Home ထိပ်တန်းသတင်း “ကတိကဝတ်”လက်မှတ်‌ရေးထိုးမှုကိစ္စ ‌ကေအဲန်ယူအဖွဲ့အတွင်း ပြန်လည်ရှင်းလင်းမည်

“ကတိကဝတ်”လက်မှတ်‌ရေးထိုးမှုကိစ္စ ‌ကေအဲန်ယူအဖွဲ့အတွင်း ပြန်လည်ရှင်းလင်းမည်

2204

‌ဖေ‌ဖော်ဝါရီ ၁၇ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ရှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ RCSS/SSA တို့အကြား “ကတိကဝတ်”လက်မှတ်‌ရေးထိုးသွားသည့်ကိစ္စသည် ‌ဖေ‌ဖော်ဝါရီ ၃ မှ ၇ရက်‌နေ့အထိ ကျင်းပသည့် ဗဟို‌ကော်မတီဝင်အစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်နှင့် မကိုက်ညီသဖြင့် အဖွဲ့အစည်းအတွင်း ပြန်လည်ရှင်းလင်း ရမည်ဟု ‌ဖေ‌ဖော်ဝါရီ ၁၆ရက်‌နေ့တွင် ‌ကေအဲန်ယူက ‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်ခဲ့သည်။

ယင်း‌ကြေညာချက်အ‌ပေါ် ‌ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒို‌နော်စီဖိုးရာစိန်က “အမှန်က ဆုံးဖြတ်ချက်မှာ အခြားအဖွဲ့ အစည်း‌တွေနဲ့အတူ ပါဝင်ရမယ်။ အခုက နှစ်ဖွဲ့တည်းပါဝင်တယ်။ သင့်တင့်မျှတမှု မရှိဘူး။ ကျမတို့ ‌တွေ့ဆုံ ရှင်းလင်းရမယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျမတို့ တိုင်းရင်းသားအဖွဲ့‌တွေကြား ပူး‌ပေါင်းလုပ်‌ဆောင်တဲ့‌နေရာမှာ အခက်အခဲရှိနိုင်တယ်။ ဒါ‌ကြောင့် ကျမတို့ ‌တွေ့ဆုံ‌ဆွေး‌နွေးရမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့က ‌နေပြည်‌တော်၌ ပြုလုပ်သည့် ၆၈နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့တွင် ငြိမ်းချမ်း‌ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးကတိပြုချက်ကို ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ‌ကေအဲန်ယူ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA-PC နှင့် RCSS/SSA တို့သည် အစိုးရနှင့် သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ‌ကြေညာချက်တွင် ‌ကေအဲန်ယူ၏ မူဝါဒဖြစ်သည့် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းကာ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ဖယ်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်နိုင်‌ရေးကို တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌စေပြီး နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု အမြန်ဆုံးဖြစ်‌ပေါ်ရန် မူဝါဒနှင့်အညီ တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများနှင့်အတူ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု ‌ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(အဲန်စီစီတီ)အဖွဲ့ ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ နိုင်ဟံသာက “အမှန်က‌တော့ စည်းစည်းလုံးလုံးနဲ့ တူတူညီညီဖြစ်နိုင်ရင်‌တော့ ‌ကောင်းတာ‌ပေါ့‌လေ။ တိုင်းရင်း သား‌တွေအားလုံး လိုလားတဲ့ ပန်းတိုင်ကို ‌ရောက်နို်င်ဖို့ ဆိုတဲ့ဟာမှာ ကျ‌နော်တို့ တိုင်းရင်းသားအားလုံး တစုတစည်းတည်းနဲ့ ညီညီညွတ်ညွတ်ရပ်တည်နိုင်ရင် အ‌ကောင်းဆုံးပဲလို့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးနှင့်ပတ်သက်၍လည်း နိုင်ဟံသာက အဲန်စီစီတီနှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီ(ယူပီဒဘလျူစီ)တို့အကြား ညှိနှိုင်းမှုသည် ‌ရှေ့ဆက်နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ရေး၊ ငြိမ်းချမ်း ‌ရေးတည်‌ဆောက်ရာတွင် အ‌ရေးကြီးသည့်အပြင် အဲန်စီစီတီအ‌နေဖြင့်လည်း ‌လေးနက်သည့် လုပ်ငန်းတစ်ခုကို လုပ်ထားပြီးပြီဖြစ်‌သော‌ကြောင့် ပြည်‌ထောင်စု‌နေ့တွင် ထိုးသည့် ကတိပြုလက်မှတ်မျိုး မလိုအပ်ဟု သုံးသပ်‌ကြောင်း ဆက်‌ပြောသည်။

‌နေပြည်‌တော်တွင် အစိုးရနှင့် ကတိပြုချက် လက်မှတ်‌ရေးထိုးပြီး‌နောက် ‌ကေအဲန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ‌ကေအဲန်ယူအဖွဲ့တစ်ဖွဲ့သည် ‌ဖေ‌ဖော်ဝါရီ ၁၆ရက်‌နေ့က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဟိုက်ပတ်လမ်းရှိ မာယာနဿန် အသင်း‌တော်ခန်းမ၌ လူထုရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့‌သေးသည်။

အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ကို နှစ်‌ပေါင်း (၆၀) ‌ကျော်ကြာ ခုခံ‌တော်လှန်ခဲ့သည့် ‌ကေအဲန်ယူသည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့မှစ၍ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး၊ ပြည်နယ်အဆင့်အပစ်ရပ်စဲ‌ရေး၊ ပြည်‌ထောင်စုအဆင့် အပစ်ရပ်စဲ‌ရေးနှင့် ယခုလက်မှတ်အပါအဝင် လက်မှတ် ၄ကြိမ် ထိုးထားပြီးပြီ်ဖြစ်သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။