ဩဂုတ်လ ၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကရင်သတင်းဌာန)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယခုရက်ပိုင်းအတွင်း လောင်းကစားပန်းသီးပုံး ၃လုံးကို မြို့ခံရဲတပ်ဖွဲ့က သိမ်းယူထားခဲ့သော်လည်း အရေးယူမှုများ မပြုလုပ်မည်ကို မြို့ခံလူထုများက စိုးရိမ်နေကြသည်။
မြို့ခံအမျိုးသားတဦးက “ပန်းသီးပုံးပိုင်ရှင်က ဦးဒေးဗစ် ခေါ် ဦးသောင်းတင် ဘုရားသုံးဆူမြို့ရဲ့ ရပ်ကွက်(၂) အုပ်ချုပ်ရေးရာထူး အတွင်းရေးမှူး ဖြစ်တယ်။ လောလောဆယ် ဖမ်းထားတယ်လို့ ဆိုထားပေမယ့် အခုထိ ဘာမှမလုပ်သေးတာကို သူတို့အချင်းချင်း ညှိပြီး ပြန်ပေးမှာကို ကျနော် တို့ မြို့နေလူထုက စိုးတယ်”ဟု ကရင်သတင်းဌာနသို့ ပြောသည်။
အဆိုပါပန်းသီးပုံးသည် ဘုရားသုံးဆူမြို့ အခြေစိုက် မြန်မာစစ်တပ်ဂိတ်အနီးရှိ ရပ်ကွက်(၁) အထည်ချုပ်စက်ရုံ ဦးနီပွန်တန်းလျားတွင် ဖွင့်လှစ် ထားပြီး ဇူလိုင်လ ၃၁ရက်နေ့၊ ည ၇နာရီကျော်၌ မြို့ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သုံးဘီးကားဖြင့် သွားရောက်သယ်ယူခဲ့ခြင်းဖြစ်သည်ဟု သူက ဖြည့်စွက်ပြောဆိုသည်။
ဘုရားသုံးဆူမြို့၊ ရွှေဥဒေါင်းကန်၊ ဘုန်းကြီးကျောင်းအနီးရှိ ခဏစောင့် နှုတ်ခမ်းမွှေးဆိုင်တွင် လောင်းကစားခြင်း၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ ခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းများ ကျယ်ပြန့်များပြားလာသကဲ့သို အများအားဖြင့် မြန်မာစစ်တပ်မှ တပ်မတော်သားများနှင့် ကျောင်းသား ကျောင်းသူလူငယ်များ လာရောက်ကစားကြသည်ဟု သည်ဟုလည်း ဘုရားသုံးဆူမြို့မှ အစိုးရနှင့် နီးစပ်သူတဦးက ပြောသည်။
“ရွှေဥဒေါင်းကန်မှာဖြစ်တဲ့ ကိစ္စကို လူထုတွေကို တော်တော်ဝေဖန်ကြတယ်။ ဒီကိစ္စကို နေပြည်တော်ကို တင်ပြထားတယ်။ အရေးယူမှုတွေ ဘယ်လိုလာမလဲတော့ မသိဘူး။ အခု ရွှေဥဒေါင်းကန်မှာဖြစ်တာက ဘုန်းကြီးကျောင်းကော၊ ဘုရားနဲ့လည်းနီးတော့ လုံးဝ မဖြစ်သင့်ဘူးလို့ လူထုတွေ ကန့်ကွက်ကြတယ်”ဟု သူက ဆိုသည်။
ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံး အပါအဝင် အနီထောင်၊ အံဂလုံနှင့် ဖဲ စသည့်လောင်းကစားဝိုင်းများကို မြို့နေရာအနှံ့တွင် ဖွင့်လှစ်ထားပြီး ပန်းသီးပုံးလောင်းကစားဝိုင်းမှာ ဝိုင်းပေါင်း ၅၀ဝခန့်ရှိရာ တစ်ပုံးလျှင် ထိုင်းဘတ်ငွေ ၅၀ဝနှုန်းဖြင့် မြို့နယ်အာဏာပိုင်များထံ လစဉ် အခွန်အဖြစ် ပေးဆောင်ရသည်ဟု သိရသည်။
၎င်းပန်းသီးပုံးလောင်းကစားဝိုင်းကို ယခင်က ထိုင်းစီးပွားရေး လုပ်ငန်းရှင်တို့ကသာ ဖွင့်လှစ်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ၊ ကရင်နှင့် မွန် စီးပွားရေးလုပ်ငန်းရှင်များက ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်လာကြကာ ဆိုးကျိုးများအဖြစ် ဘုရားသုံးဆူမြို့နှင့် အနီးတဝိုက်တွင် ပြန်ပေးဆွဲမှု၊ ဓါးပြတိုက်မှု၊ လုယက်မှု၊ ခိုးဝှက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိကြောင်း မြို့ခံများက ပြောကြသည်။
ဇူလိုင် ၁ရက်နေ့က ဘုရားသုံးဆူမြို့တွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးမှ တာဝန်ရှိသူ ၄ဦး လာရောက်စစ်ဆေးခဲ့သေးသော်လည်း တစုံတရာ အရေးယူမှုများ မရှိခဲ့ပေ။

















