အယ်ဒီတာ့အာဘော်
မြန်မာနိုင်ငံသည် သမုဒ္ဒရာဇ်မင်းမှစ၍ ပုဂံမင်းဆက် ၅၅ဆက်၊ ကုန်းဘောင်မင်းဆက် ၁၁ဆက်၊ နောက်ဆုံး သီပေါ မင်းအထိ ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး သီပေါမင်းလက်ထက် ၁၈၈၆ခုနှစ်၊ ဇန်နဝရီလ ၁ရက်နေ့တွင် မြန်မာ တစ်နိုင်ငံလုံး နယ်ချဲ့အောက်သို့ ရောက်ခဲ့ရသည်။ ထိုမှ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် အချုပ်အခြာအာဏာ ပိုင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံကြီးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ “ပထမ မြန်မာနိုင်ငံတော် သမ္မတအဖြစ် ညောင်ရွှေစော်ဘွားစပ်ရွှေသိုက်”သည် ၁၉၄၈မှ ၁၉၅၂အထိ၊ ဒေါက်တာ ဘဦးသည် ၁၉၅၂မှ ၁၉၅၇အထိ၊ မန်းဝင်းမောင်သည် ၁၉၅၇မှ ၁၉၆၂ထိ၊ ဦးနေဝင်းသည် ၁၉၄၇မှ ၁၉၈၁ထိ၊ ဦးစန်း ယု၊ ဦးအေးကို၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့သည် ၁၉၈၈အတွင်း တာဝန်ယူအုပ်ချုပ်ခဲ့ကြရာ ကျွန်ုပ်တို့သည် နိုင်ငံ၏ နိုင်ငံရေးခေတ်သမိုင်းတို့အပေါ် သမိုင်းဆိုးများက သင်ခန်းစာယူကြပြီး သမိုင်းကောင်းများကို စံနမူနာယူကြရ မည်ဖြစ်သည်။
အချုပ်အခြာ အာဏာပိုင်သည့် ဒီမိုကရေစီ ကျင့်သုံးသောနိုင်ငံများတွင် “ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ”ဟူသော နိုင်ငံတော် အချုပ်အခြာ၏ ခက်မသုံးဖြာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းကြရန် အထူးလိုအပ်သည်။
ဥပဒေပြုရေး – ဥပဒေဆိုသည်မှာ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် သတ်မှတ်ထားချက်ဖြစ်ရာ အစိုးရကလိုက်နာရန် ပြည်သူက ရေးဆွဲထားသော ဥပဒေကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟုခေါ်ပြီး ပြည်သူတို့က လိုက်နာရန် အစိုးရ ရေးဆွဲပြဌာန်းထားသော ဥပဒေကို အုပ်ချုပ်ရေးဥပဒေဟုခေါ်သည်။ နိုင်ငံတော်နှင့် ဥပဒေသည် ဒွန်တွဲလျှက်ရှိပြီး အုပ် ချုပ်ရေးအပေါ် ထိန်းချုပ်ခြင်းကဲ့သို့ အခြားလုပ်ငန်းများကိုလည်း ထမ်းဆောင်လေ့ရှိသည်။
အုပ်ချုပ်ရေး – အုပ်ချုပ်ရေးသည် ဥပဒေပြုရေးဌာနမှ ရေးဆွဲပြဌာန်းထားသော ဥပဒေများကို လိုက်နာ၍ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရလေသည်။
တရားစီရင်ရေး – တရားဥပဒေကို ဆန့်ကျင်ချိုးဖောက်သူများအား ဟန့်တားအပြစ်ပေးရန်မှာ တရားစီရင်ရေးဌာန၏ အဓိကတာဝန်ပင် ဖြစ်သည်။ တရားစီရင်ရေးမူများမှာ (က)ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး (ခ)ဥပဒေ အရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး (ဂ)အမှုများတွင် ဥပဒေအရ ခုခံ၊ ချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေးတို့ ဖြစ်သည်။
နိုင်ငံသားတိုင်းသည် တရားဥပဒေရှေ့မှောက်တွင် မင်း၊ သမ္မတမှအစ အခြေခံလူတန်းစားဟု မခွဲခြားဘဲ ဥပဒေအရ တန်းတူညီမျှ အခွင့်အရေး ရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း သာတူညီမျှ ရယူပိုင်ခွင့်ပေးရ မည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာမျက်နှာ ၁၄၉၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်နှင့် တာဝန်ကဏ္ဍတွင် ပြဌာန်းထားသည်။ ထို့ကြောင့် လူတစ်ဦးကို အခြားတစ်ဦးကသော်လည်းကောင်း၊ လူအများစုနှင့် အစိုးရသော်လည်းကောင်း၊ တရားဥပဒေမဲ့ ထင်တိုင်းမပြုကျင့်နိုင်အောင် ကာကွယ်မှုပြုရသည့်အတွက် တရားစီရင် ရေးဌာနကို ပုဂ္ဂိုလ်တိုင်း၏ စောင့်ထိန်းကာကွယ်သူအဖြစ် နားလည်ထားကြလေသည်။
သို့ဖြစ်ရာ ပြည်သူ့ဘဝ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတို့၏ တာဝန်ဖြစ်သည့်အ တွက် တိုင်းသူပြည်သားများသည်လည်းကောင်း၊ အစိုးရဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းအဆင့်ဆင့်သည်လည်းကောင်း ခေတ်နှင့်လျော်ညီသော ပြဌာန်းချက်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေးဆိုင် ရာ အထွေထွေ ဗဟုသုတစာပေများကို ဖတ်ခြင်းဖြင့် အသိတရားမှ အရှိတရားများကို ဖော်ဆောင်နိုင်ကြမည်ဖြစ် သည်။
အနာဂတ်၏ သားကောင်းဇာနည် ယနေ့ ကျောင်းသူကျောင်းသားများသည်လည်း ကိုယ်ပိုင်အချိန်များတွင် ကျောင်း သင်ခန်းစာ ပြင်ပဘာသာရပ်အဖြစ် ရသ၊ သုတဆိုင်ရာ စာပေများကို ဖတ်ရှုလေ့လာသင်ယူခြင်းဖြင့် ထူးချွန်ထက် မြက်လာစေပြီး ပုခုံးပြောင်းတာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ကြပေမည်။ သို့မှသာ နိုင်ငံတော်၏ အချုပ်အ ခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် တရားဥပဒေစိုးမိုးရေးတို့ကို ပြည့်ဝစွာ ဖော်ဆောင်နိုင်ပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားလာကာ တိုင်းရင်းသားပြည်သူများအ တွက် အစဉ် အေးချမ်းသာယာသော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ရရှိနိုင်မည်ဖြစ်ပေသည်။