ဇန်နဝါရီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်ခွဲ သောက်ရေခပ်(၁) ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသ ဖြင့် အရေးပေါ်ကျန်းမာရေး အခြေအနေများ ဖြစ်ပေါ်လာပါက အချိန်မှီ မကုသနိုင်မည်ကို ဒေသခံ ရွာသားများက စိုးရိမ်နေကြသည်။
၎င်းကျေးရွာ ရပ်ကွက်(၁)တွင် နေထိုင်သူ စောစိုင်းနေထွန်းက “ကျနော်တို့ရွာက လူတွေက နေထိုင်မကောင်းရင် မြို့မှာသွားကု ရတယ်။ ရွာမှာက ဆေးပေးခန်းပဲ ရှိတယ်လေ။ ကလေးတွေ ဖျားတာ၊ အမျိုးသမီးတွေ မီးမဖွားနိုင်တာဆို ရွာမှာကုမရတော့ အနီး ဆုံး တောင်မြို့က ဆေးရုံကို သွားကြရတယ်။ လူနာအချိန်မှီ မရောက် ရင်လည်း မြို့က ဆေးဆရာမတွေက ဆူတယ်။ ဒါပေမဲ့ သွားလာရေးက ခက်ခဲတာကိုး”ဟု ကေအိုင်စီသို့ ပြောသည်။
သောက်ရေခပ်(၁) ကျေးရွာသည် ပဲခူးတိုင်း၊ တောင်မြို့နှင့် ၅၂မိုင် ကွာဝေးပြီး တောင်ကုန်းကို ပတ်၍ ဖောက်ထားသော မြေ၊ ကျောက်ခဲများ ထူထပ်သည့် လမ်းကို အသုံးပြုကာ သွားလာရသဖြင့် အရေးပေါ်လူနာများအတွက် အန္တရာယ်ရှိနိုင်သည့်အပြင် သွားလာရေးနှင့် ဆေးကုသစရိတ် အကုန်အကျ များလွန်းသည်ဟု သူက ဆက်ပြောသည်။
“အခုဆို ဆောင်းတွင်းမို့ ငှက်ဖျားပေါတယ်။ ရိုးရိုးအအေးမိရင် တော်ရုံနဲ့ မပျောက်ဘူး။ တောင်မြို့ကိုသွားရင် ကုန်တင်ကားလိုမျိုး နဲ့ မနက် ၈နာရီထွက်ရင် ၁၁နာရီမှ ရောက်တယ်။ လမ်းမကောင်းတော့ ကြာတယ်လေ။ လွိုင်ကော်ဘက်က သွားမယ်ဆိုရင် ကားခက ၆၀၀၀။ မနက်ရွာကထွက်ရင် ညနေမှရောက်တယ်။ မိုးတွင်းဆို ဘယ်ကိုမှ မသွားနိုင်ကြဘူး”ဟု စောစိုင်းနေထွန်းက ပြောသည်။
ထိုဒေသတွင် ကျန်းမာရေးဆိုင်ရာ ကူညီပေးသည့် အဖွဲ့အစည်းများ မရှိသေးသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ ဖြစ်သည့် မေတ္တာ၊ တောင်ဂရုဏာ အဲန်ဂျီအိုအဖွဲ့များနှင့် ကယန်းပြည်သစ်ဖွံ့ဖြိုးတိုးတက်ရေး စသော စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းများ ပို့ချပေးသည့်အဖွဲ့များက ကျေးရွာဆေးပေးခန်းတွင် ဒေသခံများ လိုအပ်သည့် ဆေးဝါးကူညီမှုနှင့် ကျန်းမာရေး ပညာပေးမှု အနည်းငယ်ကိုသာ လုပ်ဆောင်ပေးနိုင်ခဲ့သည့်အတွက် လုံလောက်မှုမရှိကြောင်း ရွာခံများက ပြောဆိုကြသည်။
သောက်ရေခပ်ရွာသည် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်စပ်ကြားတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေး လက်ဒေသဖြစ်၍ မိမိအဖွဲ့အစည်းတစ်ခုအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် အားနည်းနိုင်ကြောင်း၊ အစိုးရအဖွဲ့များနှင့် အဲန် ဂျီအိုအဖွဲ့များအပြင် ကျေးရွာလူထုပါ ပါဝင်လုပ်ဆောင်ပါမှ တိုးတက်မည်ဖြစ်ကြောင်း ကယန်းပြည်သစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လက်ထောက်တာဝန်ခံ ဦးခင်မောင်ထွန်းက ပြောသည်။
သွားလာရေးအပြင် နယ်မြေဒေသ အနေအထားကြောင့် ဆက်သွယ်ရေးအရ ဖုန်းလိုင်းမရသဖြင့် တောတောင်လျှိုမြောင်ထဲတွင် နေထိုင်သူများမှာ ၁၅မိနစ်ခန့် ဆိုင်ကယ်စီးသွားကာ တောင်ပေါ်သို့တက်၍ ဖုန်းဆက်ကြရသဖြင့် ကျန်းမာရေးချို့တဲ့မည်ကို စိုး ရိမ်မှုများ ဖြစ်နေသည်။
ယင်းသို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် သောက်ရေခပ်(၁) ဆည်တည်ဆောက်ရန် လာရောက်ကြည့်ရှုကြသူများ ရှိသော်လည်း ယခုအချိန်ထိ တစုံတရာ အကောင်အထည်ဖော်မှု မရှိသေးကြောင်း သိရသည်။
ကရင်နှင့် ကယန်းလူမျိုး အများစု အိမ်ထောင်စု ၁၈၀ကျော်နေထိုင်သည့် သောက်ရေခပ်(၁) ကျေးရွာတွင် ရွာသူရွာသားများမှာ အဓိကအားဖြင့် ဖာလာ၊ ကော်ဖီ၊ ငြုပ်နှင့် ဓညင်းသီးများ စိုက်ပျိုးလုပ်ကိုင်ကြရပြီး ထိုရွာနှင့် အနီးတဝိုက်ရှိ တောင်ပေါ်ကျေးရွာ များမှာလည်း လက်ရှိအချိန်ထိ တနေရာမှ တနေရာသို့ ခြေလျင်ဖြင့်သာ သွားလာကြရသည်။