မေ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်-SYCB မှ ကြီးမှူး၍ ရှမ်း(သျှမ်း)ပြည်နယ်၊ လားရှိုးမြို့တွင် ပြုလုပ်သော (၇)ကြိမ် မြောက် ဒေသဆိုင်ရာ ကျောင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲ၌ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် ကျောင်းသားလူငယ်များ၏ ပူပေါင်းပါဝင်မှုအခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း မေလ ၂၇ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်၌ နှစ်ဦးနှစ်ဖွဲ့ တွေ့ဆုံမှုရလဒ်များတွင် လူငယ်များ၏ အခန်းကဏ္ဍများသည် ပါဝင် နေမှု အားနည်းနေပြီး ဖြစ်စဉ်တိုင်း၏ ဆုံးဖြတ်ချက်များတွင် လူငယ်များ၏ အသံပါဝင်ဖို့ လိုအပ်သည်ဟု SYCB အဖွဲ့ဝင် တအာင်း (ပလောင်)ကျောင်းသားနှင့်လူငယ်များအဖွဲ့၏ အထွေထွေအတွင်းရေးမှူး မိုင်းဆိုင်းရံက်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ များသောအားဖြင့် သူတို့ရဲ့ အမြင်တွေနဲ့ပဲ သဘောတူညီမှုတွေ ရယူကြတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဆုံးဖြတ်ချက်တွေမှာ ကျနော်တို့ ကျောင်းသားလူငယ်တွေရဲ့ အမြင်တွေ၊ အသံ တွေ ပါဝင်လာအောင် ဒီထုတ်ပြန်ချက်ကနေ တောင်းဆိုတာလည်း ဟုတ်တယ်၊ ထောက်ပြတာလည်း ဟုတ်တယ်”ဟု ပြောဆို သည်။
မေလ ၂၆ရက်မှ ၂၇ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ကျင်းပသည့် အဆိုပါနှီးနှောဖလှယ်ပွဲတွင် ဒေသခံလူထု အခြေပြုအဖွဲ့အ စည်းများ အပါအဝင် ကျောင်းသားလူငယ်အဖွဲ့အစည်းပေါင်း ၂၂ဖွဲ့မှ ကိုယ်စားလှယ် ၈၅ဦး တက်ရောက်ခဲ့ပြီး လူငယ်နှင့် မူးယစ် ဆေးဝါး၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း SYCB ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့သူ Youth Circle အဖွဲ့မှ စောလေးတောက “ကျနော်တို့ Youth Circle အနေနဲ့ကတော့ လူငယ်နဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်ပြီးတော့ ဆွေးနွေးခဲ့တယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ဆွေးနွေးချက်ကတော့ SYCB နဲ့ လက်တွဲပြီးမှ ဒီလူ ငယ်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အကောင်းဆုံးလိုက်ပါပြီး ပါဝင်ဖို့အတွက် ကျနော်တို့ ဆွေးနွေးခဲ့တယ်”ဟု ကေအိုင်စီသို့ ပြော ဆိုသည်။
SYCB ၏ ဒေသဆိုင်ရာကျောင်းသားလူငယ်များ နှီးနှောဖလှယ်ပွဲသည် မြန်မာနိုင်ငံရှိ မတူညီသော ဒေသအသီးသီးမှ ကျောင်း သားလူငယ်များနှင့် အဖွဲ့အစည်းအသီးသီးမှ လူငယ်များ ရင်းနှီးမှု ပိုမိုရရှိရန်၊ လုပ်ငန်းဖြစ်စဉ်များတွင် ဘုံရပ်တည်ချက်နှင့် ဘုံ သဘောတူညီချက်များရရှိရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် SYCB ၏ (၆)ကြိမ်မြောက် နှီးနှောဖလှယ်ပွဲကို မွန်ပြည် နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်း၊ ပအိုဝ့်၊ ပလောင်၊ ထားဝယ် စသည့်တိုင်းရင်းသားလူငယ် အဖွဲ့အစည်းများဖြင့် အခြေခံ၍ SYCB ကို ၁၉၉၆ခုနှစ်၊ ဇန်နဝါရီ ၈ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ထိုင်း-မြန်မာနယ်စပ်နှင့် အိနိ္ဒယ-မြန်မာနယ်စပ်တို့တွင် အခြေစိုက်ကာ အဖွဲ့ဝင်ပေါင်း (၁၀)ဖွဲ့ကျော်ဖြင့် ပူးပေါင်းလှုပ်ရှားမှု များ ပြုလုပ်လျှက်ရှိသည်။