်ဟု ကွန်ရက်၏အ‌ထွေ‌ထွေအတွင်း‌ရေမှူး ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးမိုးကြိုးက “အခုလက်ရှိ ထိုင်းစစ်‌ကောင်စီက မနှစ်ကမှ အသစ်ထုတ်‌ပေးတဲ့ ယာယီ ‌နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ပန်း‌ရောက်ကဒ်) ကိုင်‌ဆောင်ထားရင် လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်ခွင့်မရ‌သေးဘူး။ နိုင်ငံကူးလက်မှတ်ကြီး (ပတ်စ် ပို့)ရမှ ထိုင်းနိုင်ငံမှာ စိတ်ကြိုက်သွားလာလုပ်ကိုင်နိုင်မှာ‌လေ။ ဒါ‌ကြောင့် ပတ်စ်ပို့ကို အဆင်‌ပြေ‌ပြေ ဆက်လက်ပြုလုပ်နိုင်ဖို့ အစီ ရင်ခံ တိုက်တွန်းသွားမယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း၌ ပတ်စ်ပို့လုပ်‌ဆောင်ရာတွင် လုပ်‌ဆောင်ရမည့်အဆင့်နှင့် အချိန်ကြာမြင့်ခြင်း၊ ထိုင်းနိုင်ငံ၌လည်း မသိနားမလည်မှုနှင့် အချိန်မ‌ပေးနိုင်ခြင်းတို့‌ကြောင့် ပွဲစားများ၊ ‌အေဂျင်စီများကို ငှားရမ်းလုပ်ရာတွင် ကုန်ကျစရိတ်များခြင်းနှင့် လိမ်လည်ခံ ရမှုများမှာ မြန်မာအလုပ်သမားများအ‌နေဖြင့် အဓိကကြုံ‌တွေ့‌နေရသည့် ပြဿနာများဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဦးစိုးနိုင်က ထိုင်းနိုင်ငံအတွင်း ဖြစ်‌ပေါ်လာမည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ထိုင်းနိုင်ငံအတွင်း အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများနှင့် ကွန်ရက်သဖွယ် ဖြန့်ကျက်လုပ်‌ဆောင်ရန် သ‌ဘောတူထားသည်ဟု ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“ကျ‌နော်တို့က‌တော့ ဒီအလုပ်သမား‌ရေးရာ ‌ဆောင်ရွက်တဲ့သူ‌တွေ၊ အဖွဲ့အစည်း‌တွေနဲ့ သူတို့ဆီက ရလာတဲ့ အလုပ်သမား‌ရေးရာ သတင်းအချက်အလက်အ‌ပေါ် မူတည်ပြီး‌တော့ ပူး‌ပေါင်းလုပ်‌ဆောင်သွားဖို့ ဆန္ဒရှိတယ်”ဟု သံအရာရှိ ဦးစိုးနိုင်က ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်ကစ၍ မြန်မာနိုင်ငံအစိုးဘက်သို့ MMNT မှ အလုပ်သမား‌ရေးနှင့်ပတ်သက်၍ တနှစ်တစ်ကြိမ် တင်ပြတိုက် တွန်းမှုများ ရှိခဲ့ပြီး ယခု နှစ်နိုင်ငံအစိုးရထံ အစီရင်ခံမည့် အစီအစဉ်ကို ၎င်းတို့၏ (၇)ကြိမ်‌မြောက် ကွန်ရက်အစည်းအ‌ဝေးမှ ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွန်ရက်အစည်းအ‌ဝေးကို နှစ်လတစ်ကြိမ် ပြုလုပ်လျှက်ရှိပြီး လာမည့် စက်တင်ဘာ ၂၆ရက်‌နေ့ တွင် (၈)ကြိမ်‌မြောက် ကွန်ရက်အစည်းအ‌ဝေး ထပ်မံ ပြုလုပ်သွားရန်ရှိသည်ဟုလည်း သိရသည်။