ခွဲခြားဆက်ဆံခြင်းသည် ညီညွှတ်မှုကို လိုလားခြင်းမဟုတ်
ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) သည် မြန်မာအစိုးရတပ်၏ နေ့နေ့ညည ထိုးစစ်ဆင်မှုကို မကာကွယ်နိုင်တော့ သည့်အဆုံး ၎င်းတို့၏ အဓိကကျသော ခါရာဘွမ်တောင်ကုန်းကို ယခုလ နောက်ဆုံးပတ်တွင် ဆုတ်ခွာပေးခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီလ ၅ရက်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့ သည့် ကေအဲန်ယူ ခေါင်းဆောင်အချို့ကို နိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်၊ လိုင်ဇာကို မသိမ်းပိုက်ပါဟု ဆိုခဲ့သော်ငြား အချိန်တစ်လပင် မလွန်မြောက်သေးချိန်တွင် ကေအိုင်အေမှ ခါရာဘွမ်ကို လက်တွေ့ပင် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
တစ်ဖက်တွင်လည်း နေပြည်တော်၌ ကျင်းပနေသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကေအိုင်အေကို အပြုတ်တိုက် ချေမှုန်းနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ဟု ဇန်နဝါရီလ ၂၄ရက်နေ့က ပြောဆိုခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့် ထို စကားကို ပြောဆိုသည်မှာ မြန်မာပြည်၏ ပြည်တွင်းစစ်ကို ဆက်လက် သက်ဆိုးရှည်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ချေဖျက်ပစ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးကို လိုလား၍ အကောင်အထည်ဖော်နေပါသည်ဆိုသော ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရအဖွဲ့ သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများနှင့် အပစ်အခတ် ရပ်စဲရေးကို မကြာခင်က ကုန်လွန်ခဲ့သောနှစ်က လုပ်ဆောင်နိုင်ခဲ့ပါလျက် အပစ်ရပ်ရေးထက် နိုင်ငံရေး ဆွေးနွေးလိုသော ကေအိုင်အိုကို အကျေအလည် မညှိနှိုင်းနိုင်ဘဲ ထိုးစစ် ဆင်နေသည်မှာ ကျန်တိုင်းရင်းသားအဖွဲ့များနှင့် စောင့်ကြည့်နေသော ပြည်ပနိုင်ငံများကိုပင် ယုံကြည်မှု နည်းပါးစေသည်။
ထိုကိစ္စအပေါ် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကလည်း ကေအိုင်အေ၏ ဌာနချုပ် အနီးတဝိုက်ကို အစိုးရတပ်မှ စစ်ဆင်တိုက်ခိုက် နေမှုကို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ဇန်နဝါရီလ ၂၄ရက်နေ့က သတင်းကြေညာလိုက်သည်။ အမေရိကန်သံရုံး ကြေညာချက် အပေါ် အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၅ရက်နေ့က သတင်းထုတ်ပြန်ခဲ့ရာတွင် နှစ်နိုင်ငံ အပြန်အလှန် လေး စားမှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို မထိပါးစေရန် နောင် မပြုလုပ်မည်ကို မျှော်လင့်ကြောင်း ဖော်ပြထားသလို နိုင်ငံ တော်အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို တည်ဆောက်နိုင်ရန် ကေအိုင်အို/ကေအိုင်အေ၊ တိုင်းရင်းသားပြည်သူအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဖော်ပြပါရှိသည်။
ဇန်နဝါရီလ ၂၇ရက်နေ့က ရန်ကုန်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ကချင်ဒေသမှ စစ်ပွဲကိစ္စ၊ ကေအိုင်အို/ကေအိုင်အေနှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရဘဲ လက်လျှော့ခဲ့ရကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ရှင်းလင်းပြောကြားခဲ့သည်။ ကချင်ဒေသ တိုက်ပွဲများ တွင် မြန်မာ့တပ်မတော်ဘက်မှ တိုက်လေယာဉ်များ အသုံးပြု ထိုးစစ်ဆင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်အစိုးရနှင့် ကုလ သမဂ္ဂတို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းသည် အဓိပ္ပာယ်လုံးဝမရှိဘဲ ပြည်တွင်းရေး ဝင်စွက်ဖက်ခြင်းသာဖြစ် ကြောင်း၊ စစ်တိုက်ရန် တိုက်လေယာဉ်ဝယ်ထားခြင်းဖြစ်ကြောင်းနှင့် စစ်တိုက်စရာ မရှိလျှင် လူတင်လေယာဉ်များသာ ဝယ်ပြီး ပိုက်ဆံရှာရမည်သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးမှုစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင် သိန်းလင်းက ဇန်နဝါရီလ ၂၉ရက်နေ့က ပြောကြားခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှေ့ဆက်၍ အစိုးရ စိတ်ကြိုက်ခင်းထားသည့် ငြိမ်းချမ်းရေးလမ်းမှန်သမျှ မလိုက်လျောသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို မြန်မာ့တပ်မတော်က ထပ်မံ တိုက်ခိုက်မည့် သဘောဆောင်သည်။ တိုင်းပြည် ကို အုပ်ချုပ်သူများသည် စစ်ရေးထက် နိုင်ငံရေး ဦးဆောင်မှုကို အဓိကထားသူများသာ ဖြစ်သင့်သည်။ မည်သည့်တိုင်းပြည်မဆို အစိုးရသစ်သည် အစိုးရဟောင်း၏ ဆိုးမွေကောင်းမွေကို ချေဖျက်သင့်က ချေဖျက်ရပေမည်။ ပြည်တွင်းစစ်မီးကို မရပ်တန့်သရွေ့ မြန်ပြည်တစ်ဝှမ်း မငြိမ်းချမ်းနိုင်သလို တိုင်းရင်းသားများကို တန်းတူထား မဆက်ဆံဘဲ ခွဲခြားနေခြင်းမှာလည်း ညီညွှတ်ရေးကို မလိုလားရာကျသည့်အတွက် တိုင်းရင်းသားများ၏ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိရန် ဆိုးတူကောင်းဖက် ညှိနှိုင်းလက်တွဲ သွားကြစေချင်ပါသည်။