ဩဂုတ်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကရင်သတင်းဌာန)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် မြန်မာ အစိုးရတို့အကြား ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း စစ်ရေးကိစ္စနှင့် ပတ်သက်သည့် သဘောတူညီချက် ယခုအချိန်ထိ မရရှိသေးကြောင်း သိရသည်။
KNPP သည် အပစ်ခတ်ရပ်စဲရေးအတွက် ပြည်နယ်အစိုးရနှင့် ၂၀၁၂ခုနှစ်၊ မတ်လ ၇ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး ဇွန်လ ၉ရက်နေ့တွင် ပြည်ထောင်စုအဆင့် အချက် ၁၄ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။
ထိုနှစ်ဖက်သဘောတူညီမှုများထဲတွင် တပ်လှုပ်ရှားမှု၊ တပ်တည်နေရာ၊ တပ်အရွှေ့အပြောင်းကိစ္စနှင့် ပတ်သက်၍ တစုံတရာ သဘောတူ ညီချက် မပါသေးကြောင်း KNPP အတွင်းရေးမှူး (၁) ခူဦးရယ်က ယနေ့ ပြောသည်။
ခူဦးရယ်က “ဒီနေ့ထိ ကျနော်တို့ သဘောတူထားတဲ့ထဲမှာ စစ်ရေးကိစ္စနဲ့ ပတ်သက်လို့ တိတိကျကျ သဘောတူထားတာ တခုမှ မပါသေး ဘူး။ အထူးသဖြင့်တော့ ကျနော်တို့တပ်တွေရဲ့ လှုပ်ရှားမှု၊ တပ်တွေရဲ့တည်နေရာ၊ တပ်တွေရဲ့အရွှေ့အပြောင်းကိစ္စ သဘောတူညီချက် မှာ တခုမှ မပါသေးဘူး”ဟု ပြောဆိုသည်။
လက်ရှိ သဘောတူထားသည့် အပစ်ခတ်ရပ်စဲရေးကိစ္စတွင် စေတနာမှန်ကန်စွာနှင့် နှစ်ဦးနှစ်ဖက် နားလည်မှု တည်ဆောက်နိုင်မှသာလျှင် ရေရှည်သွားနိုင်မည်ဖြစ်ပြီး ယခုဆိုလျှင် အစိုးရတပ်ဘက်မှ စစ်ဆင်ရေးလုပ်ဆောင်သည်ဆိုသည့် အကြောင်းပြချက်နှင့် အောက်ခြေတပ် များကို တချိန်လုံး ညွှန်ကြားလှုပ်ရှားခိုင်းနေသည်ကို မြင်တွေ့နေရဆဲဖြစ်ကြောင်း ခူဦးရယ်က ဆက်ပြောသည်။
အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ဇွန်လ ၂၇ရက်နေ့တွင် KNPP နှင့် အစိုးရတပ်တို့ မော် ချီးဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး KNPP ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်များ ဆုတ်ပေးခြင်းမရှိပါက တိုက်ပွဲများ နောက်ထပ် ဖြစ် ပွားလာနိုင်သည့် အလားအလာရှိကြောင်းလည်း KNPP ခေါင်းဆောင်များက သုံးသပ်ပြောဆိုနေကြသည်။
လတ်တလော KNPP လှုပ်ရှားနယ်မြေအတွင်း အစိုးတပ်များ လှုပ်ရှားမှုပြုနေသည့်အပေါ် KNPP အနေနှင့် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပြီး သည်နှင့် ထိုကိစ္စရပ်များကို အစိုးရနှင့် အဓိကထား ဆွေးနွေးသွားမည်ဟု လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူဒယ်နီယာကလည်း ယခုလို ပြောသည်။
“အစိုးရတပ်တွေရဲ့ လှုပ်ရှားမှုတွေကတော့ အရင်လိုပဲ လှုပ်ရှားနေတာရှိတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူးပေါ့နော်။ ကျနော်တို့အနေနဲ့လည်း ဒီတပ်ကိစ္စကို အဓိကထား လုပ်ဆောင်သွားဖို့ ရှိတယ်”ဟု ရှင်းပြသည်။
KNPP သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူခဲ့ပြီးနောက်ပိုင်း ဇူလိုင်လ ၂၅ရက်နေ့တွင် လွိုင်ကော်၌ ဗဟို ဆက်ဆံရေးရုံးကို ဖွင့်လှစ်ခဲ့ပြီး ၂၇ရက်နေ့တွင် ဖားဆောင်းဆက်ဆံရေးရုံးနှင့် ၃၁ရက်နေ့တွင် ရှားတောဆက်ဆံရေးရုံးတို့ကို ဖွင့်လှစ် နိုင်ခဲ့သည်။
ကရင်နီပြည်နယ်အတွင်း မကြာခင်က ဝင်ရောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ တပ်ရင်း(၆)ရင်းနှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်း ၁ဝရင်းအပြင် စကခ(၇) လက်အောက်ခံ တပ်ရင်း ၄ရင်းတို့ လှုပ်ရှားလျက်ရှိနေသည်ဟု ကန္တာရဝတီ တိုင်း(မ်) သတင်းဌာနတွင် ဖော်ပြထားသည်။

















