မတ်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကရင်လူငယ်ရေးရာဆပ်ကော်မတီ Pantanaw Karen Youth Sub-Committee) မှ ဦးစီး၍ ရန်ကုန် ကရင်လူငယ်များအဖွဲ့အစည်းတစ်ခုဖြစ်သည့် (Youth Circle) လူမှုရေးအဖွဲ့အစည်း(ရန်ကုန်)နှင့် ပူးပေါင်းပြီး ပန်းတနော်မြို့နယ်လုံးဆိုင်ရာ “ကရင်လူငယ်ဖွံ့ဖြိုးရေး သင်တန်း”တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်မည်ဟု သိရှိရသည်။
လာမည့် အနာဂတ်တွင် ကရင်လူငယ်များအား လူမှုပတ်ဝန်းကျင်ဆိုင်ရာ အတွေးအခေါ်များနှင့် ပညာရေးဆိုင်ရာ အသိပညာ များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ယခုလို သင်တန်းများ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပန်းတနော် ကရင်လူငယ်ရေးရာ ဆပ်ကော် မတီ ဥက္ကဌ စောလင်းသူစမ်းက ပြောသည်။
“အခုလို ပြောင်းလဲ ပွင့်လင်းလာတဲ့အခြေအနေမှာ ကိုယ့်ကရင်လူငယ်တွေအနေနဲ့ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးအခြေအနေ၊ ပညာရေးရဲ့ အရေးပါမှု၊ ကိုယ့်ကရင်လူမျိူးတွေရဲ့ အခြေအနေကို ပြန်လည်သိမြင်လာဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီးတော့ ကရင်လူငယ်တွေ ကို ပြန်လည် စုစည်းပြီး ပွင့်လင်းမှု၊ ယုံကြည်မှုတွေနဲ့ ကူညီလုပ်ဆောင်တတ်အောင်လည်း ရည်ရွယ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါသင်တန်းတွင် “လူငယ်နှင့် အနာဂတ်မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် လူငယ်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ကို Youth Circle မှ ဆရာစောဘလက်ဇင် အပါအဝင် အခြားဆရာဆရာမ ၈ဦးဖြင့် မတ်လ ၂၅ရက်မှ ၂၈ရက်နေ့အ ထိ ပန်းတနော်မြို့နယ်၊ စစ်ကိုင်းကျေးရွာအုပ်စုရှိ ထွန်းပပျဉ်ဘိုးကျေးရွာတွင် သင်တန်းပြုလုပ်သွားမည် ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများအား အရည်အချင်း ကန့်သတ်ထားခြင်းမရှိဘဲ စိတ်ပါဝင်စားသူ မည်သည့်ကရင်လူငယ်မဆို တက်ရောက်နိုင်ပြီး နောက်ဆုံးစာရင်းအရ ပန်းတနော်မြို့နယ်အပြင် မြောင်းမြနှင့် အခြားမြို့နယ်အသီးသီးမှ သင်တန်းသူ သင် တန်းသားပေါင်း ၂၅ဝဦးခန့် တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။
စောလင်းသူစမ်းက “အခု ဒီသင်တန်းကို လာတက်တဲ့ သင်တန်းသားတွေဟာ သင်တန်းပြီးရင် မိမိနေတဲ့နေရာတွေမှာ ပြန်လည် အသိပညာပေးဖို့ကို တဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့ရှိပါတယ်။ နောက်ပြီး ပညာထူးချွန်တဲ့ ကျောင်းသူကျောင်းသားတွေ ကို ဆက်လက် ပံ့ပိုးကူညီသွားဖို့ တိုင်ပင်ထားပါတယ်။”ဟု ပြောဆိုသည်။
ထို့အပြင် သင်တန်းရက်အတွင်း သင်တန်းသားများ၏ နေရာနှင့် စားသောက်ရေးကို ကရင်လူငယ်ရေးရာဆပ်ကော်မတီ PKY မှ စီစဉ်ပေးကာ သင်တန်းသားများအနေဖြင့် လိုအပ်သည့် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့် ဆေးဝါးများကိုမူ မိမိအစီအစဉ်ဖြင့် ယူ လာရမည်ဟု ဖိတ်ကြားစာ၌ ဖော်ပြထားသည်။
အလားတူ သင်တန်းမျိုးကို PKY အနေဖြင့် ဆက်လက် ဖွင့်လှစ်သွားရန်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ပညာပေးမှုများ၊ ကွန်ပြူတာနှင့် အဂင်္လိပ်စာ သင်တန်းများကိုပါ သင်ကြားပေးသွားမည်ဟုလည်းသိရသည်။
ပန်းတနော်ကရင်လူငယ်ရေးရာဆပ်ကော်မတီ (PKY)သည် ကရင်လူငယ်များ ဖွံ့ဖြိးတိုးတက်ရေးနှင့် အသိပညာမြင့်မားရေးကို ရည်ရွယ်၍ ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ပန်းတနော်)၏ ဆပ်ကော်မတီတစ်ခုအနေဖြင့် ၂၀၁၂ခုနှစ်၊ မတ်လတွင် စတင် ဖွဲ့စည်းခဲ့သည်။


















