Home သတင်း ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ် ခိုးယူရန် ကြိုးပမ်းသူတစ်ဦးကို ဖမ်းဆီးရမိ

ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ် ခိုးယူရန် ကြိုးပမ်းသူတစ်ဦးကို ဖမ်းဆီးရမိ

1496
ဇန်နဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အရှိ ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းသူတစ်ဦးကို ဇန်နဝါရီလ ၂၆ ရက်‌နေ့၊ မနက် ၁နာရီတွင် မြို့ခံများက ‌နောက်မှလိုက်လံ၍ ဖမ်းဆီးရမိခဲ့သည်ဟု ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့်နီးစပ်သူတစ်ဦးက ‌ပြောသည်။

၎င်းက “အမှတ် ၃ရပ်ကွက်၊ ဦးမုတ်ဆိတ်အိမ်ကို ညက ၁နာရီ‌လောက်မှာ ဆိုင်ကယ်ခိုးဘို့ သူလာတဲ့အချိန်မှာ ဦးမုတ်ဆိတ်က နိုး လာတယ်။ ဦးမုတ်ဆိတ်က သူ့တူ လင်းလင်းနဲ့ ဝတုတ်တို့ နှစ်‌ယောက်ကို‌ခေါ်ပြီး‌တော့ လိုက်တယ်။ ‌နောက် သူခိုးလို့ ‌အော်ကြ ‌တော့ အနီးအနားက လူ‌တွေလည်း ဝိုင်းလိုက်တာ မိသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြို့ခံများက ဆိုင်ကယ်ခိုးရန် ကြိုးပမ်းသူကို နှင်းဆီလမ်းအထွက် ၅လမ်းတွင် ဝိုင်းဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမိချိန်တွင် ဓါးမတစ် လက်၊ ‌ခေါက်ဓါးတစ်လက်၊ ‌ခေါင်းစွပ် တစ်လုံးနှင့် လက်နှိပ်ဓါတ်မီးတစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သူက ဆက်‌ပြောသည်။

အဆိုပါ ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းသူမှာ ဘုရားသုံးဆူမြို့ရှိ ငုဝါလမ်း၊ အမှတ်(၂)ရပ်ကွက်တွင် ‌နေထိုင်သူ အသက် ၄၅နှစ်အ ရွယ် ဦးစိုးဝင်း (‌ခေါ်) ငါး‌ခြောက် (‌ခေါ်) ရည်ဝင်း ဖြစ်ပြီး ၎င်းအား ဖမ်းမိပြီး‌နောက် ရဲစခန်းသို့ လွဲ‌ပြောင်းလိုက်ကာ လက်ရှိတွင် အမှုရင်ဆိုင်‌နေရသည်ဟု သိရသည်။

ထို့အပြင် ဆိုင်ကယ်ခိုးမှုဖြင့် ဖမ်းဆီးခံရသူသည် ယခင်က မွန်ပြည်နယ်၊ ‌ရေးမြို့နယ် အဆင်‌ကျေးရွာတွင် လူသတ်မှုဖြင့် ဝရမ်း ထုတ်ခံထားရသူဖြစ်ကာ ဘုရားသုံးဆူမြို့တွင် လာ‌ရောက်‌နေထိုင်‌နေသူဖြစ်‌ကြောင်း အဆိုပါအစိုးရနှင့် နီးစပ်သူတစ်ဦးက ‌ပြော ဆိုသည်။

လက်ရှိ ဘုရားသုံးဆူမြို့တွင် ‌လောင်းကစားဝိုင်းများဖြစ်ကြသည့် ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီ‌ထောင်ဝိုင်းနှင့် အံဂလုံဝိုင်းများ စသည့် ‌လောင်းကစားဝိုင်းများ အဆက်မပြတ်ရှိသလို ခိုးယူ‌ဖောက်ထွင်းမှု အပါအဝင် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံး‌ပေါက်ကွဲမှု၊ ပြန်‌ပေးဆွဲမှု နှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်ဟု မြို့ခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ရက်‌နေ့ကလည်း မြဝတီမြို့တွင် ယမန်နှစ်က ‌ရွှေဆိုင်လုယက်သွားသူများကို မြဝတီမြို့ ဒုစရိုက်နှိမ်နင်း‌ရေး ရဲဝန်ထမ်းများက ‌ဖော်ထုတ်ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။