ဇွန်လ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘော ၉၄နှစ်သည် ဇွန်လ ၂၆ရက်နေ့ ထိုင်းစံတော်ချိန် ည ၉နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့ရှိ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
“မဆုံးခင်လေးမှာပဲ ကျမဆီကို သမီးဖြစ်သူတွေ ဖုန်းဆက်လာတယ်။ အပါးက အဖျားတက်တာ မသက်သာဘူး။ ချောင်းဆိုးတာ လည်း သလိပ်မထွက်ဘူး။ မောနေတယ်။ အပါးအတွက် ဆုတောင်းပေးပါလို့ ပြောနေပြီး သိပ်မကြာဘူး။ ဖုန်းတခါထပ်လာတော့ မရှိတော့ဘူးလို့ပြောကြတယ်”ဟု နော်ဘလူးမင်းနိုက်ဇန်က အတည်ပြု ပြောဆိုသည်။
စောတာမလာဘောသည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်တွင် ကျန်းမာရေး အရ လုပ်ငန်းတာဝန်များမှ တရားဝင် အနားယူခဲ့ပြီး ဇနီးသည် နော်ဖောကဝေါ်မှာ ယခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့က ၎င်းနေ အိမ်၌ပင် ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။
လက်ရှိအချိန်တွင် သားသမီး ၈ဦးထဲမှ သမီးဖြစ်သူ ပဒိုနော်စီဖိုးရာစိန်မှာ ကေအဲန်ယူ၏ ဒုဥက္ကဌအဖြစ်လည်းကောင်း၊ သားကြီး ဗိုလ်ချုပ်စောမဲအေစိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)၌ G-1 အဖြစ်နှင့် ဒုတိယသား ဗိုလ်ချုပ်စောပီးလစိန် မှာ စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
ကေအဲန်ယူ ဥက္ကဌဟောင်းလည်းဖြစ်၊ ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး စောတာမလာ ဘော ကွယ်လွန်သွားခြင်းကို ကေအဲန်ယူ ဗဟိုရုံးချုပ်မှလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်လိုက်ပြီး ကေအဲန်ယူ တော် လှန်ရေးခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊ ဒီမိုကရေစီအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား အသိပေးကြောင်း ပါရှိသည်။
ထို့အပြင် ဗြိတိန်အခြေစိုက် Burma Campaign – UK ဒါရိုက်တာ Mark Farmner ကလည်း ၎င်းတို့အဖွဲ့အနေဖြင့် စောတာမ လာဘော ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းသည့် ဆုတောင်းသဝဏ်လွှာကို ယနေ့ညတွင်းချင်းပင် ထုတ်ပြန်လိုက်သည်။
ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ ဈာပနကိစ္စကို အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း၊ ဘာသာရေးထုံးတမ်းအရသော် လည်းကောင်း ဆောင်ရွက်သွားမည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားပြီး အသေးစိတ်ကို ကေအိုင်စီမှ ဆက်လက် ဖော်ပြသွား မည်ဖြစ်သည်။



















