မေ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်ပြည်နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကော့ကရိတ်-အိန္ဒု ကတ္တရာကားလမ်းမကြီး စီမံကိန်းအတွက် ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက်-KPSN နှင့် ADB မှ ငှားရမ်းထားသည့် MEKONG ECONOMICS Ltd နှင့် ADRA (အာဒရာ)အဖွဲ့တို့သည် မေလ ၂ဝရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ECO INN ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆွေနွေးပွဲ၌ ကော့ကရိတ်-အိန္ဒုလမ်းမကြီး စီမံကိန်းနေရာတလျှောက်တွင် နေထိုင်သည့် ကျေးရွာများ တွင် လူထုအခြေပြုဖွံ့ဖြိုးရေး(Community-driven Development)လုပ်ငန်းများ ပြုလုပ်နိုင်ရန် လာရောက်တွေ့ ဆုံဆွေးနွေးကြခြင်းဖြစ်ပြီး ဆုံးဖြတ်ချက် တစုံတရာကိုမူ ချမှတ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သူ KPSN အဖွဲ့ဝင် စောကျော်စွာက “ကျနော်တို့ အခုလိုတွေ့ဆုံကြတဲ့အခါ သူတို့ဘက်က လိုချင်တဲ့ ရည်ရွယ်ချက်ကို မရခဲ့သလို ကျနော်တို့ဘက်က ပြောချင်တဲ့ရည်ရွယ်ချက်ကိုလည်း မရောက်ခဲ့ဘူး။ တွေ့ဆုံပြီး တစ်ယောက်နဲ့တစ်ယောက် သတင်းဖလှယ်တဲ့ အဆင့်လောက်သာရှိတယ်’’ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယင်းစီမံကိန်းနဲ့ပတ်သက်ပြီး KPSN မှ အဖွဲ့ဝင်များ ပြန်လည်တွေ့ဆုံစည်းဝေး၍ အဖွဲ့၏လိုချင်သည့် ပုံစံ ကို ဆုံးဖြတ်ချက်ရယူကာ နောက်ထပ်တွေ့ဆုံမှုများ ပြန်လည်လုပ်ဆောင်ကြမည်ဖြစ်သည်ဟု စောကျော်စွာက ဖြည့်စွက်ပြောဆိုသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်တွင်းပြည်ပ ကရင်လူထုအခြေပြုအဖွဲ့ ၂၈ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကရင်ငြိမ်းချမ်း ရေးအထောက်ကူပြုကွန်ယက်-Karen Peace Support Network မှ အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် MEKONG ECONOMICS Ltd နှင့် အာဒရာ အဖွဲ့ဝင်ကိုယ်စားလှယ်များ စုစုပေါင်း ၂၃ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အာရှဖွံ့ဖြိုးရေး ADB နှင့် မြန်မာအစိုးရတို့သည် အိန္ဒု-ကော့ကရိတ် လမ်းမကြီး ဖောက်လုပ်ရေးအတွက် သဘော တူညီချက်ရယူပြီး ၂၀၁၃ခုနှစ်မှစတင်၍ လမ်းနယ်နိမိတ်တိုင်းထွာမှုများ ပြုလုပ်ကာ လမ်းဘေးတစ်ဖက်စီကို ၇မီ တာ (၂၂ပေ)အကျယ်ခန့်သာ ချဲ့ထွင်ရန် သဘောတူထားသော်လည်း လက်တွေ့ တိုင်းတာသည့်အခါ လမ်းအ ကျယ်ပေ ၂၃ဝရှိကြောင်းနှင့် လမ်းအရှည်မှာ ၇ဝကီလိုမီတာ (၄၃မိုင်ခန့်)ရှိကြောင်း သိရသည်။
KPSN နှင့် ADB မှ ငှားရမ်းထားသည့် MEKONG ECONOMICS Ltd နှင့် ADRA အဖွဲ့တို့သည် အိန္ဒု-ကော့က ရိတ် လမ်းမကြီး ဖောက်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တွင် ပထမအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။



















