Home သတင်း လက်ကျန်နိုင်ငံ‌ရေးအကျဉ်းသားများလွှတ်‌ပေးရန် AAPP နှင့် FPPS တို့ ‌တောင်းဆို

လက်ကျန်နိုင်ငံ‌ရေးအကျဉ်းသားများလွှတ်‌ပေးရန် AAPP နှင့် FPPS တို့ ‌တောင်းဆို

1712

၂၀၁၄၊ ‌မေ ၆ရက်‌နေ့က AAPP နှင့် FPPS တို့ ရန်ကုန်တွင် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ

‌မေ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

လက်ရှိမြန်မာနိုင်ငံရှိအကျဉ်‌ထောင်များတွင် ကျန်ရှိ‌နေ‌သေး‌သော အကျဉ်းသားများကို လွှတ်‌ပေးရန် နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(AAPP)နှင့် နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်းများအဖွဲ့(FPPS)တို့မှ ‌မေ ၂၇ရက်‌နေ့စွဲဖြင့် ပူးတွဲ‌ကြေငြာချက်တစ်‌စောင်ထုတ်ပြန်‌တောင်းဆိုခဲ့သည်။

နိုင်ငံ‌ရေးအကျဉ်းသားများအားလုံး လွတ်‌မြောက်သွားပြီဖြစ်‌ကြောင်း အစိုးရ က‌ပြောဆိုထား‌သော်လည်း လက်ရှိ ကာလတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်း‌ထောင်များထဲတွင် နိုင်ငံ‌ရေးအကျဉ်းသား အနည်းဆုံး ၅၉ ဦး အကျဉ်းကျခံ‌နေရ‌သေးသည်ဟု ထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

AAPP ၏ အတွင်း‌ရေးမှူး ကိုတိတ်နိုင်က “နိုင်ငံ‌တော် သမ္မတ ဦးသိန်းစိန်က ၂၀၁၃ အကုန်မှာ နိုင်ငံ‌ရေးအကျဉ်း သား‌တွေကို တစ်‌ယောက်မှ မကျန်‌အောင် အကုန်လွှတ်‌ပေးမယ်လို့‌ပြောထားတာရှိပါတယ်။ ဒါ‌ပေမယ့် လက်ရှိ မြန်မာပြည်မှာ နိုင်ငံ‌ရေးအကျဉ်းသား‌တွေ ကျန်‌နေ‌သေးတယ်ဆိုတာ ပြည်သူ‌တွေကို‌ရော၊ နိုင်ငံတကာကို သိ‌စေချင်လို့ အခုလိုထုတ်ပြန်လိုက်တာပါ” ‌ပြောသည်။

ထို့အပြင် ၂၀၁၃ ခုနှစ်ကုန်အထိ နိုင်ငံ‌ရေးအကျဉ်းသား ၃ဝ ဦးသည် အကျဉ်း‌ထောင်များအတွင်း၌ ဆက်လက် အကျဉ်းကျခံ‌နေရပြီး တက်ကြွလှုပ်ရှားသူ ၈၅ ဦးသည်လည်း ငြိမ်းချမ်းစွာ စု‌ဝေးဆန္ဒပြမှု ပုဒ်မ- ၁၈၊ ရာဇသတ်ကြီး ပုဒ်မများ ဖြစ်ကြ‌သော ပုဒ်မ- ၅၀၅ (ခ)၊ ပုဒ်မ- ၄၄၇ တို့အပြင် အခြား‌သော ပုဒ်မများနှင့် တရားစွဲခံရကာ တရားရင်ဆိုင်‌နေရ‌ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အကျဉ်း‌ထောင်များအတွင်း နိုင်ငံ‌ရေးပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ခံကြရသူ အများစုသည် နိုင်ငံ‌ရေးလှုပ်ရှားသူ များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ဆက်စပ်သူ အများဆုံးပါဝင်သည်ဟု AAPP နှင့် FPPS တို့က ဆိုသည်။

ယခု ၂၀၁၄နှစ်ဦးပိုင်းမှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများ၊ လယ်သမားများနှင့် သတင်း‌ထောက်များ ဆက်လက်ဖမ်းဆီးခံရမှု ကိန်းဂဏန်းသည် ယခင်နှစ်များကဲ့သို့ပင် ရှိ‌နေဆဲဖြစ်သဖြင့် နိုင်ငံ‌ရေးအကျဉ်းသားများအားလုံး လွတ်‌မြောက်‌အောင် ဆက်လက်‌တောင်းဆိုသွားမည်ဖြစ်သည်ဟု AAPP က ‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့က အစိုးရကို ဆက်လက်‌တောင်းဆိုပါမယ်။ ပြီး‌တော့ လက်ကျန်နိုင်ငံ‌ရေးအကျဉ်းသား ‌ဟောင်းများ စီစစ်‌ရေး‌ကော်မတီကို တင်ပြမယ်။ လွှတ်‌တော်ထဲမှာလည်း နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်း‌တွေ ရှိတယ်။ အဲဒီအ‌ရေးကို စိ်တ်ဝင်စားတဲ့ သူ‌တွေလည်းရှိတဲ့အတွက် လွှတ်‌တော်ထဲမှာလည်း ထည့်သွင်း‌ဆွေး‌နွေး နိုင်‌အောင် ကြိုးစားပါမယ်”ဟု ကိုတိတ်နိုင်က ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ‌မေလ (၅ လပိုင်း)မှစပြီး ယ‌နေ့အချိန်ထိ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ၁၅ ကြိမ် ‌ပေးခဲ့ရာတွင် နိုင်ငံ‌ရေးအကျဉ်းသား‌ပေါင်း ၁,၁၄ဝ ဦး လွတ်‌မြောက်ခဲ့သည်ဟု သိရသည်။

AAPP သည် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် အဖွဲ့နှင့် FPPS သည် မြန်မာပြည်တွင်းအဖွဲ့တို့သည် ယခုနှစ် မတ် ၆ရက်‌နေ့ကလည်း နိုင်ငံ‌ရေးအကျဉ်းသား‌ဟောင်းများစာရင်း မှတ်တမ်း‌ကောက်ယူရာ၌ တိုင်းရင်းသား လက်နက် ကိုင်‌တော်လှန်‌ရေး အဖွဲ့များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မည်ဖြစ်‌ကြောင်း ရန်ကုန်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့‌သေးသည်။