ဩဂုတ်လ ၁၄ရက်နေ့၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြဝတီမြို့တွင် ရေဘေးကြောင့် အိုးအိမ်မဲ့သွားသူ လူဦးရေ ၄ဝခန့်မှာ ယခုအချိန်ထိ မည်သည့်အကူအညီမှ မရရှိသဖြင့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကြခတ္တောဗောဓိကျောင်းတိုက်တွင် ခိုလှုံနေရပြီး သံဃာတော်များမှ ဆွမ်းခံ၍ တာဝန်ယူ ကျွေးမွေးစောင့် ရှောက်ထားရကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
၎င်းကျောင်းတိုက်မှ ဆရာတော်ဦးသာသနက “ဒုက္ခသည်တွေနေစရာ အိမ်လည်းမရှိတော့ဘူး။ အိမ်ပြန်ဆောက်စရာ ပိုက်ဆံ လည်း မရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့က လက်ခံထားတာ။ စေတနာရှင်တွေ လှူထားတဲ့ ဆန်အိတ် ၃၀ကျော် ရှိသေးတယ်။ ဒီမှာလည်း သံဃာအပါး ၇၀ကျော်ရှိတော့ ဆွမ်းခံရင်း စားသောက်ရေးအတွက်က အဆင်ပြေတယ်။ မနက်စာ ညစာ ကျွေးနိုင်တယ်”ဟု ကေအိုင်စီသို့ မြွက်ကြားပြောဆိုသည်။
ထို့အပြင် ကျောင်းတိုက်တွင် ခိုလှုံနေရသူများမှာ စားသောက်ရေးအတွက် လတ်တလော၌ ပူပန်ရခြင်းမရှိသေးသော်လည်း ရေဘေးသင့်သူများအထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပါ ပါဝင်နေသဖြင့် ၎င်းတို့၏ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အခက်အခဲရှိနေကြောင်း ဆရာတော်က ဆက်လက် မြွက်ကြားသည်။
ရေဘေးကယ်ဆယ်ရေးအတွက် မြဝတီတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း ၉ခုကို ဩဂုတ်လ ၈ရက်နေ့မှစ၍ ဖျက်သိမ်းလိုက်ပြီးနောက် အိုးအိမ်မဲ့သွားသူများကို နေရာချထားပေးမည်ဟုဆိုသော်လည်း ယခုအချိန်ထိ မည်သည့်အဖွဲ့အစည်း မှ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း ရေဘေးကြောင့် အိုးအိမ်မဲ့သွားသူများက ပြောဆိုနေကြသည်။
အိုးအိမ်မဲ့သွားပြီး လက်ရှိကျောင်းတိုက်တွင် ခိုလှုံနေရသူတစ်ဦးဖြစ်သော ရပ်ကွက်(၂)နေ ဒေါ်ဝတုတ်က “ကျမတို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ ပြီးတော့ ကိုယ့်နေရာကိုယ်ပြန်နေကြတဲ့။ ကျမတို့နေစရာအိမ်မှ မရှိ တော့တာ ဘယ်မှာပြန်နေရမှာလဲ။ အကူအညီပေးမယ်ဆိုပြီးတော့ အခု ဘာသံမှမကြားတော့ဘူး။”ဟု ပြောသည်။
ရေဘေးဒဏ်ခံရသော မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းအတွင်းရှိ အရေးပေါ်လိုအပ်သည့် အကူ အညီများကို အစိုးရနှင့် စေတနာရှင်များက ကူညီခဲ့ကြသော်လည်း လက်တွေ့တွင် ထိရောက်သော ကူညီထောက်ပံ့မှုများ မရရှိခဲ့ ကြောင်း ဒေါ်ဝတုတ်က ဆက်ပြောသည်။

အစိုးရမဟုတ်သည့် အဖွဲ့အစည်း(အဲန်ဂျီအို)နှင့် နီးစပ်သူတစ်ဦးက “အစိုးရဘက်က မြဝတီမှာ အကူအညီတွေ မလိုအပ်တော့ပါ ဘူးဆိုပြီး ပြောလိုက်တဲ့အခါကျတော့ အဲန်ဂျီအိုတွေကလည်း မြဝတီကနေ ကြာအင်းဆိပ်ကြီးဘက်က ရေဘေးသင့်သူတွေဆီ သွားကူနေကြတာပေါ့။”ဟု ဆိုသည်။
ဇူလိုင်လ ၂၇ရက်နေ့မှစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြဝတီမြို့အနီးရှိ သောင်ရင်းမြစ်ရေလျှံတက်လာကာ မြို့တွင်း၌ ရေ ၁၄ပေခန့်မြင့်တက်၍ မြို့ထက်ဝက်နီးပါး ရေဘေးသင့်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှ ထိုင်းစစ်တပ်နှင့် ထိုင်း ကြက်ခြေနီအဖွဲ့များက စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လာရောက်ကူညီထောက်ပံ့ပေးခဲ့သည်ဟု မြဝတီမှ ရဲအရာ ရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ရေကြီးမှုကြောင့် မြဝတီမြို့အတွင်း ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်စာရင်းကို အတိအကျ အတည်မပြုနိုင်သော် လည်း လူပေါင်းသောင်းနှင့်ချီ ရေဘေးကြုံတွေ့ခဲ့ရသည်ဟု မြို့ခံများက ခန့်မှန်းပြောဆိုနေကြသည်။


















