Home သတင်း အပစ်ရပ်စာချုပ်ကို UNFC ၊ NCCT တို့နှင့်အတူ လက်မှတ်ထိုးမည်ဟု ‌ကေအဲန်ယူ‌ပြော

အပစ်ရပ်စာချုပ်ကို UNFC ၊ NCCT တို့နှင့်အတူ လက်မှတ်ထိုးမည်ဟု ‌ကေအဲန်ယူ‌ပြော

1558

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးစာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)အ‌နေဖြင့် တစ်ဖွဲ့တည်း လက်မှတ် ထိုးမည်မဟုတ်ဘဲ ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေး ဆိုင်ရာ ညှိနိုင်း‌ရေးအဖွဲ့(NCCT)အဖွဲ့ဝင်များနှင့်အတူ လက်မှတ်ထိုးသွားမည်ဟု ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စော သမိန်ထွန်းက ဇန်နဝါရီ ၃၁ရက်‌နေ့၌ ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့မ‌ကျောင်းတိုက်၌ ဇန်နဝါရီ ၃၁ရက်‌နေ့က ၆၆နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ အထိမ်း အမှတ်အဖြစ် ပြုလုပ်‌သော ကရင်အမျိုးသား‌ရေး လှုပ်ရှားမှုသမိုင်း ‌ဟော‌ပြောပွဲ အခမ်းအနားအပြီးတွင် ပဒို‌စောသမိန်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “UNFC က ၁၂ဖွဲ့၊ NCCT မှာ ၁၆ဖွဲ့ရှိတယ်။ ဒါ‌တွေက လက်မှတ်ထိုးမယ်ဆိုရင် ‌ကေအဲန်ယူ မထိုးဘဲ ကျန်‌နေလို့ ရမလား။ အကယ်၍ ဒီအဖွဲ့‌တွေက လက်မှတ်မထိုးဘဲနဲ့‌တော့ ‌ကေအဲန်ယူ လက်မှတ်မထိုးဘူး။ ဘာလို့လည်းဆို‌တော့ လက်မှတ်မထိုးတဲ့ ‌ဒေသက မငြိမ်းချမ်းရင် အဲ့ဒီမငြိမ်းချမ်းမှုက ကျ‌နော်တို့ဆီ ရိုက်ခတ်လာမယ်။ ဒါ‌ကြောင့် UNFC တို့၊ NCCTတို့ လက်မှတ်ထိုးရင် ကျ‌နော်တို့လည်းထိုးမယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ အုပ်ချုပ်သူ အစိုးရ‌ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားတစ်ဖွဲ့နှင့် လက်မှတ်ထိုးပြီး မထိုးသည့်အဖွဲ့ကို ဖိတိုက်ခဲ့ သည့် သမိုင်းရှိခဲ့သည့်အတွက် ‌ကေအဲန်ယူအ‌နေဖြင့် ယခုလို ‌ပြောဆိုခြင်းကို အပြည့်အဝ ‌ထောက်ခံပါ‌ကြောင်း ကရင်အမျိုး သားပါတီ (KNP) ဒု-ဥက္ကဌ မန်းထိန်ဝင်းစိန်ကလည်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“လုံးဝ အပြည့်အဝ ‌ထောက်ခံတယ်။ ဘာလို့လဲဆိုရင် တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက် ‌ရေးဆိုတာ ခုခံစစ် မစတင်ခင် ၁၉၄၈၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့ထဲက ကရင်‌တွေက တိုင်းရင်းသား‌တွေရဲ့ ‌ရှေ့‌ဆောင်လုပ်ပြ‌တောင်း ဆိုခဲ့တာ ဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံး မလွတ်‌မြောက်ဘဲနဲ့ တမျိုးတည်း လွတ်‌မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”ဟု မန်း ထိန်ဝင်းစိန်က ‌ပြောသည်။

သမိုင်းမြို့မ ‌ကျောင်းတိုက်၌ ပြုလုပ်သည့် ကရင်အမျိုးသား‌ရေးလှုပ်ရှားမှုသမိုင်း ‌ဟော‌ပြောပွဲကို ရန်ကုန် ကရင်လူငယ်ကွန်ရက် က ဦး‌ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ‌ဟော‌ပြောပွဲကို ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များ ဖြစ်ကြသည့် ပဒို‌စောသမိန်ထွန်းနှင့် ပဒို‌စောလစ္စ တန်တို့က ဦး‌ဆောင်‌ဟော‌ပြောကာ ရန်ကုန်မြို့ အနီးတစ်ဝိုက်ရှိ ကရင်ပြည်သူလူထု ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ဟော‌ပြောပွဲ တက်‌ရောက်သည့် ရန်ကုန် အ‌ရှေ့ပိုင်းနည်းပညာ တက္ကသိုလ်‌ကျောင်းသူ ‌နော်‌ဖောခီးလားက “အခုလို ‌ဟော‌ပြောပွဲ မှာ သမိုင်းဆိုင်ရာ‌တွေ လူငယ်‌တွေအ‌နေနဲ့ သိခွင့်ရ‌တော့ ပိုပြီး ဗဟုသုတ ရလာတယ်။ လူကြီး‌တွေဆီက ဖြတ်သန်းမှုနဲ့ အ‌တွေ့အ ကြုံ‌တွေကိုလည်း သိလာရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ ကိုယ်စားပြု NCCT နှင့် အစိုးရကိုယ် စားပြု ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ(UPWC)တို့က စာချုပ်ပါအချက်များကို ‌တွေ့ဆုံညှိနှိုင်း လျှက်ရှိရာ အချက်အနည်းငယ်သာ ညှိနှိုင်းရန်ကျန်ရှိ‌တော့‌ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ထုတ်‌ဖော်‌ပြောဆိုထားသည်။

လာမည့် ‌ဖေ‌ဖော်ဝါရီ ၁၂ ရက် ပြည်‌ထောင်စု‌နေ့တွင် လက်မှတ်ထိုးရန် ‌တောင်းဆိုမှုများထွက်‌ပေါ်လာပြီး ‌နောက်ပိုင်း ‌ကေအဲန် ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အချို့ လက်မှတ်ထိုးနိုင်မည်ဟု သုံးသပ်မှုများရှိ‌နေ‌ကြောင်း ပြည် တွင်းမီဒီယာအချို့တွင် ‌ရေးသား‌ဖော်ပြထားသည်။