ဗမာပြည်၌ ပြည်တွင်း ငြိမ်းချမ်းရေးကို လက်နက်ကိုင်တော်လှန်ရေးနှင့် ဒီမိုကရေစီ အတိုက်အခံအင်အားစု အဖွဲ့အစည်း အသီးသီးက အစိုးရနှင့် တရားဝင် ထိပ်တိုက် ရင်ဆိုင်ကာ ပြောဆိုနေကြပေပြီ။ ငြိမ်းချမ်းရေးအတွက် ယခုနှစ်စကတည်းက ဆွေးနွေး အကောင်အထည် ဖော်နေကြသည့် အစိုးရဝန်ကြီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ပြောင်းလဲ မှုတချို့ ရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲ မဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်ပ ကမ္ဘာသို့ ခရီးထွက်ခွာနိုင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ အပါအဝင် နော်ဝေ၊ အိုင်ယာလန်နှင့် သူမ၏ ၆၇နှစ်မြောက် မွေးနေ့ပွဲကျင်းပရာ ယူကေနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာလည်း ထူးခြားသည့် ပြောင်းလဲမှုဟု ဆိုနိုင်သည်။
စစ်ခေါင်းဆောင်မှ အရပ်သားအစိုးရ ဖြစ်လာသည့် သမ္မတ ဦးသိန်းစိန်၏ တနှစ်ကျော်ကြာ အစိုးရသက်တမ်းအတွင်း ပွင့်လင်းလူ့အဖွဲ့အ စည်း ဦးမော့လာသော မျက်မှောက်ကာလ၌ ၈၈မျိုးဆက်ကျောင်းသားများကလည်း လူထုတွင်း ကွင်းဆင်းကာ ပံ့ပိုးကူညီရင်း စည်းရုံး ဟောပြောလာနိုင်ခဲ့ကြသည်။ ယင်းသို့ ပြောင်းလဲလာသည့် အရိပ်အယောင်နှင့်အတူ တစ်ဖက်တွင်လည်း ကချင်၊ သျှမ်း၊ ကရင်ဒေသများ မှာ မငြိမ်းချမ်းသည့် တိုက်ပွဲသံများကို ထပ်မံ ကြားသိနေရပြီး လူထုအချို့ အသက်အန္တရာယ် မလုံမခြုံ ဖြစ်ရသည်။ ပစ္စက္ခတ် နိုင်ငံရေး အခြေအနေမှာ အရာရာ ယုံကြည်ကိုးစား၍ မရသေးကြောင်း စောင့်ကြည့်လေ့လာသူများ၊ အလွှာအတန်းစား အသီးသီးမှ လူထုများက လည်း ရိပ်စားမိကြသည်။
ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရဘက်မှ တတ်သိပညာရှင်များနှင့် ငွေရှင်ဓနရှင် စီးပွားရေးလုပ်ငန်းရှင် အကျိုးတော်ဆောင်များက နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် အချိန်တိုင်း ပါဝင်လျှက်ရှိနေသည်မှာ နိုင်ငံရေးအကဲခတ်များအတွက် စဉ်းစားစရာ ဖြစ်လာနေသည်။ သို့သော် နှစ်ပေါင်းများစွာ မငြိမ်းချမ်းမှုကို ခါးသီး ခံစားလာခဲ့ရပြီး လက်ရှိ ဖြစ်စဉ်တွင် ပြောင်းလဲမှုကို အမှန်တကယ် လိုလားနေကြသည့် ပြည်သူများကမူ ယခုထိတိုင် လယ်ယာမြေ ဥယျာဉ်ခြံမြေများ ဆုံးရှုံးနေရဆဲ၊ လုပ်ငန်းခွင်မှ အလုပ်သမားများက အလုပ်ရှင်ပေးသည့် မလောက်မငှ လစာဖြင့် ရပ်တည်နေရဆဲ၊ ဗမာပြည် အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲ၊ ရပ်ရွာအတွင်း အကြမ်း ဖက်မှု ဆိုးရွားပြင်းထန်ခြင်းကို ရခိုင်ပြည်နယ်၌ ကြုံဆုံနေရဆဲအပြင် နယ်စပ်မှ စစ်ပြေးဒုက္ခသည်များ၏ဘဝမှာလည်း အရာရာ မွန်းကြပ် ခက်ခဲနေဆဲပင်။
ဤမြေမှာနေ၊ ဤရေကိုသောက်၊ ဤတိုင်းပြည်တွင် မွေးဖွားကြသည့် ဗမာပြည်ရှိ အုပ်ချုပ်ခံလူထုအနေဖြင့် အုပ်ချုပ်သူ အစိုးရ၏ ပြည် တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တစ်ထောင့်တစ်နေရာ၊ တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လိုကြသည်။ ငြိမ်းချမ်းရေး၏ အနှစ်သာရကို ဖော်ဆောင်ကာ မြင်တွေ့၊ ခံစားလိုကြသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် ကြားခံ အဟန့်အတားဖြစ်နေသည့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ကို အစိုးရအဖွဲ့တွင် ဩဇာတိက္ကမ ကြီးမားသူ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဖျက်သိမ်းပြီး တိုင်းသိပြည်သိ ထုတ်ပြန်ကြေညာရမည်ဖြစ်သည်။
မအေးချမ်းသေးသည့် တိုင်းရေးပြည်ရေး ဆွေးနွေးရာတွင် ပြဿနာ၏ အဓိက အရင်းအမြစ်နှင့် ဖြေရှင်းနိုင်သည့် နည်းလမ်းကောင်းကို သိရှိရမည် ဖြစ်သည်။ ဆေးရှိသော်ငြား အနာမသိလျှင် ကုသမှုက ထိရောက်မည် မဟုတ်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံရပ်တည်၍ တိုက်ပွဲဝင်လာခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အစိုးရနှင့် ဆွေးနွေးရာတွင် မိမိတို့၏ ရပ်တည်လိုလားချက်ကို မမေ့မလျော့ ထည့်သွင်းတောင်းဆို ဖော်ပြသင့်သည်။ ၎င်းအပြင် သမ္မတ ပါဝင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း တရားဥပဒေစိုးမိုးမှုကို လေးစားရိုသေသောအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရိုးသားပြီး စေတနာမှန်စွာ လုပ်ဆောင်ရင်း ငြိမ်းချမ်းရေးကို လွတ်လပ်ပွင့်လင်းစွာ တည်ဆောက်သွားသင့်ပေသည်။