Home သတင်း ကရင်ပန်းချီဆရာများ စု‌ပေါင်း၍ ၅၉နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့တွင် ပန်းချီပြပွဲ ကျင်းပ

ကရင်ပန်းချီဆရာများ စု‌ပေါင်း၍ ၅၉နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့တွင် ပန်းချီပြပွဲ ကျင်းပ

2556

နိုဝင်ဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကရင်ပန်းချီဆရာများ စု‌ပေါင်း၍ ယခုနှစ် နိုဝင်ဘာ ၇ရက်‌နေ့၌ ကျ‌ရောက်‌သော ၅၉နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့တွင် ကရင်ဒိုင်ယာရီ အမည်ရှိ ပန်းချီပြပွဲတစ်ရပ်ကို ဖားအံမြို့၊ ဇွဲကပင်ခန်းမအနီးရှိ Veranda ကရင်ကွန်မြူနတီကဖီးဆိုင်တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံရှိ အနယ်နယ် အရပ်ရပ်မှ ကရင်ပန်းချီဆရာ‌ပေါင်း ၄၁ ဦး စု‌ပေါင်းကာ လက်ဆွဲပန်းချီနှင့် ပန်းပု ပန်းချီကားချပ်‌ပေါင်း (၇၀)ခန့်ကို ယခုပြပွဲတွင် ခင်းကျင်းပြသထားပြီး အထူးသဖြင့် ကရင်အ‌ကြောင်းဆိုင်ရာ စာ‌ပေ၊ လူ‌နေမှုဓ‌လေ့၊ ရိုးရာ၊ သမိုင်း၊ ‌ခေါင်း‌ဆောင်၊ ဘာသာ‌ရေး စသည်တို့ကို သရုပ်‌ဖော်‌ရေးဆွဲထားခြင်း ဖြစ်သည်။

ယင်းပြပွဲတွင် ပါဝင်သည့် ကရင်ပန်းချီးဆရာတစ်ဦးဖြစ်သူ ဖိုးစက “ကျ‌နော်တို့ကရင်‌တွေ ပန်းချီအနုပညာမှာ သူများလုပ်နိုင်သလို ကိုယ်ကလည်း လုပ်နိုင်တယ်ဆိုတာ ပြချင်တာရယ်၊ ကိုယ့်ပန်းချီကား‌တွေ ‌နေရာ‌ဒေသ အသီးသီးမှာ လူ‌တွေ ပိုသိလာ‌အောင် ရည်ရွယ်ပြီး‌တော့ ဒီပန်းချီပြပွဲကို လုပ်ဖြစ်သွားတာပါ။ ဒီနှစ်မှာ ပိုထူးခြား‌အောင် ကရင်ပြည်နယ်‌နေ့မှာ ‌ရွေးပြီး ကျင်းပတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ခင်းကျင်းပြသချိတ်ဆွဲထားသည့် ပန်းချီကားများသည် အရွယ်အစားမျိုးစုံ ပါဝင်ပြီး ‌ဈေးနှုန်းအားဖြင့် ကျပ်‌ငွေ ၁သိန်းမှ ၁၂သိန်းအထိ ‌ရောင်းချလျှက်ရှိ‌ကြောင်း၊ ရရှိသည့် အကျိုးအမြတ်များကို မူပိုင် ပန်းချီဆရာ နှင့်သာ အကျိုးခံစားခွင့် ရရှိမည်ဖြစ်‌ကြောင်းနှင့် ပန်းချီပြပွဲကို နိုဝင်ဘာ ၁၀‌နေ့အထိ သုံးရက်ကြာ ကျင်းပ သွားမည်ဖြစ်‌ကြောင်း ပန်းချီဆရာ ဖိုးစက ဆက်‌ပြောသည်။

ယခုနှစ်တွင် ကျ‌ရောက်သည့် ကရင်ပြည်နယ်‌နေ့၌ မိုးရွာသွန်းမှုများရှိသဖြင့် လက်ရှိ ပန်းချီပြပွဲအတွက် အ‌နှောင့်အယှက် အနည်းငယ်ဖြစ်ရ‌သော်လည်း ပန်းချီချစ်သူများ လာ‌ရောက်ကြည့်ရှုကြလိမ့်မည်ဟု ‌မျှော်လင့်သည်ဟု ၎င်းပန်းချီပြပွဲတွင် ပါဝင်သည့် ပန်းချီဆရာများက ဆိုသည်။

ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ ဖြစ်‌မြောက်‌ရေးအတွက် စီစဉ်‌ပေးခဲ့သူတစ်ဦးဖြစ်သည့် ဖားအမြို့ရှိ ဦး‌ဆောက်ပန်း စာ‌ပေမှ ကို‌ဇော်က “ဒီပန်းချီပြပွဲ ဖြစ်‌မြောက်‌အောင် ပါဝင်ကူညီ‌ပေးနိုင်တဲ့အတွက် ကျ‌နော် ဝမ်းသာတယ်။ ဖြစ်နိုင်ရင် တစ်နှစ်ကို နှစ်ကြိမ်‌လောက် လုပ်နိုင်ရင် ပိုပြီး‌တောင် ‌ကောင်းတယ်လို့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုယ်တိုင် ပန်းချီပါဝင်ခဲ့သူ ပန်းချီဆရာ အက်စ်မိုးစက်ကလည်း “ပန်းချီဆိုတာ ဘာလဲ၊ ကျ‌နော်တို့ ပြတဲ့ ပန်းချီ‌တွေကို လာကြည့်တဲ့သူ‌တွေ အမြင်ကျယ်လာ‌စေချင်တယ်။ ပန်းချီ‌တွေကို ကြည့်ခြင်းအားဖြင့် လူ‌တွေ ဟာ ပတ်ဝန်းကျင်ကိုလည်း တန်ဖိုးထား ချစ်တတ်လာမယ်လို ‌မျှော်လင့်ပါတယ်။ ကျ‌နော်တို့ ပန်းချီဆရာ ‌တွေ ကိုယ်လူမျိုးအတွက် ဘာ‌တွေ လုပ်‌ပေးနိုင်မလဲဆိုတာ ဒီပန်းချီပညာနဲ့ တတ်နိုင်သမျှ လုပ်တာပဲ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ကရင်ပန်းချီဆရာများ ပူး‌ပေါင်း၍ ၂၀၁ဝ ခုနှစ်မှ စ၍ ယခုလို စု‌ပေါင်းပန်းချီပြပွဲကို ရန်ကုန်မြို့တွင် သုံးကြိမ် ကျင်းပခဲ့ပြီး ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ၂၀၁၃ခုနှစ်မှ စတင်ကာ နှစ်ကြိမ်ဆက်တိုက် ခင်းကျင်းပြသခဲ့ပြီ ဖြစ်‌ကြောင်း သိရသည်။