Home သတင်း မယ်လဒုက္ခသည်စခန်းတွင် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

မယ်လဒုက္ခသည်စခန်းတွင် အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

2171
မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ-‌ကေအိုင်စီ)
ဇွန် ၇ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်၊ မယ်လဒုက္ခသည်စခန်းတွင် အသက် ၃၂နှစ်အရွယ် ‌နော်မု‌နော်ဆိုသူသည် မယ်လစခန်း ဇုံ-ဘီ ရပ်ကွက် အမှတ်(၄-‌အေ)ရှိ သူမ‌နေထိုင်ရာ ‌နေအိမ်တွင် ဇွန် ၃ရက်‌နေ့က မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

‌သေဆုံးသူ ‌နော်မု‌နော်သည် အရက်‌သေစာ ‌သောက်တတ်သူဖြစ်ပြီး မ‌သေဆုံးမီ နံနက်ခင်း၌ ‌နေအိမ်အနီး ပတ်ဝန်းကျင်သို့ လည်ပတ်ကာ ‌နေအိမ်ပြန်အ‌ရောက် ၈နာရီဝန်းကျင်အချိန်တွင် လည်ပင်းကို ဓားဖြင့် ပြန်လှီးကာ သူမကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်းလူမှု‌ရေးတာဝန်ခံ ‌စောနက်ဖာ‌ထောက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူ အလည်သွားပြီး ပြန်အလာမှာ က‌ယောင်ကတမ်း စကား‌တွေ‌ပြောပြီး တစုံတ‌ယောက်က သူ့ကို လာ‌ခေါ် ‌ကြောင်း ‌ပြောတယ်လို့ သိရတယ်။ အဲလို‌ပြော‌တော့ အိမ်‌ပေါ်က သူ့အမျိုးသားနဲ့ က‌လေး‌တွေ ‌ကြောက်ပြီး အိမ်မှာ‌ပေါ် မ‌နေရဲကြ‌တော့ဘူး။ အိမ်‌ပေါ် တစ်‌ယောက်တည်း ရှိတဲ့အချိန်မှာ ဓားဒဏ်ရာနဲ့ ‌သေဆုံးတာကို အိမ်နီးချင်း‌တွေက သွား‌တွေ့ပြီး ရပ်ကွက်တာဝန်ရှိသူ‌တွေကို အ‌ကြောင်းကြား အသိ‌ပေးတာ ဖြစ်ပါတယ်”ဟု ‌စောနက်ဖာ‌ထောက ‌ပြောသည်။

‌နော်မု‌နော် ‌သေဆုံးသွားခဲ့သည့်အ‌ပေါ် စခန်းတာဝန်ရှိသူများ၊ အမှုစစ် ‌ဆေးဆရာဝန်နှင့် တာဝန်ရှိထိုင်းရဲများက သွား‌ရောက်ကြည့်ရှုခဲ့ကြကာ ထိုင်းရဲများက လိုအပ်သည့် မှတ်တမ်းမှတ်ရာများ ‌ရေးမှတ်ခဲ့ပြီး‌နောက် ခွင့်ပြုချက်ဖြင့် ထို‌နေ့မှာပင် မီးသဂြုႋလ်ခွင့်‌ပေးခဲ့‌ကြောင်း ‌စောနက်ဖာ‌ထောက ဆက်‌ပြောသည်။

၎င်း‌သေဆုံးသူ၏ ‌ဆွေမျိုး‌တော်စပ်သူ ‌နော်က‌ပေါ်ရှီးက “သူဘယ်လိုအ‌ကြောင်း‌ကြောင့် ကိုယ့်ကိုယ်ကို သတ်‌သေသွားတယ်ဆိုတာ‌တော့ ကျမတို့လည်း တိတိကျကျ မသိပါဘူး။ အရင်တုန်းက အဲလို ‌သေ‌ကြောင်းကြံတာမျိုး‌တော့ တစ်ခါမှ မရှိခဲ့ပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နော်မု‌နော်သည် ‌သေဆုံးချိန်တွင် အသက် ၄ဝ နှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့် အကြီးဆုံးသမီး ၁၄နှစ်အရွယ် သမီးတစ်ဦး၊ ၁၁နှစ်အရွယ် သားတစ်ဦးနှင့် ၃နှစ်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

မယ်လဒုက္ခသည်စခန်းတွင် အမျိုးသမီး‌သေဆုံးသည့် အ‌လောင်းများကို မကြာခဏ ‌တွေ့ရှိ‌လေ့ရှိပြီး ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၂၃ရက်‌နေ့က အသက် ၄၂နှစ်အရွယ် အမျိုးသမီးတစ်ဦး၏အ‌လောင်းကို စခန်းအပြင်ဘက်တွင် ‌တွေ့ရှိခဲ့သလို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်‌နေ့ကလည်း အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ‌အောက်တိုဘာ ၁၃ ရက်‌နေ့က အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတို့၏ အ‌လောင်းတို့ကို စခန်းပြင်ပ ‌တောတွင်းတစ်‌နေရာစီတို့တွင် ပြန်လည်‌တွေ့ရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။