Home သတင်း ကရင်အဆို‌တော် ထူးဝါးအသတ်ခံရမှုအ‌ပေါ် တရားခံကို ‌ထောင်ဒဏ်နှစ်(၂၀) ချမှတ်

ကရင်အဆို‌တော် ထူးဝါးအသတ်ခံရမှုအ‌ပေါ် တရားခံကို ‌ထောင်ဒဏ်နှစ်(၂၀) ချမှတ်

1817

အဖိ‌စေကျိုင်နွန်

‌ဖေ‌ဖော်ဝါရီ ၁၉ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကွယ်လွန်သွားသည့် ကရင်နာမည်‌ကျော်အဆို‌တော် ထူးဝါးအား သတ်ဖြတ်သွားသည့် တရားခံဖြစ်သူ ထိုင်းနိုင်ငံသား အဖိ‌စေကျိုင်နွန်ကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်ထိုင်းတရားရုံးက ‌ဖေ‌ဖော်ဝါရီ ၁၈ ရက်‌နေ့တွင် ‌ထောင်ဒဏ်အနှစ်(၂၀) စီရင်ချက် ချမှတ်လိုက်‌ကြောင်း သိရသည်။

ကရင်အဆို‌တော် ထူးဝါးအမှုကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်‌နေ့နှင့် ၃ ရက်‌နေ့များတွင် ပထမဆုံးအကြိမ် အဖြစ် စတင်ကြားနာခဲ့ပြီး‌နောက် နှစ်လ‌ကျော်အကြာ ယခုအကြိမ်တွင် ဒုတိယ အကြိမ်ကြားနာမှုအပြီး လူသတ်မှုဖြင့်ပြစ်မှုထင်ရှားသဖြင့် စီရင်ချက်ချလိုက်ခြင်းဖြစ်သည်။

ယင်းစီရင်ချက်ချလိုက်သည့်အ‌ပေါ် ထူးဝါးဇနီးဖြစ်သူ နန်းနိန်း‌သောင့်‌ဖောင်က “အစ်မတို့ကို ဘယ်အဖွဲ့ အစည်းကမှ ကူညီ‌ပေးတာမရှိဘူး၊ အမှုရင်ဆိုင်ဖို့က ပိုက်ဆံလည်း မရှိဘူး။ ‌ရှေ့‌နေလည်းမငှားနိုင်ဘူး။ အမှု ရင်ဆိုင်ရတဲ့အခါ အခက်အခဲ‌တွေအများကြီးရှိ‌ပေမယ့် ကိုယ့်အမျိုးသားကို သတ်သွားတဲ့သူကို အခုလို အ‌ရေးယူနိုင်တာ အစ်မအ‌နေနဲ့ ‌ကျေနပ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထူးဝါးအသတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရ ‌ရှေ့‌နေတစ်ဦးနှင့် ထိုင်းရဲ အရာရှိတစ်ဦးတို့က လိုက်ပါကူညီ ‌ဆောင်ရွက်‌ပေးခြင်းဖြစ်ပြီး တရားခံက အပြစ်ဝန်ခံမှုမပြု‌သော်လည်း မိမိတို့ဘက်မှ သက်‌သေအ‌ထောက်အထား ခိုင်လုံမှုရှိသဖြင့် စီရင်ချက်ချ အ‌ရေးယူနိုင်ခြင်းဖြစ်‌ကြောင်း သူမက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်‌နေ့တွင် လည်ပင်းကြိုးဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် မဲ‌ဆောက်မြို့အပြင် တစ်‌နေရာတွင် ‌စောထူးဝါးသတ်ဖြတ်ခဲ့ရခြင်းဖြစ်ပြီး ထိုသို့ဖြစ်ပွားပြီး‌နောက် တရားခံမှာ ထွက်‌ပြေးတိမ်း ‌ရှောင်သွားခဲ့‌သော်လည်း ဧပြီလ ၁၇ ရက်‌နေ့တွင် ထိုင်းရဲများက ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုလို စီရင်ချက်ချမှတ်နိုင်ခဲ့သည့်အ‌ပေါ် ကရင်နာမည်ကြီး ‌တေး‌ရေး၊ ‌တေးဆိုနှင့် သရုပ်‌ဆောင်တစ်ဦးဖြစ်သူ ‌ကျော်လိုက်သိမ့်က “ထူးဝါးကွယ်လွန်သွား‌တော့ ကရင်အနုပညာ‌လောကအတွက် အတိုင်းထက်အလွန် ဆုံးရှုံးမှုတစ်ရပ်‌ပေါ့။ သတ်တဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ သတ်လဲမသိ‌ပေမယ့် အမှန်တရားက‌တော့ ‌ပေါ်သွားပြီ‌ပေါ့။ ကျန်ခဲ့တဲ့မိသားစု‌တွေ က‌လေး‌တွေ‌ရော‌ပေါ့ အားမငယ်ပဲနဲ့ ‌ပျော်‌ပျော်ရွှင်ရွှင်နဲ့ပဲ ဘဝကို ဖြတ်သန်းသွားပါလို့ အား‌ပေးချင်တယ်”ဟု ‌ပြောဆိုသည်။

အဆို‌တော် ထူးဝါးသည် ၂၀၀၂ ခုနှစ်၌ ပထမဆုံး ကရင်သီချင်းအယ်လ်ဘမ်‌ခွေ စတင်ထွက်ရှိခဲ့ပြီး‌နောက် တကိုယ်‌တော်အယ်လ်ဘမ် ၃ ‌ခွေနှင့် အတွဲ‌ခွေ စုစု‌ပေါင်း ၂ဝ ‌ကျော်တွင် ပါဝင်သီဆိုခဲ့ကာ ကရင်ပရိဿတ်များ အကြားတွင် လူသိများသည့် ကရင်အဆို‌တော်တစ်ဦးဖြစ်သည်။

ကရင်ပြည်နယ် ဖားအံမြို့နယ် ရ‌သေ့ပျံရွာဇာတိဖြစ်သူ နာမည်အရင်း ‌စောတင်‌ထွေး‌အေး(‌ခေါ်) အဆို‌တော် ထူးဝါးသည် ကွယ်လွန်ချိန်တွင် အသက် ၃၁ နှစ်ရှိပြီး ဇနီးနှင့်သားသမီး ၃ဦး ကျန်ရစ်ခဲ့သည်။