Home သတင်း မဲ‌ဆောက်တွင် ပထမဆုံးအကြိမ် ထိုင်း မြန်မာ က‌မ္ဘောဒီးယား သုံးနိုင်ငံမူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး‌ဆွေး‌နွေး

မဲ‌ဆောက်တွင် ပထမဆုံးအကြိမ် ထိုင်း မြန်မာ က‌မ္ဘောဒီးယား သုံးနိုင်ငံမူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး‌ဆွေး‌နွေး

1639

ဇွန် ၃ဝ ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

‌ဒေသတွင်းမူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးနှင့် နယ်စပ်ဖြတ်‌ကျော်ရာဇဝတ်မှုများကို ပူး‌ပေါင်းနှိမ်နှင်းနိုင်ရန်အတွက် ထိုင်း-မြန်မာ-က‌မ္ဘောဒီးယား သုံးနိုင်ငံမှ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးအရာရှိများသည် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ECO INN ဟိုတယ်တွင် ပထမအကြိမ်အဖြစ် ယ‌နေ့ ‌ဆွေး‌နွေးခဲ့ကြသည်။

‌ဆွေး‌နွေးပွဲသို့ ထိုင်းနိုင်ငံ ထိုင်းတပ်မ‌တော်နယ်စပ်‌ရေးရာ လုံခြုံ‌ရေးဌာနညွန်ကြား‌ရေးမှူး ဗိုလ်ချုပ်ခမ်ရုမ် ခ‌ရေယဝိချနယာကျန် ဦး‌ဆောင်သည့်အဖွဲ့ မြန်မာနိုင်ငံမှ မြဝတီခရိုင်ရဲမှူးကြီးမိုးညို ဦး‌ဆောင်သည့်အဖွဲ့နှင့် က‌မ္ဘောဒီးယားနိုင်ငံ ဗန်‌တေမိန်‌ကျေခရိုင် လက်‌ထောက်ခရိုင်အုပ်ချုပ်‌ရေးမှူး မစ္စတာဆူဝမ်‌ဗေါင်အာ ဦး‌ဆောင်သည့် အဖွဲ့များက တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ထိုင်းဗိုလ်ချုပ်ခမ်ရုမ်က “‌ဒေသတွင်းမှာ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးကို အိမ်းနီးချင်းနိုင်ငံ‌တွေက ပူး‌ပေါင်း ‌ဆောင်ရွက်တိုက်ဖျက်ကြတဲ့အတွက် ‌အောင်မြင်မှု‌တွေ ရရိ်ှ‌နေတာဖြစ်တယ်။ ကျ‌နော်တို့ ဆက်လက် လုပ်‌ဆောင်ရမှာက ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေပဲ”ဟု သတင်း‌ထောက်များကို ‌ဆွေး‌နွေးပွဲအပြီးတွင် ‌ပြောဆိုသည်။

‌ဆွေး‌နွေးပွဲတွင် ထိုင်းနိုင်ငံမဲ‌ဆောက် အမှတ် ၄ ‌ဒေသဆိုင်ရာကွပ်ကဲ‌ရေးတပ်မှ တပ်မှူးတစ်ဦးကလည်း ထိုင်း-မြန်မာ နယ်စပ် မဲ‌ဆောက်-မြဝတီတွင် နှစ်နိုင်ငံပူး‌ပေါင်းပြီး မူးယစ်‌ဆေးဝါးတိုက်ချက်‌ရေးလုပ်‌ဆောင်ခဲ့ရာတွင် ယခုနှစ်အတွင်း နှစ်နိုင်ငံနယ်စပ်တွင် အ‌ရေအတွက်သန်းနှင့်ချီသည့် စိတ်ကြွ‌ဆေးပြားများနှင့် အခြားမူးယစ် ‌ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိခဲ့သည်များကို မှတ်တမ်းဓာတ်ပုံ အချက်အလက်များနှင့်အတူ ရှင်းလင်း‌ပြောဆို ‌ဆွေး‌နွေးခဲ့သည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီ ‌ဒေသအတွင်း စိတ်ကြွ‌ဆေးပြား(ယာဘ) အ‌ရေအတွက် ရာဂဏန်း ဝန်းကျင် ဖမ်းဆီးရမိမှုများမှာ နှစ်ဘက်နယ်ခြားမျဉ်းအနီး၌ မကြာခဏဖြစ်ပွား‌နေသည်ဟုလည်း ‌ဆွေး‌နွေးပွဲတွင် ထိုင်းဘက်က ‌ပြောဆိုခဲ့သည်။

မြဝတီခရိုင်ရဲမှူးကြီးမိုးညိုက နှစ်နိုင်ငံသတင်းဖလှယ်ပူး‌ပေါင်း‌ဆောင်ရွက်မှု‌ကြောင့် မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး လုပ်ငန်းများ ‌အောင်မြင်ရခြင်းဖြစ်‌ကြောင်းနှင့် မြန်မာဘက်တွင် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးလုပ်ငန်းစဉ်များကို ရုပ်သံမှတ်တမ်းများဖြင့် ရှင်းလင်း‌ပြောဆိုခဲ့သည်။
DSC09349
က‌မ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင် ရဲဗိုလ်ကြီးစင်ဆိုဖဏက “ထိုင်းနဲ့မြန်မာက လုပ်‌ဆောင်‌နေတဲ့ မူးယစ်‌ဆေးဝါးတိုက်ချက်‌ရေး လုပ်ငန်းစဉ်‌တွေက ကျ‌နော်တို့ အတုယူ‌လေ့လာရမှာ‌တွေ အများကြီး ‌တွေ့ခဲ့ရတယ်။ ထိုင်း-မြန်မာနဲ့က‌မ္ဘောဒီးယားနိုင်ငံ‌တွေလည်း မူးယစ်‌ဆေးဝါးကိစ္စ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်‌ကျော် ရာဇဝတ်မှုတိုက်ဖျက်‌ရေးနဲ့ပတ်သက်ပြီး ဆက်စပ်လုပ်‌ဆောင်သွားမှာဖြစ်တယ်”ဟု ဆိုသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့ကြသည့် သုံးနိုင်ငံမှ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးအဖွဲ့သည် တနှစ်လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် ‌တွေ့ဆုံ‌ဆွေး‌နွေးကြမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများတွင် အလှည့်ကျ ကျင်းပသွားရန်ရှိသည်ဟု သိရသည်။

ယ‌နေ့ပြုလုပ်သည့် သုံးနိုင်ငံမူးယစ်‌ဆေးဝါး ပူး‌ပေါင်းတိုက်ဖျက်‌ရေး ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာနိုင်ငံများ၏ မူးယစ်တိုက်ဖျက်‌ရေးဌာနများမှ ရဲအရာရှိကြီးများနှင့် စစ်ဘက်အရပ်ဘက်မှ အဆင့်မြင့်အရာရှိများ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲအပြီးတွင် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် မဲ‌ဆောက်မှတဆင့် မြန်မာနိုင်ငံမြဝတီမြို့သို့ သွား‌ရောက်ခဲ့ကြပြီး မြဝတီခရိုင်တာဝန်ရှိသူအချို့နှင့် နယ်စပ်‌ရေးရာအ‌ခြေအ‌နေများ သွား‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။