
ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
မြန်မာနိုင်ငံ၏ အနာဂါတ် ငြိမ်းချမ်းရေးရရှိရေးသည် လော်ခီးလာအစည်းအဝေးသို့ တက်ရောက်သည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးထိပ်သီးခေါင်းဆောင်များ၏ လက်ထဲ၌သာ ရှိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ(Mr. Vijay Nambiar)က ဇွန် ၂ရက်နေ့တွင် ပြောကြားလိုက်သည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ၊ လော်ခီးလာ၌ ယနေ့ ဇွန် ၂ရက်နေ့၌ စတင်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် မစ္စတာ ဗီဂျေ နမ်ဘီယာက မိန့်ခွန်းသည့်အခါ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “အခက်အခဲတွေ ဖြေရှင်းတဲ့နေရာမှာ ငြိမ်းချမ်းတဲ့ အခြေအနေရှိနေမှပဲ ဖြေရှင်းနိုင်မယ်။ ဘယ်ပြောင်းလဲ မှုမှ ပြည့်စုံတယ် မရှိပါဘူး။ ကျနော်တို့ အကောင်းဆုံးကို မျှော်လင့်ပြီးတော့ အကောင်းတွေကို မဆုံးရှုံးဖို့ အရေးကြီးပါတယ်။ အဲလိုလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးလည်း ရ၊ ဒီမိုကရေစီလည်း ရဖြစ်သွားမယ်။ အရိုးသားဆုံး ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းရေးဟာ လူကြီးမင်းတွေရဲ့ လက်ထဲမှာ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
လော်ခီးလာ၌ ပြုလုပ်သည့် ယခုအစည်းအဝေးသည် ဇွန် ၂ရက်နေ့မှ ၆ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်ကြသည့် KNU, KIO/KIA, SSA/SSPP, NMSP, ALP, ANC, AA, WNO, DKBA, DKBA, KNU/KNLA PC, ABSDF, LDU, PSLF/TNLA, MNDAA, PNO, CNF, KNPP စသည့် အဖွဲ့များအပါအဝင် နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းအချို့နှင့် ကုလ အတွင်းရေးမှူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ၊ တရုတ်နိုင်ငံခြားရေးဌာနမှ အာရှရေးရာ အထုူး ကိုယ်စားလှယ် HE- Mr Suanguo Xiang(မစ္စတာ ရွှင်ကိုရှောင်)တို့လည်း တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် KNU ဥက္ကဌ စောမူတူးစေးဖိုးက “ကျနော်တို့ ညှိနှိုင်းဆွေးနွေးမှု အတွက် လိုအပ်တဲ့ NCCT ကဲ့သို့သော ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ အရည်အချင်းရှိသော လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ အကြံပြုပါတယ်။ ဒီနည်းနဲ့ ဘုံရည်မှန်းချက် ပန်းတိုင်ကို ဦးတည်တဲ့ အလုပ်နဲ့ သက်သေပြတဲ့ စည်းလုံးညီညွှတ်မှုကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်”ဟု မိန့်ခွန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့အပြင် အစည်းအဝေးတက်ရောက်သော တရုတ်နိုင်ငံခြားရေးဌာနမှ အာရှရေးရာ အထုူးကိုယ်စားလှယ် HE- Mr Suanguo Xiang က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြဲစောင့်ကြည့်နေသလို မြန်မာနိုင်ငံအပေါ် ထူးခြားသည့် သံယောဇဉ်ရှိကြောင်း ပြောကြားသွားခဲ့သည်။
လော်ခီးလာတွင် ငါးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သော ယခုအစည်းအဝေးသည် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)တို့ကြား သဘောတူထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း(NCA Draft)ကို ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကို ၂၀၁၃ ခုနှစ်မှစ၍ စတင်ကျင်းပလာခဲ့ရာ ယခုအကြိမ်အပါအဝင် လေးကြိမ်ရှိပြီဖြစ်သည်။