(ဖေဖော်ဝါရီ ၁ရက်၊၂၀၁၄)
မေး – ကေအဲန်ယူနဲ့ အစိုးရတို့ လက်ရှိလုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအတွင်း တပ်မဟာ (၅)ရဲ့ ရပ်တည်ချက်သဘောထားက ဘယ်လိုရှိပါသလဲ။
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကာလဖြစ်တဲ့ အခုချိန်မှာ ကျနော်တို့အထက်ကခေါင်းဆောင်တွေ အစိုးရနဲ့ တွေ့ ဆုံဆွေးနွေးမှုတွေဟာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်အထိ မရောက်သေးပါဘူး။ အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာအောင် လုပ်နေ တဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် တိကျခိုင်မာတဲ့ အခြေအနေတခု မရောက်သေးတဲ့ အနေအထားမှာ ကျနော်တို့ဒေသမှာ ပဋိပက္ခဖြစ်ပေါ်စေမယ့် ဘယ်လုပ်ရပ်မဆို ကျနော်တို့မလုပ်စေချင်ဘူး။ အဲဒီအတွက် ကျနော်တို့တပ်မဟာ(၅)၊ ဖာပွန်(မူတြော်) ခရိုင်တခုလုံးမှာရှိတဲ့ အုပ်ချုပ်ရေး၊ စစ်ရေးနှစ်ခုစလုံး သဘောထားချမှတ်ထားတာရှိတယ်။
မေး – တပ်မဟာ(၅)အနေနဲ့ ဘယ်လိုသဘောထားတွေ ချမှတ်ထားပါသလဲ။
ကျနော်တို့ဒေသမှာ အစိုးရနဲ့ဆက်ဆံဖို့ ဆက်ဆံရုံးထားရှိမှုကို မလုပ်သေးဘူး။ အကြောင်းက ကျနော်တို့ခရိုင်ရဲ့ လုပ်ဖော်ကိုင် ဖက်တွေထဲမှာ ဗမာစကားကျွမ်းကျင်သူ၊ အခြေအနေအကုန်လုံးကို ရှု့မြင်သုံးသပ်နိုင်သူတွေကို တာဝန်ပေးဖို့ လူမရှိတာရယ်၊ နောက်တခုက တခြားခရိုင်တွေ၊ တပ်မဟာတွေကိုကြည့်တော့ ဆက်ဆံရုံးတွေထားရှိကြပေမယ့် တကယ်အကောင်အထည်ဖော် ရမယ့် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိလာအောင်၊ ပဋိပက္ခတွေအပေါ် တစ်ဖက်နဲ့တစ်ဖက် ဖြေလျှော့ဖို့ လုပ်ဆောင်ရမယ့်အရာ တွေ ချမှတ်ထားတာ တခုမှမရှိသေးဘူး။ သူတို့တွေကိုမေးကြည့်တော့ အများအားဖြင့် ဒေသတွင်းဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ချင်သူ တွေက လုပ်ခွင့်တွေရရှိဖို့ လာရောက်တောင်းခံတဲ့ကိစ္စတွေပဲရှိတယ်။ အဲဒီကိစ္စတွေဟာ သူတို့အတွက် အခက်အခဲဖြစ်စေတာ တွေရှိတယ်။ အဲဒါကြောင့် ကျနော်တို့ ဆက်ဆံရေးရုံးထားရင်လည်း ခုနကပြောတဲ့ ဒေသဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် လုပ်ချင်တဲ့သူတွေက လုပ်ခွင့်လာတောင်းခံမှာပဲ။ အဲဒါကြောင့် ကျနော်တို့ကို အခက်အခဲဖြစ်စေမှာမို့ ဆက်ဆံရေးရုံးမထားတာ ပါ။ ဒါပေမယ့် လိုအပ်ရင် ကျနော်တို့ ဖုန်းနဲ့ဆက်သွယ်ဖို့ လုပ်ထားသလို တစ်ဖက်နဲ့တစ်ဖက် စာနဲ့ဆက်သွယ်အကြောင်းကြားတာ ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ဒီအဆင့်ပဲထားတယ်။
မေး – ဘယ်လိုအခြေအနေမျိုးမှာ ဆက်ဆံရေးရုံးထားသင့်သလဲ။ တကယ်လို့ထားရင် ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။
ကျနော့်အမြင်မှာ ဆက်ဆံရေးရုံးကတော့ ဗဟိုခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ထားတာကောင်းတယ်။ အရေးကြီးကိစ္စတွေ ပေါ် လာရင် အဲဒီဆက်ဆံရေးရုံးကနေ အစိုးရနဲ့ ဆက်သွယ်လုပ်ဆောင်မယ်။ ပြီးရင် ကျနော်တို့ဆီကို ပြန်ညွှန်ကြားမယ်။ ဗဟိုက ညွှန် ကြားတဲ့အတိုင်း ကျနော်တို့လိုက်နာလုပ်ဆောင်လို့ရတယ်။ ဗဟိုရဲ့ ဦးဆောင်လမ်းညွန်မှုအောက်မှာသွားရင် အကောင်းဆုံးပဲလို့ ကျနော်ထင်တယ်။ ဆက်ဆံရေးရုံးတွေ အများကြီးထားရင် ဗမာအစိုးရအနေနဲ့ ကျနော်တို့ဆီမှာလာပြီးတမျိုးပြောမယ်။ ဗဟိုကို သွားရင်တမျိုးပြောမယ်။ နောက် ဗဟိုကိုမသွားတော့ဘဲ ရှေ့တန်းတပ်မဟာ၊ ခရိုင်တွေကိုပဲ ဆက်သွယ်လုပ်ဆောင်မယ်ဆိုရင် ဗဟိုအတွက် အစိုးရနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ အခက်အခဲဖြစ်စေနိုင်တယ်။
မေး – အခြားဘာသဘောထားတွေများ ချမှတ်ထားတာ ရှိပါသေးလဲ။
အခုချိန်ဟာ ကျနော်တို့ခေါင်းဆောင်တွေ အစိုးရနဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေတာ ပဏာမအဆင့်ပဲ ရှိပါသေး တယ်။ အဲဒါကြောင့် ကျနော်တို့ဒေသမှာ စီးပွားရေး လုပ်ခွင့်မပေးဘူး။ အစိုးရက ကျနော်တို့နဲ့အတူ လုပ်ဆောင်ဖို့ လာကမ်းလှမ်း ရင်တောင် ကျနော်တို့မလုပ်သေးဘူး။ ထိုနည်းတူ ဖွံ့ဖြိုးရေးဆိုရင်လည်း ကျနော်တို့ လုပ်ခွင့်မပေးသေးဘူး။ အခြားကျနော်တို့ ဒေသမှာ အစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေ တိုးချဲ့လုပ်ဆောင်တာ၊ နယ်မြေစိုးမိုးတာတွေကို လက်မခံဘူးဆိုတဲ့ သဘောထားတွေ ကျနော်တို့ ချမှတ်ထားတယ်။
ဘာကြောင့် ဒီလိုသဘောထားလဲဆိုရင် လက်ရှိအချိန်မှာ ယာယီအခြေအနေပဲရှိသေးတဲ့အတွက် အဲဒီစီးပွားရေးလုပ်ခွင့်ဖြစ်စေ၊ ဖွံ့ဖြိုးရေးလုပ်ခွင့်ဖြစ်စေ၊ အုပ်ချုပ်ရေးနယ်မြေစိုးမိုးရေး လုပ်ခွင့်ဖြစ်စေပေးလိုက်ရင် ကျနော်တို့တော်လှန်ရေးကာလ နှစ်ရှည်လာ တာနဲ့အမျှ အစိုးရနဲ့ ယုံကြည်မှု အပြည့်အဝမရှိသေးတဲ့အပေါ်မှာ ကျနော်တို့အကြား ပဋိပက္ခတွေ ဖြစ်လာနိုင်သလို အဲဒီပြဿနာ က ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ထိခိုက်စေနိုင်တယ်။ အရင်ဆွေးနွေးပွဲမှာ ကျနော်တို့ပြောဆိုနေ ကြတဲ့ Code of Conduct တွေ၊ စစ်တပ်တွေ ဘယ်လိုနေထိုင်ရမယ်၊ လှုပ်ရှားရမယ်ဆိုတာကို ကျနော်တို့ရှေ့မှာရော၊ လူအများ ရှေ့မှာရော လက်ရှိအချိန်ထိ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ပြောဆိုဆွေးနွေး၊ ချပြတာမရှိသေးတဲ့အပေါ် ကျနော်တို့ဖြစ်စေ၊ အစိုးရကဖြစ်စေ ကျနော်တို့ဒေသမှာ ရောရောနှောနှောဝင်လာရင် ပဋိပက္ခတွေ အရင်လို ခိုက်ရန်ဖြစ်ပွားမှု၊ ပစ်ခတ်မှုတွေပြန်ဖြစ် နိုင်သလို အဲလိုပဋိပက္ခတွေဖြစ်လာရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအပေါ် ထိခိုက်လာနိုင်တယ်လို့ ကြိုမြင်တဲ့အတွက် ကျနော် တို့ဘာကိုမှ လုပ်ပိုင်ခွင့်တွေ မပေးသေးတာဖြစ်တယ်။
မေး – ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့အပေါ်မှာ စီးပွားရေးသမားတချို့က စီးပွားရေးလုပ်ငန်းတွေလုပ်ရင်း ဒေသတိုးတက် အောင် လာလုပ်ပေးချင်တယ်။ ကူညီပံ့ပိုးမယ်လို့ ပြောဆိုသံတွေကြားနေရတယ်။ အဲဒီအပေါ် ဘယ်လိုပြောချင်ပါသလဲ။
စီးပွားရေးလုပ်ချင်တဲ့သူတွေကတော့ ဒေသထဲမှာ သယံဇာတတွေလုပ်ရင်းနဲ့ လူထုအတွက် ကျန်းမာရေး၊ ပညာရေး ကူညီပံ့ပိုး ပေးမယ်ဆိုတာက လူထုတွေကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာပါပဲ။ အဲဒါကို ကျနော်တို့လက်မခံဘူး။ ကျနော်တို့ဒေသ မတိုး တက် မဖွံဖြိုးသေးတာ ကျနော်တို့ကျွမ်းကျင်မှုအပေါ်မှာ မမူတည်ပါဘူး။ ကျနော်တို့ကရင်လူမျိုးတွေ လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ လွတ်လပ်ခွင့် ပြည့်ပြည့်ဝဝ မရရှိတဲ့အပေါ်မှာ မူတည်တာပါ။ ကျနော်ငယ်ငယ်တုန်းက ဒီကနေ့အထိ ဖြတ်ကျော်လာတဲ့ အတွေ့ အကြုံအရ ကျနော်တို့ဒေသမှာ တိုက်ပွဲတွေတောက်လျှောက်ဖြစ်ခဲ့တယ်။ အစိုးရစစ်တပ်တွေ ကျနော်တို့ကျေးလက်ဒေသတွေမှာ ဝင်ပြီးဆိုရင် ရွာသူရွာသားတွေရဲ့ အဆောက်အဦးကောင်းကောင်းတွေကို အကုန်မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါ့အပြင် ရွာသားတွေ လုပ်ကိုင်စားသောက်တဲ့နေရာတွေ၊ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးပစ်တယ်။ မွေးထားတဲ့တိရိစ္ဆာန်တွေကို ပစ်သတ်တယ်။ အဲဒါ ကြောင့် ကျနော်တို့တိုးတက်ဖွံ့ဖြိုးမှုမရှိတာဟာ ကျနော်တို့ရဲ့ အရည်အသွေး၊ တတ်မြောက်မှု၊ ကျွမ်းကျင်မှုမရှိတာနဲ့ မဆိုင်ပါဘူး။ ကျနော်တို့ကရင်တွေ လွတ်လပ်မှု မရှိတာရယ်၊ ဘဝလုံခြုံမှု အာမခံချက်မရှိတာရယ်ကြောင့်ပါ။
လက်ရှိမှာ ဖွံ့ဖြိုးရေးလုပ်ပိုင်ခွင့်တွေ ပေးလိုက်မယ်ဆိုရင် ကျနော်တို့လိုလားတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးဟာ အစိုးရအနေနဲ့ စနစ်တကျ စီစဉ်ဆောင်ရွက်မှုမလုပ်ဘူးဆိုရင် အခြေအနေတွေက အရင်လိုပုံစံအတိုင်း ပစ်ခတ်မှုတွေ ပြန်ဖြစ်လာနိုင်တယ်။ တိုက်ပွဲတွေ တဖန်ပြန်ဖြစ်လာရင် အခုလုပ်မယ့် ဒီဖွံ့ဖြိုးမှုလုပ်ငန်းတွေဟာ ပြန်ပျက်စီးသွားမှာပဲ။ ဘာမှအကျိုးဖြစ်ထွန်းလာမှာ မဟုတ်ဘူး။ အဲဒါကြောင့် အရေးကြီးဆုံးက ဗမာအစိုးရအနေနဲ့ ဒီနိုင်ငံရေးပြဿနာကို ပြေလည်အောင် အရင်လုပ်ဆောင်ပြီးမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ရမယ်။ အဲဒါမှ လူထုတွေအတွက် တာရှည်ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာစေမယ်။
မေး – လက်ရှိတပ်မဟာ(၅)၊ ဖာပွန်ခရိုင်အတွင်းမှာ အစိုးရဘက်က အုပ်ချုပ်ရေးနယ်မြေစိုးမိုးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအ နေ ရှိပါသလဲ။
ကျနော်တို့ခေါင်းဆောင်တွေ အစိုးရနဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင်အချိန်မှာ ကျနော်တို့ဒေသမှာ အစိုးရစစ် တပ်က နယ်မြေအုပ်ချုပ်ရေး၊ အာဏာစိုးမိုးရေးတွေက အကြမ်းဖက်တဲ့နည်းနဲ့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ခေါင်း ဆောင်တွေ သူတို့အစိုးရနဲ့ စတင် စကားပြောတဲ့နောက်ပိုင်း သူတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေ အားလုံးနီးပါး လျှော့ချလိုက်တယ်။ ဒါပေမယ့် အခြားနည်းလမ်းတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးအစီအစဉ်တွေနဲ့ ကျနော်တို့ဒေသထဲမှာ ကျနော်တို့လူထုထဲမှာ သွင်းလာတယ်။ အခြားလက်မှုပညာ အစီအစဉ်တွေနဲ့လည်း ဝင်လာတယ်။ ဒီလိုဝင်လာတဲ့အခါမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ခန့်ထားတယ်။ အဲဒီကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို သင်တန်းတွေပေးတက်တယ်။ လစာတွေပေးတယ်။ ပညာရေးနဲ့ပတ်သက် ပြီး ကျောင်းမှာ ယခင် သင်ကြားပို့ချတဲ့ ကရင်စာပေတွေ၊ KED ကထုတ်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ဖယ်ထုတ်လိုက်တယ်။ ပြီး တော့ ကျောင်းမှာထောင်ထားတဲ့ ကရင်အလံတွေကိုဖြုတ်ပြီး လက်ရှိမြန်မာနိုင်ငံအလံကို ပြန်တင်တယ်။ ကျနော်တို့ဘက်မှာ တည်ထောင်ထားတဲ့ကျောင်းတချို့မှာ ယခင်သီဆိုနေကျ ကရင်အမျိုးသားသီချင်း “ယကော့ကညော”ကို ဆိုခွင့်မပေးတော့ဘဲ မြန်မာနိုင်ငံတော်သီချင်းကို ပြန်ဆိုခိုင်းတယ်။ ထို့နည်းတူ ကျန်းမာရေးပိုင်းမှာလည်း အဲဒီလိုပဲ သူတို့ကျန်းမာရေးနေရာတွေ ချထားတယ်။ သူတို့လူတွေဝင်လာတယ်။ ဒါတွေအားလုံးဟာ အစိုးရရဲ့ စီစဉ်ညွှန်ကြားမှုအောက်က လာတာပါပဲ။ ကျနော်တို့ ဒေသမှာ သူတို့ရဲ့အာဏာစိုးမိုးမှု ပိုမိုကျယ်ပြန့်လာအောင် လုပ်တာပါပဲလို့ ကျနော်တို့မြင်တယ်။ အဲလိုဖြစ်လာတော့ ကျနော်တို့ တာဝန်ရှိသူတွေအနေနဲ့ရော၊ ကျနော်တို့လူထုတွေကရော မနှစ်သက်တဲ့အတွက်ကြောင့် ဒီလုပ်ရပ်တွေကိုတားမြစ်တာဖြစ်တယ်။
မေး – အပစ်အခတ်ရပ်စဲရေးကာလ အစိုးရအနေနဲ့ လူထုတွေအတွက် နိုင်ငံသားမှတ်ပုံကဒ်တွေ လိုက်လုပ်ပေးနေတယ်။ ဒီနိုင်ငံ သားကဒ်က လူထုတွေအတွက် ဘယ်လောက်အရေးကြီးတယ်လို့မြင်လဲ။
ကျနော့်တစ်ယောက်အမြင်ကတော့ နိုင်ငံသားကဒ်လုပ်တယ်ဆိုတာဟာ နိုင်ငံသားစစ်စစ်ဖြစ်ရမယ်။ ကျနော်တို့က တိုင်းရင်းသား တွေဖြစ်တဲ့အတွက် ဘာတိုင်းရင်းသားတွေဆိုတာ သေသေချာချာဖြစ်ရမယ်။ အသိအမှတ်ပြုရမယ်။ ပြည်တွင်းမှာ အခြားနိုင်ငံ သားတွေလိုပဲ အခွင့်အရေးတွေ တန်းတူရှိရမယ်။ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း နိုင်ငံသားကဒ် ကိုင်ဆောင်ထားတဲ့ လူတစ်ယောက်ဟာ သူ့အတွက် အာမခံချက်ရှိရမယ်။ လက်ရှိ အစိုးရလုပ်ပေးတဲ့ နိုင်ငံသားကဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် တစ်ခဏတာအတွက်ပဲ ဖြစ်တယ်လို့မြင်တယ်။ အခြေအနေတခုပြောင်းလာရင် ဒီနိုင်ငံသားကဒ် ကိုင်ဆောင်ထားပေမယ့် ဖမ်းချင် တဲ့သူက ဖမ်းမှာပဲ။ အဖမ်းမခံရအောင် တနေရာရာသွားဖို့အတွက် သွားလာခွင့်လက်မှတ် သေသေချာချာကို ရေးရတယ်။ ရေးလို့ မသေချာရင်တောင် အဖမ်းခံရတာရှိတယ်။
နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးအရ နိုင်ငံသားကဒ်ရှိသူတိုင်း လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံ့ခေါင်းဆောင်ကို ရွေးချယ်ပိုင်ခွင့် ရှိ တယ်ဆိုပေမယ့် လာမယ့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲဟာ ၂၀၀၈ဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက် အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေရရှိဖို့ အာမခံချက် သေသေချာချာမရှိဘဲ အစိုးရရဲ့ အာဏာကြီးစိုးဖို့အတွက် အားပေးတဲ့ဖွဲ့စည်းပုံဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့နိုင်ငံသားကဒ်ရှိလို့ မဲသွားပေးရင်တောင် အစိုးရ အာဏာပိုမိုကြီးထွားလာအောင် သွားအားပေးတာပဲဖြစ်တယ်။ ဒါကြောင့် လက်ရှိအစိုးရလုပ်နေတဲ့ နိုင်ငံသားစိစစ်ရေးကဒ်က သူတို့လူဦးရေတိုးလာဖို့အတွက် လုပ်ဆောင်တာဖြစ်တဲ့အတွက် ဒီအစီအစဉ်ကို ကျနော်တို့ အားမပေးဘူး။