ဇွန် ၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ကလိုထူးဝါးစစ်ကွပ်ကဲရေးဌာနမှ ဦးစီး၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လူထုဆွေးနွေးပွဲတစ်ခုကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာတွင် ဇွန် ၄ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ကလိုထူးဝါးစစ်ကွပ်ကဲရေးဌာန၏ ထောက်လှမ်းရေးမှူး စောသရီးတူးက “မူးယစ်ဆေးဝါးဆိုတာ အနာဂါတ်လူငယ်တွေနဲ့ ဒေသခံပြည်သူတွေအတွက် အရမ်းအန္တရာယ်များတယ်။ ဒါကြောင့် ဒီမူးယစ်ဆေးဝါးတွေကို ဒီကျနော်တို့ နယ်မြေအတွင်းမှာ မလုပ်အောင်၊ ကျနော်တို့ရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေကို မဖောက်ဖျက်အောင် သူတို့ကို အခုလို အသိပေးဟောပြောပေးတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ ကောင်းမှုကျေးရွာအုပ်စုမှ ကောင်းမှုကျေးရွာ၊ ကျော်ဟဲကျေးရွာ၊ အောက်ဘိုတဲကျေးရွာ၊ ပြဘေကျေးရွာ၊ လိုင်ဇေးကျေးရွာ စသော ကျေးရွာ ၅ရွာမှ ဒေသခံလူထု ၃၀ဝ နီးပါး တက်ရောက်ခဲ့ကြပြီး DKBA ဘက်မှ ၉၀၇ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် ကလိုထူးဘော စစ်ကွပ်ကဲရေးတပ်ထောက်နှင့် ထောက်လှမ်းရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ဆွေးနွေးပွဲတွင် DKBA နှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်း၍ ဒေသအတွင်းမူးယစ်ဆေးဝါးလုပ်ငန်း လုပ်ဆောင်နေမှုများကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဒေသအတွင်း မူးယစ်ဆေးဝါး ဖောက်ကားရောင်းဝယ်နေမှုများ လုပ်ဆောင်ပါက ကျူးလွန်သူများကို ကရင်အမျိုးသားအစည်း အရုံး(KNU)၏ တရားရုံးသို့ ပို့ဆောင်ကာ တရားဥပဒေအတိုင်း အပြစ်ပေးအရေးယူသွားမည့်အပြင် လိုအပ်ပါက အစိုးရနှင့်လည်း ပူးပေါင်းကိုင်တွယ်ဖြေရှင်းသွားမည်ဟု စောသရီးတူးက ပြောသည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA သည် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ယခုလို လူထုဆွေးနွေးပွဲ ပြုလုပ်ကျင်းပသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။



















