ဇူလိုင်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်လုံး ကျွတ် အပစ်အခတ်ရပ် စဲရေး သဘောတူ လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ အဆင့်သို့ တက်လှမ်းရန် မြန်မာအစိုးရ အား တိုက်တွန်းသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က ဇူလိုင်လ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။
လက်ရှိ တိုင်းရင်းလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုမှာ အဖွဲ့တဖွဲ့ချင်းစီ အပစ် ရပ်အဆင့်ထဲတွင်သာ ရပ်မသွားဘဲ ထိုထက်ပိုသည့် နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့ဆက်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ယင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်ထုတ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က “ကျနော်တို့ရဲ့ ပဋိပက္ခပြဿနာ၊ ပြည်တွင်း စစ်ပြဿနာဟာ နိုင်ငံရေး ပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿ နာတွေကို ဖြေရှင်းနိုင်မှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်။ ဒါကြောင့် တနိုင်ငံလုံး ပြည်တွင်းစစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲကို တက်လှမ်းရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ပူးတွဲကြေညာချက်အရ ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ ‘ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်’ဆို သည့် မူအတိုင်း အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တဖွဲ့ချင်းစီ အသီးသီးမှလည်း ထို့နည်းတူ ၎င်းတို့၏ အမျိုးသားရေးအတွက် လုပ် ဆောင်သွားရမည်ဖြစ်သည်ဟု မန်းငြိမ်းမောင်က ဆက်ပြောသည်။
KNU နှင့် RCSS/SSA တို့သည် ယခု ဇူလိုင်လ ၁၅ရက်မှ ၁၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် သုံးရက်ကြာ တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ပြီးနောက် ပူးတွဲကြေညာချက်ကို ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
RCSS/SSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောဝ်စိုင်းက “ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အစိုးရနဲ့ ရှေ့ ဆက် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အတွက် အစိုးရရဲ့ ကမ်းလှမ်းထားချက်အရ ဘယ်လိုနည်းနဲ့ ပူးပေါင်းလုပ်သွားမလဲဆိုတာ အဓိက ဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
အစိုးရအနေဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြုလုပ်သွားရမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် အဓိ ကကျသည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်အပါအဝင် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့များ၊ လွှတ်တော်နှင့် အစိုးရစစ်တပ် စသည်တို့ ပါဝင်ရမည်ဖြစ်ကြောင်းလည်း ၎င်းပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
ထို့အပြင် ယခုထုတ်ပြန်သည့် ပူးတွဲကြေညာချက်သည် KNU နှင့် RCSS/SSA အဖွဲ့တို့၏ သဘောထားသာ မဟုတ်ဘဲ အခြား တိုင်းရင်းသားအဖွဲ့များ၏ အကြံပေးချက်များလည်း ပါဝင်သည်ဟု ဗိုလ်မှူးစိုင်းလော့ဝ်စိုင်းက ဆိုသည်။
KNU သည် ပဏာမ အပစ်အခတ်ရပ်စဲရေးအဖြစ် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့၌ မြန်မာအစိုးရနှင့် သဘောတူခဲ့ပြီး RCSS/ SSA သည် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။


















