Home သတင်း တိုက်ပွဲရပ်တန့်‌ပေးရန်ကချင်အဖွဲ့များ ဘန်‌ကောက်တွင် ဆန္ဒပြ‌တောင်းဆို

တိုက်ပွဲရပ်တန့်‌ပေးရန်ကချင်အဖွဲ့များ ဘန်‌ကောက်တွင် ဆန္ဒပြ‌တောင်းဆို

2591
ဇွန်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ပြည်‌ထောင်စုမြန်မာနိုင်ငံ‌တော် သမ္မတဦးသိန်းစိန်အစိုးရအ‌နေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများ ချက်ချင်းရပ်တန့် ‌ပေးရန် ကချင်တိုင်းရင်းသားအဖွဲ့အစည်းများက ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံး‌ရှေ့တွင် ယ‌နေ့ ဆန္ဒပြ‌တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံရှိ ကချင်တိုင်းရင်းသားအဖွဲ့အစည်းများမှ အဖွဲ့ဝင်‌ပေါင်း ၄၀‌ကျော်က မြန်မာသံရုံး‌ရှေ့တွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေ သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အလိုမရှိကြ‌ကြောင်း ယ‌နေ့မနက် ၁ဝနာရီခွဲမှစတင်ပြီး ၁၁နာရီခွဲအထိ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ကချင်အမျိုးသမီးအဖွဲ့-ထိုင်းနိုင်ငံ(KWAT) တွဲဖက်တာဝန်ခံ ‌ခေါင်ဆိုင်းပန်က “ကချင်စစ်ပွဲဟာ (အစိုးရက) ပြည် သူ‌တွေကို အဓိက ပစ်မှတ်လုပ်ပြီး‌တော့မှ တိုက်‌နေတယ်။ ဒါ‌ကြောင့် ရပ်တန့်ဖို့ ကျမတို့ ‌တောင်းဆိုတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံ‌ပေါင်း ၂၀‌ကျော်တွင် ‌ရောက်ရှိ‌နေသည့် ကချင်တိုင်းရင်းသားအဖွဲ့အစည်း‌ပေါင်း ၆၀‌ကျော် စု‌ပေါင်း ကာ ကချင်ပြည်နယ်တွင် ဖြစ်‌ပေါ်‌နေ‌သော လူမှု‌ဘေးဒုက္ခများ ချက်ချင်း ရပ်တန့်‌ပေးရန် ‌တောင်းဆိုထားသည့်စာကိုလည်း သမ္မတ ဦးသိန်း စိန်ထံ မြန်မာသံရုံးမှတဆင့် ‌ပေးပို့လိုက်ပြီဖြစ်‌ကြောင်းလည်း ‌ခေါင်ဆိုင်းပန်က ရှင်းပြသည်။

ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIA နှင့် မြန်မာအစိုးရတို့အကြား ၁၇နှစ်ကြာ အပစ်ခတ်ရပ်စဲပြီး‌နောက်ပိုင်း ၂၀၁၁ခုနှစ်၊ ဇွန်လမှစ၍ နှစ်ဖက် တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး ယခုလတွင် တနှစ်ပြည့်‌တော့မည်ဖြစ်‌သော်လည်း တိုက်ခိုက်မှုနှင့် လူ့အခွင့်အ‌ရေးများ ဆက်လက် ဖြစ်ပွား လျှက်ရှိ‌သော‌ကြောင့် ရပ်တန့်ရန် လိုအပ်ပြီဖြစ်‌ကြောင်း ကချင်‌ကျောင်းသားများနှင့် လူငယ်အစည်းအရုံး (All Kachin Students and Youth Union)မှ ကို‌နော်ဆန်းကလည်း ‌ပြောသည်။

“ဒီတနှစ်အ‌တောအတွင်းမှာ ရွာမီးရှို့ခံ‌နေရတာ‌တွေ၊ ဒုက္ခသည်‌တွေ၊ က‌လေးငယ်‌တွေများစွာ ဒုက္ခ‌ရောက်ရပြီး အမျိုးသမီး‌တွေ အတင်းအ ဓမ္မ ‌စော်ကားခံရတာ‌တွေ၊ သတ်ဖြတ်ခံရတာ‌တွေနဲ့ တိုက်ပွဲ‌တွေအားလုံးရပ်တန့်‌ပေးဖို့ ကျ‌နော်တို့အ‌နေနဲ့ (မြန်မာအစိုးရကို) တင်ပြ‌တောင်း ဆိုတယ်။”ဟု ‌ပြောဆိုသည်။

ယ‌နေ့ဆန္ဒပြ‌တောင်းဆိုမှုကို ထိုင်းအစိုးရနှင့် တရားဝင် တိုင်ကြားထားပြီးမှသာ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သဖြင့် လုံခြုံ‌ရေးအရ လာ‌ရောက် ကြည့်ရှုခြင်းမှလွဲ၍ တားဆီးဟန့်တားခြင်း တစုံတရာမရှိ‌ကြောင်း သိရသည်။

အလားတူ ဆန္ဒပြ‌တောင်းဆိုမှုမျိုးကို ဒိန်းမတ်၊ အဂင်္လန်၊ အ‌မေရိကန်၊ ဂျပန်နိုင်ငံမှ ကချင်အဖွဲ့အစည်းများကလည်း ပြုလုပ်ဖို့စီစဉ်‌နေကြ ‌ကြောင်း ‌ခေါင်ဆိုင်းပန်၏ ‌ပြောစကားအရ သိရသည်။

KIA သည် ၁၉၉၄ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်ထိုးခဲ့ပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံနှင့်အညီ တက် လာသည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၌ နိုင်ငံ‌ရေးတင်းမာမှုရှိလာပြီး အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားကာ ၂၀၁၁ခုနှစ်၊ ဇွန်လ တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။